စစ်ပွဲကပေးတဲ့ စိတ်ဒဏ်ရာ

0
92

ကျော်လတ် ရေးသည်။

‘War is drug’ စစ်ဆိုတာ မူးယစ်ဆေးပဲတဲ့။ စစ်ပွဲကို ဆင်နွှဲနေရတဲ့သူတွေဟာ စစ်တိုက်ရတာကို မသိစိတ်ထဲကနေ စွဲလန်းသွားတတ်ပါသတဲ့။ စစ်ပွဲတွေပြီးလို့ စစ်မတိုက်ရတော့တဲ့အချိန်တွေမှာတောင် စစ်ကို စွဲလန်းနေပြီး သာမန်ပတ်ဝန်းကျင်မှာ မပျော်ပိုက်တော့ပါဘူးတဲ့။ စစ်ရဲ့အနိဋ္ဌာရုံမြင်ကွင်းတွေကို မမေ့ပျောက်နိုင်ဘဲ စစ်ပွဲရဲ့နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ စိတ်ရောဂါတစ်မျိုးမျိုး ရသွားတတ်ကြပါတယ်။

ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာတော့ ဒီလိုစိတ်ရောဂါတွေကို စနစ်တကျကုသပေးကြလို့ စိုးရိမ်စရာမရှိပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေမှာတော့ ဒါတွေဟာ စိတ်မအေးစရာပါပဲ။ စစ်ဆိုတာ ဘယ်ဘက်ကကြည့်ကြည့် ကောင်းကျိုးထက် ဆိုးကျိုးကများပါတယ်။

ဒီတစ်ပတ်တော့ ဟောလိဝုဒ်က စစ်နဲ့ဆိုင်တဲ့ ဇာတ်ကားလေးတစ်ကား ညွှန်းဆိုပေးပါရစေ။ ဇာတ်ကားရဲ့နာမည်က The Last Full Measure ပါ။ ၂၀၁၉ က ထွက်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကမ္ဘာကျော် ဗီယက်နမ်စစ်ပွဲမှာဆင်နွှဲခဲ့တဲ့ အမေရိကန်စစ်သည်တွေရဲ့ အဖြစ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားတာပါ။

(၁)

ဗီယက်နမ်စစ်ပွဲကို ဒုတိယအင်ဒိုချိုင်းနားစစ်ပွဲလို့လည်း ခေါ်ကြပါသေးတယ်။ မြောက်ဗီယက်နမ်နဲ့တောင် ဗီယက်နမ်တို့ကြား ဖြစ်တဲ့စစ်ပွဲပါ။ မြောက်ဗီယက်နမ်ဘက်က အဲဒီအချိန်က မပြိုကွဲသေးတဲ့ ဆိုဗီယက်ရယ်၊ တရုတ်ရယ်၊ အခြားကွန်မြူနစ်မဟာမိတ်တွေက ကူညီတိုက်ခိုက်ပေးပါတယ်။ တောင်ဗီယက်နမ်ဘက်ကတော့ အမေရိကန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ သြစတေးလျ၊ ထိုင်းနဲ့ အခြားကွန်မြူနစ်ဆန့်ကျင်တဲ့နိုင်ငံတွေ ပါဝင်တိုက်ခိုက်ကြပါတယ်။ ၁၉၅၅ ခု၊ နိုဝင်ဘာ ၁ ရက်က စတင်ဖြစ်လိုက်တဲ့ ဒီစစ်ပွဲကြီးဟာတောင်ဗီယက်နမ်ရဲ့မြို့တော် ဆိုင်ဂုံကျသွားတဲ့ ၁၉၇၅ ဧပြီ ၃၀ ရက်ကျမှ ပြီးဆုံးသွားပါတယ်။ နှစ် ၂၀ နီးပါးကြာမြင့်တဲ့ စစ်ပွဲကြီး ဖြစ်ပါတယ်။ ကမ္ဘာ့စစ်အင်အားကြီး အမေရိကန် အရှက်တကွဲဖြစ်ခဲ့ရတဲ့ စစ်ပွဲကြီးပါပဲ။ အသေအကြေ၊ အပျက်အစီးများခဲ့ရတဲ့ စစ်ပွဲကြီးလည်း ဖြစ်ပါတယ်။

