စည်းစည်းလုံးလုံး ရုန်းရုန်းထွေးထွေး

0
29

ညီညီဇေယျ ရေးသည်။

မြန်မာပြည်မြေပုံအရဆိုလျှင် အလယ်လောက်တွင်ရှိသဖြင့် မြန်မာပြည်အလယ်ပိုင်းဟု ပြောရမည်ဖြစ်သော်လည်း မြို့တော်ကြီးအဝင်တွင် အနောက်မြောက်တိုင်းမြို့တော်ဟူ၍ အနီရောင်ဆိုင်းဘုတ်ကြီး ထောင်ထားသဖြင့် ကျွန်တော်တို့မြို့သည် မြန်မာပြည်အလယ်ပိုင်းက အနောက်မြောက်မြို့တော်ကြီးဟု ညွှန်းဆို၍ ရကောင်းပေလိမ့်မည်။

မြို့တော်ကြီး၏ ခေတ်အဆက်ဆက်က သမိုင်းအစဉ်အလာကောင်းများ၊ နယ်ပယ်အသီးသီးမှ ပေါ်ထွက်ခဲ့သော လူပုဂ္ဂိုလ်အကျော်အမော် လူထူးလူချွန်များနှင့် သာသနာ့အာဇာနည် ရဟန်းအကျော်အမော်များအကြောင်းကိုတော့ အားလုံးကြားမြင် ဖတ်ရှုသိရှိကြပြီး ဖြစ်ကြ၍ ထူးမပြောလိုပြီ။

သတ္တိဗျတ္တိ ပြည့်ဝကြပေသော၊ ခေတ်အဆက်ဆက် နိုင်ငံရေးအသိရေချိန် စံမီပြည့်၀အကငး်ပါးခဲ့ကြပေသော၊ ရဲဝံ့စွန့်လွှတ်စွန့်စားဝံ့ခဲ့ကြပေသော အာဂပြည်သူတို့ စည်းလုံးညီညွတ်စွာ စုစည်းနေထိုင်ကြရာ သမိုင်းကြောင်းအစဉ်အလာ ကောင်းခဲ့ပါသော ရွှေမြို့တော်ကြီးပင် မဟုတ်လော။

ဟုတ်ပေသည်။ ရွှေမြို့တော်သူ၊ ရွှေမြို့တော်သားတို့၏ စည်းလုံးညီညွတ်မှုတို့ကို ယနေ့ထိတိုင် တွေ့မြင်နိုင်ကြပါသည်။ ကြည့်ပါလော့။

“ဟေ့ဟေ့…ရှေ့မှာ ဆိုင်ကယ်ဦးထုပ်ဖမ်းနေတယ်။ ပြန်ကွေ့ ပြန်ကွေ့”

“ဟေ့ကောင် ရှေ့မှာ လိုင်စင်စစ်နေတာနော်”

“ဟိုမှာ ဘီးခွန် ဖမ်းနေတယ်”

ကျွန်ုပ်တို့ ရွှေမြို့တော်သားများ၏ ချစ်စရာကူညီရိုင်းပင်းကြသော စိတ်ဓာတ်များပင် မဟုတ်ပါလော။

“ဟေ့ကောင် တို့လမ်းထဲမှာတော့ ရှေ့ထုတ်ခင်းထားတဲ့ဆိုင်တွေ စည်ပင်က ဒဏ်ရိုက်နေပြီ။ မင်းတို့လမ်း ရောက်လာလိမ့်မယ်။ ဆိုင်တွေ ပြောလိုက်ဦး။ ဒါပဲ ထူးမှ ထပ်ဆက်လိုက်မယ်”

“အေးအေး ငါတို့ဆိုင်လည်း ရှေ့တိုးခင်းထားတာတွေ သိမ်းလိုက်မယ်။ စစ်ပြီး ပြန်သွားမှ ပြန်ခင်းကြတာပေါ့”

တစ်ယောက်အခက်အခဲ တစ်ယောက်လာဘ်မြင်ကာ ကူညီတတ်ကြပါသော မြို့တော်သားတွေပါပေ။

ယခုတလော ကမ္ဘာ့ကပ်ရောဂါကာလ နေ့ရက်များတွင်တော့ ကျွန်ုပ်တို့ ရွှေမြို့တော်သူ၊ ရွှေမြို့တော်သားတို့၏ စည်းလုံးညီညွတ်မှုတို့ကို ပိုမြင်တွေ့လာရပေသည်။

“ဟေ့လူ ကိုမိုးသွင် မြို့ထဲသွားမလို့လား။ မက်စ်တပ်သွားဗျ။ မြို့တော်ခန်းမရှေ့မှာ ဖမ်းနေတယ်”

“ဟယ်လို ကိုနိုးဝေလား..ဒီမှာ ကျွန်တော်တို့စားသောက်ဆိုင်တော့ လာစစ်သွားပြီ။ အားလုံးအဆင်ပြေပါတယ်။ စားပွဲပေါ်က ပလတ်စတစ်အကာတွေကို ဖြုတ်ထားတာ ဆိုပေမယ့် လာစစ်ရင် အလွယ်တကူ ကောက်တပ်လို့ရအောင် လုပ်ထားတာကိုး။ လက်ဆေးကန်တွေ၊ မက်စ်တွေ၊ဖေ့ရှီးတွေလည်း လုံလောက်မှု ရှိ၊ မရှိ စစ်သွားတယ်။ လုံလောက်တယ်လေ။ သုံးမှမသုံးတာကိုး ဟီးဟီး။ အဲဒါ ခင်ဗျားဆိုင်လဲ ဝင်လာလိမ့်မယ်။ ကြိုပြင်ထားရအောင် လှမ်းဆက်လိုက်တာ…ဒါပဲ”

