ဆရာ၊ ဆရာမတွေဟာ အနိုင်ကျင့်စရာလား

0
123

ကျော်လတ် ရေးသည်။

ကြားဖူးတာလေးရှိပါရဲ့။ တစ်ခါက ဘဘကြီးတွေလက်ထက် ရွှေပြည်ကြီးမှာ ဒွန်းစဏ္ဍားဇနီးမောင်နှံနှစ်ယောက် ရန်ဖြစ်နေကြတယ်တဲ့။ အဲဒီအချိန်မှာ သူတို့နေတဲ့ တဲဘေးကနေ ကျောင်းဆရာတစ်ယောက်ဖြတ်သွားပါသတဲ့။

ကျောင်းဆရာကြီးခင်ဗျာ ကျောင်းဆရာလခနဲ့ ဘယ်လိုမှ မစားလောက်လို့ သူတတ်တဲ့ပညာနဲ့နွားပွဲစား လုပ်ရတာပေါ့။ အဲဒီအချိန်မှာ ဒွန်းစဏ္ဍားမိန်းမကို ယောကျာ်းဖြစ်သူက စကားတစ်ခွန်းနဲ့ငေါက်လိုက်တာ မိန်းမဖြစ်သူ နည်းနည်းမှတောင် စကားမဆက်ဝံ့တော့ပါဘူးတဲ့။ သူငေါက်တဲ့စကားက ဘာဖြစ်မယ်ထင်သလဲ ပရိသတ်ကြီး။ သူတောင်းစားမိန်းမတောင် ကြောက်သွားရတဲ့စကားက ဘာဖြစ်မယ်ထင်ပါသလဲဗျ။

(၁)

ဟုတ်ကဲ့။ ပညာရေးဇာတ်ကားလေးတစ်ကားဆိုတော့ စပ်မိတာလေး တွေးမိသွားလို့ပါ။ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ပညာရေးနဲ့ဆိုင်တဲ့ ဇာတ်ကားဆိုတာ ရှားပါတယ်။ ဇာတ်ကားတစ်ရာလောက်ထွက်မှ တစ်ကားတောင် အနိုင်နိုင်ပါ။ ထွက်လာတဲ့ဇာတ်ကားတွေကလည်း တကယ့်ကို ဒေါင်ဒေါင်မြည်တွေပါ။ ရင်ဘတ်ကိုထိအောင် ပြောင်မြောက်တဲ့ဇာတ်ကားတွေပါ။ အဲဒီလိုဇာတ်ကားတစ်ကားကိုတွေ့ထားလို့ “အစားကောင်းစားရရင် မိတ်ဆွေတွေကို သတိရတတ်တယ်” ဆိုတဲ့စကားအတိုင်း မုံရွာဂေဇက်ရဲ့ ရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက် အဲဒီဇာတ်ကားလေး ညွှန်းဆိုပေးပါရစေ။

ဇာတ်ကားရဲ့နာမည်က Chalk and Duster ဖြစ်ပါတယ်။ မြန်မာလိုတောင် ပြန်ပြနေစရာ မလိုပါဘူး။ ကျောင်းဆရာ၊ ဆရာမတွေရဲ့လက်နက်တွေဖြစ်တဲ့ မြေဖြူနဲ့ဘောဖျက်ပေါ့။ ဒီဇာတ်ကားဟာ ၂၀၁၆ က ထွက်ခဲ့တဲ့ ဘောလိဝုဒ်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ စီးပွားရေးဆန်လွန်းသွားတဲ့ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းနဲ့ အဲဒီကျောင်းကြားက အမှန်တရားမြတ်နိုးတဲ့ဆရာမတွေကြားက ပဋိပက္ခအကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။

(၂)

“ကန်တာဘန်း” ဆိုတဲ့ ကိုယ်ပိုင်ကျောင်းဟာ မွန်ဘိုင်းမြို့မှာ တည်ရှိပါတယ်။ မွန်ဘိုင်မြို့ရဲ့နံပါတ်တစ်ကျောင်းတော့မဟုတ်ပေမယ့် ထိပ်တန်းစာရငး်ဝင်ကျောင်း တစ်ကျောင်းပါပဲ။ စိတ်နှလုံးလှတဲ့ ကျောင်းအုပ်ဆရာမကြီးတစ်ယောက်ရဲ့ ဦးဆောင်မှုနဲ့အတူ ဆရာ၊ ဆရာမတွေရဲ့ကြိုးစားမှုကြောင့် နာမည်ရတဲ့ကျောင်းပါ။ ခေါင်းဆောင်ကောင်းတော့ နောက်လိုက်တွေဖြစ်တဲ့ ဆရာ၊ ဆရာမတွေလည်း ပျော်ပျော်ရွှင်ရွှင်၊ အခြားဝန်ထမ်းတွေလည်း ပျော်ပျော်ရွှင်ရွှင်၊ ကျောင်းသူ၊ ကျောင်းသားတွေလည်း ပျော်ပျော်ပါးပါးပါပဲ။