၁၉၆၆ ခု၊ ဧပြီ ၁၁ ရက်။ ဗီယက်နမ်စစ်မြေပြင်တောတွင်းတစ်နေရာ။ အမေရိကန်စစ်တပ်ရဲ့ အမှတ် (၁၆) တပ်ရင်းရဲ့ ချာလီတပ်ခွဲဟာ”အဘယ်လိန်း” လို့နာမည်ပေးထားတဲ့ စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲကြပါတယ်။ စစ်ဆင်ရေးအဖြစ် ရန်သူကိုခြေရာခံဖို့ တောတွင်းကို သတိကြီးစွာတဖြည်းဖြည်း တိုးဝင်နေကြတယ်။ သားကောင်ကို ခြေရာခံရင်း သူတို့ကိုယ်တိုင် သားကောင်ဖြစ်သွားကြတယ်။ သူတို့ဟာ မြောက်ဗီယက်နမ်တပ်တွေရဲ့ သတ်ကွင်းထဲကို တည့်တည့်ကြီး ဝင်တိုးမိရက်သား ဖြစ်သွားပါတယ်။ မြောက်ဗီယက်နမ်တပ်သားတွေဟာ မြေကြီးထဲမှာ ပုန်းသူကပုန်း၊ သစ်ပင်ပေါ်က စောင့်နေသူကစောင့်နဲ့ သူတို့တပ်ခွဲကို အမဲဖျက်ဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။

ဘာပြောကောင်းမလဲ ပတ်ပတ်လည်ဝိုင်းပစ်လိုက်တာ။ အပေါ်တွေကရော၊ မြေကျင်းတွေထဲကရော၊ သစ်ပင်ပေါ်တွေကရော ပစ်လိုက်တာ ချာလီတပ်ခွဲတစ်ခုလုံး အတုံးအရုန်းပါပဲ။ ခြုံခိုအတိုက်ခံရတဲ့အတွက် အယောက် ၃၀ ကျော် တိုက်ပွဲမှာတင်ကျတယ်။ ဒဏ်ရာရသူတွေကလည်း အများကြီး။ ၈၀ ရာခိုင်နှုန်းလောက် ဒဏ်ရာရတယ်လို့ဆိုပါတယ်။ တကယ်ဆို တပ်ခွဲတစ်ခုလုံး တိုက်ပွဲကျမှာပါ။ တပ်ခွဲတစ်ခုလုံး မကျအောင် ကူညီခဲ့တာက လေတပ်သားတစ်ယောက်ပါ။ သူ့အသက်ကို မငဲ့ဘဲ ချာလီတပ်ခွဲက တပ်သား အယောက် ၆၀ ကျော်ကို ကယ်နိုင်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေးဟာလည်း ဗီယက်နမ်စစ်ပွဲရဲ့ သွေးထွက်သံယိုအများဆုံး စစ်ဆင်ရေးတွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။

အဲဒီလေတပ်သားရဲ့နာမည်က ပစ်ဆင်ဘာဂါဖြစ်ပါတယ်။ PJ လို့ အတိုကောက်ခေါ်ကြတဲ့ အမေရိကန်လေတပ်ရဲ့ ကယ်ဆယ်ရေးတပ်သားဖြစ်ပါတယ်။ အဲဒီနေ့က သူတို့ရဟတ်ယာဉ် ကယ်ဆယ်ရေးထွက်ဖို့ တာဝန်ကျပါတယ်။ တိုက်ပွဲနေရာရောက်တော့ အောက်မှာ အခြေအနေမကောင်းဘူး။ ဒဏ်ရာရစစ်သည်တွေကို ကြိုးနဲ့ဆွဲပြီး ရဟတ်ယာဉ်ပေါ်တင်ကြပါတယ်။ ဖြစ်ချင်တော့ဒဏ်ရာရစစ်သည်တွေထဲမှာ ဆေးတပ်သားပါလာတယ်။ အောက်ကတပ်ခွဲမှာ ဒဏ်ရာရစစ်သည်တွေကို ရှေးဦးပြုစုဖို့ လူနာတင်တဲ့ထမ်းစင်ကို သေသေချာချာကြိုးချည်ဖို့ လူမရှိတော့ဘူး။ ဒီအတွက် လေတပ်သား ပစ်ဆင်ဘာဂါဟာ အောက်ကို ဆင်းသွားပါတယ်။ သူ့အတွက် အန္တရာယ်များတယ်ဆိုတာ သူသိပါတယ်။ သူ မဆင်းလည်း ဘာမှမဖြစ်ပါဘူး။

