ဆရာဝန်များနှင့် Monywa Rescue အသင်းသားများကို ပြန်လွှတ်ပေး

0
59
ဓာတ်ပုံ- Monywa Rescue

မုံရွာဂေဇက်
မုံရွာ၊ မတ် – ၁

ယနေ့ နေ့လယ်ပိုင်းက ထိန်းသိမ်းသွားသော ဆရာဝန် ၃ ဦးနှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာ) Monywa Rescue မှ အသင်းသား ၉ ဦးကို နေ့လည် ၁ နာရီခန့်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့သည် မုံရွာမြို့ ကျောက္ကာလမ်း ဇောတိကကျောင်းအနီးတွင် အထိုင်ချ အကူအညီပေးရာ နေ့လယ် ၁၁ နာရီခန့်တွင် တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များမှ မုံရွာမြို့တော်ခန်းမဆီသို့ ထိန်းသိမ်းခေါ်ဆောင်သွားခြင်း ဖြစ်သည်။

“သပိတ်စစ်ကြောင်းနဲ့ နီးလို့ ခေါ်တာလို့ ပြောတယ်။ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးလို့ရတယ်။ ဒါပေမဲ့ သပိတ်စစ်ကြောင်း အနီးနားမှာတော့ နေလို့မရဘူးလို့ ပြောတယ်။ ကျွန်တော်တို့က နောက်နေ့မှာတော့ ရုံးမှာပဲ နေတော့မယ်။ ဖုန်းဆက်လာမှပဲ သွားပြီး ကူညီပေးတော့မယ်”ဟု Monywa Rescue အသင်းရုံး ဥက္ကဋ္ဌ ဦးစိန်ကိုကိုက ပြောသည်။

ဖေဖော်ဝါရီ ၂၆ ရက်က လူနာပို့ပြီးအပြန် ထိန်းသိမ်းခံရသော လူမှု​​ရေး အသင်း၃သင်းမှ အသင်းသား ၂၀ ခန့်မှာတော့ ယခုအချိန်ထိ ပြန်မလွှတ်သေးကြောင်း သိရသည်။