စားသင့်တဲ့ ပဲပိုးတီ (တရုတ်ပဲပိုးတီ) Chinese Artichoke

0
260

ကိုသက်နိုင်ဦး ရေးသည်။

ကျွန်တော်တို့ မုန့်ညှင်းချဉ်စားရင် ပဲပိုးတီလေးတွေကို စားမိကြသည်။ ငယ်ငယ်ကအတွေးအရဆိုရင် သူ့ကို ပိုးကောင်လေးတွေလို့ ထင်မိခဲ့သည်။ ဥကလေးက ပိုးတုံးလုံးဖြူဖြူလေးနဲ့ တူလွန်းလှသည်။ စားရတာကလည်း ချိုချိုစိမ့်စိမ့်လေး။ အရသာလည်းရှိသည်။ အများစုက ပဲပိုးတီအပင်ကို မမြင်ဖူးကြ၊ အာတာလွတ်ဥအပင်လို့ ထင်မိကြသည်။ နှစ်ပင်က မတူကြပါ။ ပဲပိုးတီအပင်သည် ပင်စိမ်းမျိုးနွယ်ထဲကအပင်တစ်ပင် ဖြစ်သည်။

ပဲပိုးတီ၏ မူရင်းဒေသက တရုတ်ပြည်ဖြစ်သည်။ သူ့ရဲ့ မြေအောက်ပင်စည် Rhizome ကို root vegetable ဖြစ်ပြီး အစိမ်းလိုက်စားကြသလို အချဉ်တည်ပြီး စားကြသည်။ အခြောက်ခံပြီး ချက်ပြုတ်စားကြသည်။ တရုတ်ပဲပိုးတီအပင်သည် နှစ်ရှည်ခံ ပင်ပျော့အမျိုး ဖြစ်သည်။ အပင်အမြင့်က ၁ ပေမှ ၄ ပေခန့်အထိမြင့်သည်။ အရွက်တွေက ရွက်ဆိုင်ထွက်ပြီး ဖက်ယားရွက်ပုံစံ အရွက်များက ဘဲဥပုံ ovate cordate or ovate oblong ရှိကြပြီးအရင်းဖက်မှာ နှလုံးပုံအဝိုက်ရှိသည်။ အနီရောင်နှင့် ပန်းရောင်ပန်းများ ပွင့်ကြသည်။ ရွက်ညှာများက အခြေဖက်မှာ ရှည်သော်လည်း ထိပ်ဖျားနားရောက်လျှင် တိုသွားသည်။

ပဲပိုးတီဖြစ်ပေါ်လာပုံက အာလူးသီးဖြစ်လာပုံနှင့် ဆင်တူသည်။ ပင်စည်က ထွက်လာသောထူးကဲပင်စည်များက မြေအောက်သို့ ထိုးဝင်သွားကြသည်။ ထိုမြေအောက်ပင်စည် rhizomes တွေက အရှည် ၈ စင်တီလောက်ရှည်သည်။ မညီညာသော ကြီးထွားပုံက ပဲပိုးတီရဲ့ပုံစံကို ဖြစ်စေသည်။ ပဲပိုးတီ အပေါ်ကနေ thin, pale-beigeto-ivory အခွံ skin နဲ့ ဖုံးကာထားသည်။ ယင်းအခွံအောက်ဖက်က အဖြူရောင်အသားဖြစ်ပြီး နူးညံ့လှသည်။ ပဲပိုးတီသည် အမြစ်မဟုတ်ပါ၊ အစာစုဆောင်းခြင်းကြောင့် ထူးကဲလာသည့် modified stems ခေါ်သည့် ထူးကဲမြေအောက်ပင်စည်သာဖြစ်သည်။

ပဲပိုးတီထဲပါသည့် Compounds များ

ကျူဘာရှိဆဲလ်ရေကွက် Vacuoles ထဲတွင် stachyose ဒြပ်ပေါင်း ကြွယ်ဝစွာ ပါဝင်သည်။Stachyose ဆိုတာ tetrasaccharide တက်တြာဆက်ခရိုက်သကြားဖြစ်ပြီး ယင်းအထဲမှာ ဂလက်တို့စ် galactose, ဂလူးကို့စ် glucose၊ ဖရပ်တို့စ် fructose သကြားများပါဝင်သည်။ ပဲပိုးတီအခြောက်ထဲမှာ Stachyose ပါဝင်မှုက ၈၀-၉၀ရာခိုင်နှုန်းအထိ ရှိသည်။