ပစ်ဆင်ဘာဂါဟာ ကျည်ဆန်တွေ အမြှောက်ဆံတွေကြားမှာ သူ့အသက်ကို မကြည့်တော့ဘဲဒဏ်ရာရစစ်သည်တွေကို သွေးတိတ်အောင်ပြုစုတယ်။ ထမ်းစင်ပေါ် သေသေချာချာ တင်တယ်။ ရဟတ်ယာဉ်ပေါ် ဆွဲတင်ခိုင်းတယ်။ သူတို့ရဟတ်ယာဉ်ဟာလည်း ရန်သူတွေရဲ့ပစ်ခတ်ခြင်းကို တရစပ်ခံနေရပါပြီ။ အပေါ်က ပိုင်းလော့က ပြန်တက်လာခဲ့ဖို့ သူ့ကို ခေါ်နေပါပြီ။ ဒါပေမယ့် သူပြန်မတက်ဘဲ ရဟတ်ယာဉ်ကို ပြန်လွှတ်လိုက်ပါတယ်။ အကျိုးဆက်ကတော့ သူ တိုက်ပွဲမှာကျခဲ့ပါတယ်။ အချည်းနှီးတော့ မဖြစ်ခဲ့ဘူး။ သူ့ကြောင့် အမေရိကန်စစ်သည် ၆၀ ကျော်သေဘေးက လွတ်ခဲ့ရပါတယ်။

ဒီလိုစွန့်စွန့်စားစားကယ်တင်ခဲ့တဲ့အတွက် ပစ်ဆင်ဘာဂါဟာ Air Force Cross လို့ခေါ်တဲ့လေတပ်ဆိုင်ရာသူရဲကောင်းဘွဲ့ ရခဲ့ပါတယ်။ အမေရိကန်စစ်တပ်ကပေးတဲ့ အမြင့်ဆုံးဘွဲ့မဟုတ်ဘူး။ အမြင့်ဆုံးဘွဲ့ဟာ Medal of Honor ဖြစ်ပါတယ်။ Air Force Cross ဟာ ဒီဘွဲ့ထက်တစ်ဆင့်နိမ့်ပါတယ်။ ပစ်ဆင်ဘာဂါက နိမ့်တယ်၊ မြင့်တယ် ဘာဘွဲ့တွေဆိုတာတွေ မသိတော့ဘူးလေ။ သူက ဗီယက်နမ်စစ်မြေပြင်မှာ ကျဆုံးသွားခဲ့ပြီကိုး။

ပစ်ဆန်ဘာဂါတစ်ယောက် Medal of Honor မရဘဲ Air Force Cross ပဲရခဲ့တာကို မကျေနပ်တဲ့သူတွေ ရှိနေပါတယ်။ သူတို့ကတော့ ပစ်ဆန်ဘာဂါကြောင့် အသက်မသေဘဲ ကျန်နေခဲ့တဲ့ အမေရိကန်စစ်သည်တွေပါပဲ။ သူတို့အတွက်တော့ သူတို့ရဲ့ အသက်သခင် ပစ်ဆန်ဘာဂါဟာ Medal of Honor ရသင့်တယ်လို့ ယုံကြည်ပါတယ်။

(၂)

ပစ်ဆန်ဘာဂါ Medal of Honor ရဖို့ သူတို့တွေ တရစပ်ကြိုးစားခဲ့ကြပါတယ်။ နှစ် ၃၀ တာကြာသွားတယ်။ ဖြစ်မလာဘူး။ ဒါလည်းလက်မလျှော့ကြပါဘူး။ သူတို့တွေထဲမှာ အဓိကဦးဆောင်တာက ပစ်ဆန်ဘာဂါနဲ့ အတူတူတာဝန်ထမ်းဆောင်ခဲ့တဲ့ လေတပ်က တပ်ကြပ်ကြီး သောမတ်တယ်လီ ဖြစ်ပါတယ်။ သူဟာ ပင်တဂွန်စစ်ဌာနချုပ်ကို အကြိမ်ကြိမ်သွားပြီး ကြိုးစားခဲ့ပါတယ်။ ကြိုးလည်းကြိုးစားနေဆဲ ဖြစ်ပါတယ်။