ဒါပေမယ့် ဒီထဲမှာ သိုးမည်းတစ်ကောင်တော့ ပါလာပါတယ်။ အဲဒီအမျိုးသမီးနာမည်က ဒဂုပတာဒတဲ့။ သူက ကျောင်းအုပ်ဆရာမကြီးရဲ့လက်ထောက်ပေါ့။ တစ်နည်း ကျောင်းရဲ့ကြီးကြပ်ရေးမှူးပေါ့။ ရုပ်လေးလှသလောက် စိတ်သဘောထားကတော့ တော်တော်ကိုမကောင်းတဲ့အမျိုးသမီးပါ။ ကြီးကြပ်ရေးမှူးဆိုတဲ့ အရှိန်အဝါကို လိုတာထက်ပိုသုံးပြီးတော့ ဆရာ၊ ဆရာမတွေကို နည်းမျိုးစုံ ဒုက္ခပေးသူဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေ ပျော်ရွှင်နေတာကို မနာလိုမရှုစိမ့်ဖြစ်နေသူလို့တောင် ဆိုရမယ်ထင်တယ်။ ပြီးတော့ ကျောင်းအုပ်ဆရာမကြီးကိုတောင် ခြေရာတိုင်းချင်သူပါ။ ဆရာမကြီးရဲ့နေရာကို လိုချင်နေသူပါ။

သူတို့ကျောင်းမှာ ကျောင်းကပွဲ လုပ်ပါတယ်။ ဝန်ကြီးလည်းလာမယ်၊ ကျောင်းပိုင်ရှင်လည်းလာမယ်၊ ကျောင်းပိုင်ရှင်ရဲ့သား နိုင်ငံခြားက MBA ဘွဲ့ယူလာတဲ့သူလည်း ပါမယ်ဆိုတော့ အသေအချာပြင်ဆင်ကြရပါတယ်။ ဆရာ၊ ဆရာမတွေကလညး် ကလေးတွေကို အကောငး်ဆုံးသင်ပြလေ့ကျင့် နေကြပါတယ်။ ဒါကို ကြီးကြပ်ရေးမှူး “ဂုပတာ” က ဟိုဟာမကြိုက်ဘူး၊ ဒီဟာမကြိုက်ဘူးဆိုပြီး အမျိုးမျိုး အာဏာပါဝါတွေပြပြီး ဆရာ၊ ဆရာမတွေကို စိတ်ဒုက္ခလိုက်ပေးပါတယ်။ ပြီးတော့ ကပွဲကျင်းပမယ့်နေ့မှာ ဆရာ၊ ဆရာမတွေကို မနက်၈ နာရီအရောက် ကျောင်းလာခိုင်းပါတယ်။ တကယ်က မနက် ၁၀ နာရီမှလာဖို့ ကျောင်းအုပ်ဆရာမကြီးက ညွှန်ကြားထားတာပါ။ ဒါကို ကြားထဲက ဂုပတာ ညစ်တာပါ။ ဆရာမကြီးက သိတော့ ပြင်းပြင်းထန်ထန် သတိပေးပါတယ်။ ဒါကိုလည်း ဂုပတာက ရန်ငြိုးဖွဲ့ထားပါတယ်။ သူ့အကြံကတော့ ကျောင်းပိုင်ရှင်ရဲ့သားကို အပီဝင်ကပ်ပြီးတော့ ကျောင်းအုပ်ကြီးရာထူး ယူဖို့ပါ။ ဆရာမကြီးကိုကန်ထုတ်ပြီးတော့ ကျောင်းမှာ ရာထူးအကြီးဆုံးဖြစ်အောင် ဆင်ကြံကြံနေသူ ဖြစ်ပါတယ်။

ကပွဲနေ့ရောက်တော့ ဂုပတာဟာ ကျောင်းပိုင်ရှင်ရဲ့သားဘေးမှာ ထိုင်ပါတယ်။ ဒီကပွဲအစီအစဉ်တွေအကုန်လုံး သူတစ်ယောက်တည်းပဲစီစဉ်တာလို့ ပြောထားပါတယ်။ နာမည်ယူလိုက်တာပေါ့။ တကယ်တော့ အားလုံးညီညီညာညာနဲ့ကြိုးစားလို့ ကပွဲအစီအစဉ် အောင်မြင်တာပါ။ ဒါကို ကျောင်းပိုင်ရှင်ရဲ့သားက မသိပါဘူး။ သူကတော့ ဂုပတာကိုသာ အမှတ်တွေပေး ချီးကျူးသဘောတွေကျနေပါတယ်။ ကောက်ကျစ်တဲ့ ဂုပတာရဲ့ဆင်ကွက်ထဲကို ကျောင်းပိုင်ရှင်ရဲ့ MBA ဘွဲ့ရ နိုင်ငံခြားပြန် ဖိုးအ,ကြီး တည့်တည့်ကြီးဝင်သွားပါပြီဗျာ။

