စာအုပ်အညွှန်း

0
129

ရောဂါကပ်ဘေးက ကမ္ဘာတစ်ခုလုံးကို အုပ်စီးထားသည်။ လူသိန်းပေါင်းများစွာရောဂါ ကူးစက်ခံနေရသည်။ သေဆုံးရသည်မှာလည်း သိန်းဂဏန်း ရှိနေသည်။

ရောဂါကပ်ဘေး နှိပ်စက်ခြင်းကြောင့် လူတွေ စိုးရိမ်ပူပန်မှု ခံစားချက်က ဒီဂရီအမြင့်ဆုံးရောက်နေသည်။ ကပ်ဘေး နောက်ဆက်တွဲ စီးပွားရေးအဆင်မပြေမှု၊ ပညာရေးနောက်ကျက်မှုများက တွေးကြည့်ရုံနှင့်ရင်မောစရာပင်။ စိတ်ဖိစီးမှုက ဘယ်ခေတ်ဘယ်ကာလနှင့် မတူအောင် ထုထည်ကြီးမားလွန်းလှသည်။

သည်လို အနုတ်တရား ခံစားချက်တွေ ပေါက်ကွဲမတတ်ရှိနေချိန် ကဗျာစာအုပ်တစ်အုပ်ကို ဖတ်လိုက်ရသည်။

“လောကအလှဆင်ကဗျာများ”ဟု အမည်ပေးထားပြီး အတွေးအမြင်ကဗျာများဟုလည်းဆက်တိုက် ခေါင်းစဉ်ပေးထားသည်။ ကဗျာဆရာက “မောင်နေညို၊ ပုလဲ”ကဗျာတွေကကာရန်အသံအခြေခံ၍ မြန်မာ့ဂန္တဝင်ဟန်ပန်နှင့် သီကုံးထားသည်။ ကဗျာများနှင့်ပတ်သက်၍ ဆရာနေမင်းသန်းက ယခုလိုလှလှပပ မှတ်ချက်ပြုထားသည်။

“ခေါငး်ပေါငး်စ တလူလူ၊ ရင်ဖုံးအကျင်္ီနှင့် တောင်ရှည်ပုဆိုး ဝတ်ဆင်ထားသည့် ရှေးပုံစံမဟုတ်ဘဲ လည်ကတုံးရှပ်၊ အကျင်္ီတိုက်ပုံနှင့် ဦးဂျမ်းပုဆိုးတို့ ဝတ်ဆင်ထား၍ မြန်မာပီပီကျက်သရေ ရှိလှသည်ဟု တင်စားပြောဆိုလိုသည်”ဟု ရေးသားထားသည်။

ကဗျာအပုဒ်ရေ ၁၀ဝ ပါဝင်သည့်စာအုပ်တွင် ကဗျာဆရာက သူ့ရင်ကို လာငြိသည့်အကြောင်းတရားပေါင်းစုံကို တို့ထိထားသည်။ အကြောင်းအရာတွေကလည်း စုံလင်လှသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှသည် မျိုးဆက်သစ်ကလေးတို့ အသာသာသာနှင့် ရွတ်ဆိုရသော ကဗျာများပါသည်။ ထိုမျှမက မြို့ပြ၊ ကျေးလက် အစရှိသည့် နေရာများ၊ ချစ်ခြင်းမေတ္တာ၊ သြကာသလောကမှသည် အမျိုးသားညီညွတ်ရေးအထိပါ လှမ်းမျှော်ထားသော ကဗျာများပင် ပါရှိသည်။ အရှိန်ပြင်းပြင်း နည်းပညာက မောင်းနှင်နေသည့် ကမ္ဘာကြီးတွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့ထုံးစံများ ပျောက်ကွယ်မသွားရေးက အရေးကြီးသည်။ မြန်မာ့ဓလေ့၊ မြန်မာ့ယဉ်ကျေးမှုများကို ကဗျာဆရာက မမေ့မလျော့ တခမ်းတနား စပ်ဆိုထားသည်။

ကိုဗစ်ကြောင့် သင်္ကြန်ပွဲ လွဲချော်ခဲ့ရသည့် မြန်မာတို့အဖို့ ကဗျာဖတ်၍ အလွမ်းကိုဖြေသိမ့်ရသည်။ သလ္လာဝတီသား မှန်လျှင်ချငး်တွင်းမြစ်မင်းကို ချစ်ခြင်းရှိကြသည်သာဖြစ်သည်။ ကဗျာဆရာလည်း ချင်းတွင်းလွင်ပြင်သားဖြစ်ရာ ချင်းတွင်းအကြောင်းကို လက်လွှတ်မခံလိုဟန် ရှိသည်။

ကဗျာခေါင်းစဉ်ကပင် ကဗျာဆရာပေးလိုသော သတင်းစကားကို တစ်ခါတည်းခံစားလိုက်ရသည်။

“ချင်းတွင်းချစ်ခြင်း အပြစ်ကင်းကြပါစေ” ခရီးသွားလာမှုတွေ ကန့်သတ်ခံရထားသည့် ကိုဗစ်ကာလတွင် ကဗျာထဲက ဧရာကမ်းခြေ မင်းကွန်းမြေ၊ လေပြည်ဝေညင်းတောင်သမန်အင်း၊ ပုပ္ပားမြတ်တောင်ပန်းလက်ဆောင် ကဗျာများကလည်း ဖတ်သူစိတ်ကို မရိုးမရွဖြစ်စေသည်။

“ရင်ထဲက ကဗျာလမ်း”ကို ဖတ်ပြီးချိန်တွင် ကဗျာဆရာ၏ ဖတ်သူအပေါ်ထားသည့်စေတနာကို အထင်းသား မြင်နေရသည်။ အပူတွေတွေ အလျှံညီးညီး တောက်လောင်နေသည်။ ဆောင်းရာသီသို့ မြောက်ပြန်ခြေလှမ်းများ ဝင်ရောက်လာပြီ ဖြစ်သည့်တိုင် ကိုဗစ်ကြောင့် ကျွန်တော်တို့ ရင်ထဲနွေဆန်နေဆဲပင်။

“လောကအလှဆင်” ကဗျာများက ထိုအပူမီးများကို တစ်စုံတစ်ရာ သက်သာရာရလိမ့်မည်ဟု ကျွန်တော်ယုံကြည်နေပါသည်။

(မုံရွာဂေဇက် စာအုပ်အညွှန်း စာအုပ်စင်ကဏ္ဍအတွက် စာအုပ်နှစ်အုပ် ပေးပို့နိုင်ပါသည်။)

အယ်ဒီတာ