“ဟာ ဒုက္ခပါပဲကွာ…ငါ့ဆိုင်ရှေ့က လက်ဆေးကန်ကြီး ဘယ်သူမှမဆေးဘဲ ရှုပ်တယ်ဆိုပြီး ဖြုတ်သိမ်းထားတာကွ။ စားပွဲတွေလည်း အရင်တိုင်းကပ်ခင်းထားတာဟေ့။ ပြန်လုပ်လိုက်ဦးမယ်ကွာ။လှမ်းသတိပေးတာ ကျေးဇူးပဲဟေ့”

“ဗျို့ကိုသေတ္တာ ခင်ဗျားက မက်စ်ကြီးတပ်၊ နေ့ခင်းကြောင်တောင် ဆိုင်ကယ်မီးတွေဖွင့်လို့ ဘယ်တုံးဗျ”

“ဟင် အပြင်ထွက်ရင် မက်စ်တပ်ရမယ်လေကွာ။ ဆိုင်ကယ်ကလည်း ယာဉ်စည်းကမ်းဥပဒေသစ်အရ နေ့ခင်းလည်း မီးထွန်းမောင်းရမှာလေ”

“ဟားဟား…ခင်ဗျားကို ငကြောင်ဆိုပြီး ဝိုင်းကြည့်ကြလိမ့်မယ်ဗျ။ အပြင်ထွက်ရင် ဘယ်သူမှမက်စ်မတပ်ကြတော့ဘူး။ မက်စ်မတပ်လို့လည်း ဘယ်သူကမှ မဖမ်းတော့ဘူး။ ဆိုင်ကယ်မီးလည်းထွန်းရမယ်ဆိုတာတောင် မသိကြဘူး”

ဟုတ်ပေသည်။ ကျွန်ုပ်တို့မြို့တော်သားများ၏ စည်းလုံးညီညွတ်မှုက သြချရလောက်ပါပေသည်။ဟိုတနေ့က ကာတွန်းဆရာကိုမိုးသွင်ရဲ့ အဖြစ်ကိုပဲကြည့်။ ကိုမိုးသွင်က မုံရွာဂေဇက်မှ စာမူခတွေထုတ်လာပြီး အိတ်ကြီးအိတ်ငယ်ဖြင့် မနိုင်မနင်း ဖြစ်နေသဖြင့် တက္ကစီငှားသည်။ (စာမူခတွေကိုက ပီနှံအိတ်နှင့် သုံးလုံးရှိသည်။) နှာခေါင်းစညး်တပ်ထားသော သူ့ကို တက္ကစီဆရာက အထူးအဆန်းသတ္တဝါလို ကြည့်သည်။ ပြုံးတုံ့တုံ့နှင့်။

“ဆရာလေးက ဒီမြို့က မဟုတ်ဘူးထင်တယ်”

“ကျွန်တော် ရန်ကုန်ကပါ။ ခင်ဗျားဘယ်လိုလုပ်သိလဲဗျ”

“ကိုယ့်ဆရာရာ ဒီမြို့မှာ တမြို့လုံးဘယ်သူမှ မက်စ်မတတ်ကြတော့ဘူးဗျ ဟီးဟီး”

“ဟာ ဟုတ်ရဲ့လားဗျာ၊ ညီညွတ်လှချည်လား ခင်ဗျားတို့မြို့က”

“ညီတယ် ဆရာရေ၊ ခုဆို အပြင်မှာကြည့်လိုက်၊ ဘယ်သူမှ နှာခေါင်းစည်းမတပ်ကြဘူး။ ဆိုင်တွေဝင်လည်း လက်မဆေးကြဘူး။ တစ်ယောက်နဲ့တစ်ယောက်လည်း ခြောက်ပေမပြောနဲ့ တစ်ပေတောင် မခွာကြဘူး။ တစ်မြို့လုံးနော် ကိုယ့်ဆရာ၊ တစ်မြို့လုံး”

ဟုတ်သည်။ ယခုဆိုလျှင် တစ်မြို့လုံး နှာခေါငး်စည်းမတပ်ကြ၊ လက်မဆေးကြ၊ ခပ်ခွာခွာမနေကြ၊ လူစုလူဝေးဖြင့် တရုန်းရုန်းနေကြ၊ ထိုင်ကြလျက်ရှိနေကြပေပြီ။ သတ္တိဗျတ္တိပြည့်ဝကြပေသော၊ ခေတ်အဆက်ဆက် နိုင်ငံရေးအသိရေချိန် စံမီပြည့်ဝအကငး်ပါးခဲ့ကြပေသော၊ ရဲဝံ့စွန့်လွှတ်စွန့်စားခဲ့ကြပေသော အာဂပြည်သူတို့ စည်းလုံးညီညွတ်စွာ စုစည်းနေထိုင်ကြရာ သန်ုင်းကြောင်းအစဉ်အလာ ကောင်းခဲ့ပါသော ရွှေမြို့တော်ကြီး မဟုတ်လား။ ရွှေမြို့ တော်သားတို့၏ ယခုလို စည်းလုံးညီညွတ်နေကြမှုကိုဖြင့် တကမ္ဘာလုံးသို့ ခြေစင်္ကြာဖြန့်နေတော်မူသော “ကိုရိုနာ” တည်းဟူသော ဗိုင်းရပ်ငတိတတွေ သတိမထားမိပါစေနှင့်ဟုသာ။

သတ်ဘေသတ်တာကံမသဂါ

LEAVE A REPLY

Please enter your comment!
Please enter your name here