ပဲပိုးတီသမိုင်း

ပဲပိုးတီအပင်တို့၏ မူလအစ ဒေသသည် တရုတ်ပြည် အလယ်ပိုင်းနှင့်မြောက်ပိုင်း ဖြစ်သည်။ ပထမဆုံး ပဲပိုးတီကို မစိုက်ခင်က သူနဲ့နှီးနွှယ်သော S. palustris ကို သဘာဝအတိုင်းစုဆောင်းပြီး ဟင်းသီးဟင်းရွက်အဖြစ် စားသုံးခဲ့ကြသည်။ နောက်ပိုင်း ဂျာမန်လူမျိုးတွေက ပဲပိုးတီနှင့် အမျိုးတော်သည့် S. recta ကို ဆေးဝင်ပင်အဖြစ် စိုက်ပျိုးခဲ့ကြသည်။ ၁၈၈၂ ခုနှစ်မှာ ဒီအပင်ကို စိုက်ပျိုးခဲ့ရာ ဥရောပမှာ ပထမဆုံး စိုက်သည့် labiatae မျိုးရင်းဝင်အပင် ဖြစ်ခဲ့ရသည်။ ၂၀ ရာစုရောက်တော့ ပဲပိုးတီဟာ ဥရောပတစ်ခွင်လူသိများ ကျော်ကြားလာတော့သည်။ virus နှင့်ဘက်တီးရီးယား ပြဿနာတွေကြောင့် ၁၉၇၀ ခုနှစ်မှာ လက်လွှတ်ခဲ့ရသည့် ကာလမတိုင်မီအထိဖြစ်သည်။ ၁၉၉၀ ခုနှစ်ကစပြီး ပဲပိုးတီကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာခဲ့သည်။ သူဟာ ဥရောပတိုက်ကို ထိုးဖောက်ဝင်လာသည့် invasive plant အပင်ဖြစ်သည်။

အစားအစာနဲ့ ဆေးဝင်ပုံ

ပဲပိုးတီဥလေးကိုစားလျှင် ကျွတ်ကျွတ်မည်သော အထိအတွေ့ကိုရသလို ချိုပြီးဆိမ့်သောအရသာကိုလည်း ပေးစွမ်းပါသည်။ ပဲပိုးတီဥလေးတွေကို အစိမ်းပဲစားစား၊ အချဉ်တည်စားစား၊ ချက်ပြုတ်စားစား အမျိုးမျိုး စားလို့ရသည်။ ပဲပိုးတီသည် နိုင်ငံများစွာ၏ မီးဖိုချောင်တွင် အမျိုးမျိုးသောဟင်းပွဲများထဲတွင်ပါသော အသီးအနှံတစ်ခုဖြစ်သည်။ အရွက်ခြောက်ကို လက်ဖက်ရည်အဖြစ် အသုံးပြုနိုင်သည်။

တရုတ်နှင့် ဂျပန်အစားအစာများတွင် ပဲပိုးတီသည် အချဉ်တည်ပြီးသား vegetable အနေဖြင့် အဓိကပါလေ့ရှိသည်။ အထူးသဖြင့် ပဲပိုးတီဥသည် ဂျပန်နိုင်ငံ၏ နှစ်သစ်ကူးပွဲတော်အတွက်ချက်သော Osechi ဟင်းလျာ၏ အဓိကအစိတ်အပိုင်းအဖြစ်ပါဝင်သည်။ အနီရောင် Shiso ၏အရွက်များဖြင့် ချဉ်ထားဟင်းကို chorogi ဟုခေါ်သည်။ ကိုရီးယားတွင်မူ optokjam ဟုခေါ်သည်။

ဆေးဘက်ဝင်ပုံ

ရိုးရာတရုတ်ဆေးပညာတွင် ပဲပိုးတီဥကို အအေးမိခြင်းနှင့် အဆုတ်ရောင်ရောဂါ ကုသရန်အတွက် အဓိကအထောက်အကူပြုပစ္စည်း(အေးဂျင့်) အဖြစ် အသုံးပြုခဲ့သည်။ ထို့အပြင်ပဲပိုးတီအမြစ်က ထုတ်ယူရသည့် စစ်ထုတ်ရည်ထဲမှာ ရောဂါပိုးမွှားတိုက်ဖျက်ရေးလုပ်ဆောင်မှု antimicrobial activity ရှိနေပါသည်။

ယခုဒီလောက်ဆို ပဲပိုးတီအကြောင်း သိကြလောက်ပြီထင်သည်။ ပဲပိုးတီပါသော မုန့်ညှင်းချဉ်ကိုမြင်ရင်း ဒီစာစုလေးကို ရေးလိုက်ခြင်းပါ။ အားလုံးပဲ ကျန်းမာကြပါစေ။