(၃)

နောက် ခြောက်လလောက်ကြာတော့ ကန်တာဘန်းကျောင်းအုပ်ကြီးအသစ်အဖြစ် ဂုပတာတာဝန်ယူပါတော့တယ်။ ကျောင်းက ဆရာ၊ ဆရာမတွေအတွက် ကမ္ဘာပျက်ခြင်းစတင်တဲ့နေ့ပါပဲ။ ကျောင်းပိုင်ရှင်ရဲ့သားကို အပီစည်းရုံးထားတဲ့ ဂုပတာဟာ ကျောင်းရဲ့ ဝါရင့်ဆရာ၊ ဆရာမကြီးတွေကို ထုတ်ပယ်ပစ်ဖို့ ကြိုးစားပါတော့တယ်။ သူတို့ကထုတ်ရင် ပြဿနာဖြစ်မှာစိုးလို့ ဆရာ၊ ဆရာမကြီးတွေ သူတို့အလိုလိုထွက်အောင် ပညာမျိုးစုံပြပါတော့တယ်။ နည်းမျိုးစုံ သုံးပါတယ်။ အရင်ကျောင်းအုပ်ဆရာမကြီးတုန်းက လက်ဖက်ရည် ကျောင်းကတိုက်ပါတယ်။ ဂုပတာလက်ထက်မှာတော့ လက်ဖက်ရည်ဖိုး ကိုယ့်ဘာသာကိုယ်ရှင်းရပါတယ်။ နောက်ပြီးတော့ အရင်က ဆရာ၊ဆရာမတွေရဲ့သားသမီးတွေကို ကျောင်းလခမယူဘူး။ ဂုပတာကတော့ ကျောင်းလခတောင်းပါတော့တယ်။ ကျောင်းလခကလည်း တိုးတောင်းထားတာဆိုတော့ အခြားကျောင်းမှာ ပြောင်းထားရပါတော့တယ်။ သားသမီးရှိတဲ့ ဆရာ၊ ဆရာမတွေခင်ဗျာ ဒုက္ခရောက်ကုန်တာပေါ့။ နောက်ထပ် ညစ်ကွက်တစ်ကွက်ကတော့ စာသင်ခန်းထဲမှာ ဆရာ၊ ဆရာမတွေထိုင်ဖို့ ခုံတွေ မထားတော့တာပါပဲ။ အသက်ငယ်တဲ့ဆရာ၊ ဆရာမတွေမှာ ဘာမှမဖြစ်ပေမယ့် အသက်ကြီးလို့ ဒူးမကောင်းတော့တဲ့ ဆရာ၊ ဆရာမကြီးတွေအတွက်ကျ ဒုက္ခအကြီးအကျယ်ရောက်ပါတယ်။ ပြီးတော့ နားချိန်ရယ်လို့မရှိအောင် အချိန်အစားထိုးတွေ ဆက်တိုက်ဝင်ခိုင်းပါတယ်။ ဘာသာရပ်နဲ့မဆိုင်တာတွေ ခိုင်းလာပါတယ်။ ဟင်ဒီဘာသာသင်တဲ့ ဆရာကို ကာယအချိန်ပြောင်းသင်ခိုင်းပါတယ်။ ဟင်ဒီသင်တဲ့ဆရာက ခပ်ဝ၀ဆိုတော့ ဘယ်လိုလုပ် ကာယလေ့ကျင့်ခန်းတွေ ခိုင်းနိုင်ပါ့မလဲ။ လုပ်ငန်းခွင်ဟာ စိတ်ညစ်စရာတွေချည်း ဖြစ်လာပါတယ်။ ခါတိုင်း ပျော်စရာကောင်းတဲ့စာသင်ခန်းတွေဟာ ခုတော့ ဆရာ၊ ဆရာမတွေအတွက် ငရဲခန်းတမျှပါပဲ။ ကျောင်းဆင်းတော့လည်း အိမ်တန်းမပြန်ရသေးဘူး။ အစည်းအဝေးတွေခေါ်ပြီး ဆရာ၊ ဆရာမတွေကို ဂုပတာက ပညာပြပါတယ်။ ဆရာ၊ ဆရာမတွေခင်ဗျာ ညနေကျောင်းဆင်းပြီဆိုရင် ခြေထောက်ကိုတရွတ်တိုက်ဆွဲပြီးတော့ အိမ်ပြန်ကြရပါတယ်။

