စစ်ကိုင်းတိုင်း မြို့နယ် ၄ ခုတွင် ကိုဗစ်လူနာ ၁၀ ဦးထပ်တိုး

0
14

အိအိဖြိုး
မုံရွာ၊ အောက်တိုဘာ – ၁၄

စစ်ကိုင်းတိုင်းအတွင်း ကိုဗစ်လူနာ ၁၀ဦးထပ်တိုးကြောင်း တိုင်း COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ထပ်တိုးလူနာများမှာ ခင်ဦးမြို့နယ်တွင် ၃ ဦး၊ ချောင်းဦးမြို့နယ်တွင် ၃ ဦး၊ စစ်ကိုင်းမြို့နယ်တွင် ၂ ဦး၊ ကနီမြို့နယ်တွင် ၂ ဦးတို့ဖြစ်သည်။

ခင်ဦးမြို့နယ်အတွင်း မန်ကျည်းအုပ်ကျေးရွာအုပ်စု၊ သရက်ပင်စုကျေးရွာမှ လူနာများသည် ရန်ကုန်ပြန်များဖြစ်ပြီး ကျေးရွာစာသင်ကျောင်းတွင် Quarantine ဝင်နေသူများဖြစ်ကြသည်။

” ​ရောက်ရောက်ချင်း Quarantine ဝင်တာဆို​တော့ ထိတွေ့သူမရှိပါဘူး။ သူတို့ကို Swab ယူတဲ့သူကိုတော့ Quarantine ထားပြီး ဆေးစစ်သွားမှာပါ”ဟု ခင်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချိုလင်းအောင်က ပြောသည်။

ချောင်းဦးမြို့နယ်အတွင်း ရွှေကူကျေးရွာမှ ပိုးတွေ့လူနာများသည် ရန်ကုန်၊ ​ရွှေပြည်သာမြို့နယ်မှ ပြန်လာပြီး ရွှေကူကျေးရွာဓမ္မာရုံတွင် Quarantine ဝင်နေသူဖြစ်သည်။

“ပြန်လာတာ လေးဦးမှာ သုံးဦးပဲပိုးတွေ့တယ်။​ ချောင်းဦးရောက်တာနဲ့ လူမှုရေးအသင်းကားတွေနဲ့သွားခေါ်တော့ ထိတွေ့သူတော့မရှိပါဘူး”ဟု ချောင်းဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်ကပြောသည်။

စစ်ကိုင်းမြို့၊ နန္ဒဝန်ရက်ရပ်ကွက်၊ ချင်းစုရပ်မှ ပိုးတွေ့လူနာများသည် ရန်ကုန်မှပြန်လာပြီး Quarantine ဝင်နေသူများဖြစ်သည်။

“သူတို့ရောက်ရောက်ချင်း ဒီကလူမှုရေးအသင်းကားတွေက သွားကြိုကြတယ်။ ဒါ့ကြောင့် ဒီမှာတော့ ထိတွေ့မှုမရှိပါဘူး”ဟု စစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက ပြောသည်။

ကနီမြို့နယ်အတွင်း လယ်ရှည်ကျေးရွာနှင့် ချောင်းမကျေးရွာတို့မှ ပိုးတွေ့လူနာများသည် ရန်ကုန်မှပြန်လာပြီး သက်ဆိုင်ရာနေရာများတွင် Quarantine ဝင်နေကြသူများဖြစ်သည်။

ယနေ့နံနက်အထိ စစ်ကိုင်းတိုင်း၌ မြို့နယ် ၂၃ ခုတွင် ဓာတ်ခွဲအတည်ပြု ကိုဗစ်လူနာ ၂၂၆ ဦးစာရင်းရှိထားသည်

၎င်းတို့ထဲတွင် ၃၂ ဦးသည် ကလေးမြို့နယ်မှဖြစ်ပြီး စစ်ကိုင်းတိုင်း၌ ပိုးတွေ့လူနာအများဆုံးမြို့နယ်ဖြစ်သည်

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်၂၀ မှ ပိုးတွေ့လူနာများတွင် လူနာ ၉၉ ဦးဆေးရုံဆင်းပြီ ဖြစ်သည်။