ဒီအရေးဟာ ပင်တဂွန်မှာ အလုပ်လုပ်နေတဲ့ စကော့ဟက်မန်းဆိုတဲ့ လူငယ်လေးဆီ ရောက်လာပါတယ်။ စကော့ဟက်မန်းဟာ ပင်တဂွန်ရဲ့ အရပ်သားဝန်ထမ်းဖြစ်ပါတယ်။ အမှန်တော့သူ့အထက်က အရာရှိက သူ့ကို သိပ်ကြည်ဟန်မရှိဘူး။ ဒီအရှုပ်ထုပ်ကြီးကို သူ့လက်ထဲထည့်လိုက်တာပါ။ ဒီကိစ္စကြီးဟာ သူ့အတွက် ဘာအကျိုးအမြတ်မှမရှိဘူး။ ခဏလေးလည်းမဟုတ်ဘူး။ နှစ်ချီအောင် ဆောင်ရွက်ရမယ့်ကိစ္စကြီးပါ။ မကြာခင် သူဟာ အလုပ်ထွက်ဖို့ စီစဉ်ထားတာပါ။ ဒီတော့ စကော့ဟက်မန်းဟာ ဒီအမှုကြီးကိုစိတ်မပါလက်မပါ လက်ခံလိုက်ရပါတယ်။

သက်သေတွေရဖို့ စကော့ဟက်မန်းဟာ ကိုယ်ဝန်ရှိနေတဲ့ မိန်းမကို ပစ်ပြီး ခရီးတွေထွက်ရပါတယ်။ ပထမဆုံး တပ်ကြပ်ကြီး သောမတ်တယ်လီ၊ ပြီးတော့ ပစ်ဆန်ဘာဂါရဲ့မိဘတွေ၊ အဲဒီကတစ်ဆင့် ဘီလီတာကိုဒါဆိုတဲ့ စစ်ပြန်ကြီး၊ နောက် ဂျင်မီဆိုတဲ့ စစ်ပြန်ကြီး၊ နောက်ဗီယက်နမ်နိုင်ငံမှာပဲ နေထိုင်တော့တဲ့ စစ်ပြန်တစ်ယောက်ဆီကို သွားရတယ်။ အင်တာဗျူးတွေလုပ်ရတယ်။ သူတို့ပြောတာတွေကို နားထောင်ရတယ်။ နားထောင်ရင်း သူတို့ရဲ့စိတ်ဒဏ်ရာတွေကို မြင်လာတယ်။ စစ်ပွဲရဲ့နောက်ဆက်တွဲဆိုးကျိုးအဖြစ် သူတို့တွေမှာ စိတ်ဒဏ်ရာတွေ အသီးသီးခံစားနေကြရတယ်။ တစ်ယောက်ဆို ညမှာ လုံးဝမအိပ်ဘူး။ ညမှာအိပ်ရင် စစ်ရဲ့မြင်ကွင်းတွေကို အိပ်မက်ဆိုးတွေ မက်မက်နေလို့ နေ့ခင်းမှာပဲ အိပ်တယ်။ စိတ်ဒဏ်ရာတွေကို ကြိတ်မှိတ်ခံစားနေရတဲ့ကြားက သူတို့တွေမှာ တူညီစွာခံစားရတာက သူတို့ ဒီလိုအသက်ရှင်ခဲ့ရတာဟာ ပစ်ဆန်ဘာဂါကြောင့် ဆိုတာပါပဲ။ ပစ်ဆန်ဘာဂါကို Medal of Honor ရစေချင်တာပါပဲ။

(၃)

စစ်ကားဆိုလို့ တိုက်တာခိုက်တာ ပစ်တာ၊ ခတ်တာတွေ အများကြီးမပါပါဘူး။ ဒါကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားကို မကြည့်ပါနဲ့။ သူပြောချင်တာက စစ်ကြောင့် ခံစားရတဲ့ စိတ်ဝေဒနာတွေကို အဓိကပြောချင်တာပါပဲ။ စရိတ်စက အများကြီးမသုံးဘဲ စစ်ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ပြနိုင်တဲ့ ဇာတ်ကားတစ်ကားပါလို့ ချီးကျူးချင်ပါတယ်။ စစ်ဘောင်ချဲ့ချင်တဲ့သူတွေကို ကြည့်စေချင်တဲ့ ဇာတ်ကားတစ်ကားပါ။