စီနိုဟိုက်ဒရိုကုမ္ပဏီတွင် ကန့်ဝင်နေသော လုပ်သားတစ်ဦး ကြိုးဆွဲချသေဆုံး

0
22656

ကိုအောင်ကြီး
မုံရွာ၊ စက်တင်ဘာ- ၁၁

ဆားလင်းကြီးမြို့နယ်ရှိ စီနိုဟိုက်ဒရိုကုမ္ပဏီ(စီနို-1)တွင် ကန့်ဝင်နေထိုင်သော မြန်မာလုပ်သားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ယနေ့ နေ့လယ်ပိုင်းက ဖြစ်ပွားသည်။

စီနိုဟိုက်ဒရိုကုမ္ပဏီသည် လက်ပံတောင်းကြေးနီစီမံကိန်းလုပ်ဆောင်နေသော မြန်မာ-ဝမ်ပေါင်ကုမ္ပဏီ၏ ကန်ထရိုက်ခွဲတစ်ခု ဖြစ်သည်။

သေဆုံးသူ၏အလောင်းကို ကံကုန်းရွာအနီး ကြက်ခြံဟောင်း အလုပ်သမားတန်လျားတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“အရင်က ကြက်ခြံအလုပ်သမားတွေထားတဲ့ အဆောင် အခန်းလွတ်မှာ တွေ့တယ်။ သူတို့ကိုထားတဲ့ ကန့်အဆောင် နေရာကနေ အဲဒီဘက်သွားပြီး ကြိုးဆွဲချသေတဲ့ ပုံစံပါ။ လတ်တလောတော့ သေမှုသေခင်းဖွင့် လုပ်ဆောင်နေပါတယ်”ဟု ဆားလင်းကြီးမြို့နယ် မိုင်းလုပ်သားမြို့ စခန်းမှူး ဒုရဲအုပ်ကျော်မျိုးအောင်က ပြောသည်။

သေဆုံးသူမှာ ဆားလင်းကြီးမြို့နယ် ဝါးတန်းရွာမှ အသက် ၃၃ နှစ်အရွယ် ဝပ်ရှော့စက်မှုဌာနက လုပ်သားဖြစ်ပြီး ရုပ်အလောင်းအား ကံကုန်းရွာ (၁၆)ကုတင်ဆန့်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားသည်။

ပြည်တွင်း၌ COVID-19 လူနာ တွေ့ရှိပြီးနောက် ကြေးနီကုမ္ပဏီများတွင် နေထိုင်လိုသည့် လုပ်သားအချို့အား နေအိမ်၊ ရပ်ရွာများသို့ ပြန်စေခြင်းမပြုတော့ဘဲ ကုမ္ပဏီအတွင်း ကန့်သွင်းနေထိုင်စေသည်မှာ ဧပြီလမှ ယခုထိ ဖြစ်ကြောင်း ကုမ္ပဏီဝန်ထမ်းများက ပြောသည်။