ဆရာ၊ ဆရာမတွေကတော့ ဒီဒုက္ခတွေကို အံကြိတ်သည်းခံကြပါတယ်။ ဆရာ၊ ဆရာမတွေဆိုတာလည်း သိတဲ့အတိုင်းပဲ။ ပြဿနာဖြစ်မှာကိုကြောက်ကြပါတယ်။ ဒါကိုအခွင့်ကောင်းယူပြီးတော့ အုပ်ချုပ်ရေးပိုင်းက လူတွေက အနိုင်ကျင့်ကြတာပါပဲ။ ရွှေပြည်ကြီးမှာဆို ဆရာ၊ ဆရာမတွေဟာ အာဏာရှိသူတွေရဲ့ ခိုင်းဖတ်ကြီးဖြစ်လို့။ စာမေးပွဲစောင့်ဆိုလည်း စောင့်ရတာပဲ။ မဲရုံတာဝန်ဆိုလည်း ယူလိုက်ရတာပဲ။ သန်းခေါင်စာရင်းဆိုလည်းကောက်လိုက်ရတာပဲ။ ဟိုး ဘဘကြီးတွေတုန်းကဆို ဘာထောက်ခံပွဲ၊ ညာထောက်ခံပွဲဆိုလည်း လိုက်ရတာပဲ။ စာသင်ခန်းထဲမှာသာ အနန္တောအနန္တငါးပါးထဲ ထည့်ချင်တာ၊ စာသင်ခန်းပြင်ပရောက်သွားရင် ဝန်ကြီးကြောက်ရ၊ ဝန်ကလေးကြောက်ရ၊ ကျောင်းအုပ်ကြောက်ရ၊ ပြာတာကြောက်ရနဲ့ရယ်။ အနန္တဂိုဏ်းဝင်မဟုတ်ဘဲ အစေခံဂိုဏ်းဝင်ကိုဖြစ်လို့ရယ်။ လက်ထဲ အာဏာနည်းနည်းရောက်သွားရင် ဆရာ၊ ဆရာမတွေကို ဘာ့ကြောင့် အနိုင်ကျင့်ချင်ကြတယ် မသိဘူး။ ရူးများနေကြသလားလို့တစ်ခါတလေ စဉ်းစားမိပါသေးတယ်။

ကိုင်း…ထားပါတော့။ ဆရာ၊ ဆရာမကြီးတွေကလည်း မထွက်ကြတော့ အကျင့်ယုတ် ဂုပတာက ပိုညစ်ပါတော့တယ်။ ပထမဆုံးမဲကျသွားတာကတော့ သင်္ချာဆရာမကြီး ဗစ်ဒရာ ဖြစ်ပါတယ်။ ဆရာမကြီးဟာ ကျောင်းမှာ နှစ်ပေါင်းများစွာ သင်လာခဲ့တဲ့ဆရာမကြီးပါ။ အသင်အပြလည်းကောင်း၊ တပည့်တွေအပေါ်လည်း စိတ်ရှည် သည်းခံတဲ့ဆရာမကြီး ဖြစ်ပါတယ်။ တစ်နေ့မှာ ပင်ပန်းပြီးဖျားလို့ ကလေးတစ်ယောက်မလာတဲ့ ထိုင်ခုံပေါ်မှာ ထိုင်နားနေမိပါတယ်။ ဒါကိုတွေ့သွားတဲ့ ဂုပတာက ဆရာမကြီး ဗစ်ဒရာကို မိဘတွေက တိုင်တယ်ဆိုတဲ့စာအတုနဲ့ အလုပ်ထုတ် လိုက်ပါတော့တယ်။

ကိုင်း…ကျန်တဲ့ဆရာဆရာမတွေက ဒီအတိုင်းပဲ ငြိမ်ခံနေကြလို့ ဂုပတာက သူ့စိတ်ကြိုက် ညစ်လို့ရသွားမလား၊ ဒါမှမဟုတ် ရိုးသားပြီး အမှန်တရားမြတ်နိုးတဲ့ဆရာ၊ ဆရာမတွေက ပြန်တွန်းလှန်မလား။

(အော် သူတောင်းစားမိန်းမကြောက်သွားတဲ့စကားက “မတိတ်ဘူးလား၊ တိတ်မလား၊ နင့်လို ကောင်မ အစိမ်းဝတ်နဲ့ ခေါ်ပေးစားလိုက်ရမလား”တဲ့။ တစ်ချိန်က အဖြူအစိမ်းဝတ်ရတဲ့ ဆရာ၊ ဆရာမတွေခင်ဗျာ ဒွန်းစဏ္ဍားကတောင် မခန့်ကြပါလားလို့ စိတ်မကောင်းဖြစ်မိပါရဲ့။)