ဆားပုလင်းစိန်ဖိုးကွန့်နှင့် ရဲရဲတောက် ဒေါက်ဖိနပ်ဂိုဏ်း

0
199

ညီညီဇေယျ ရေးသည်။

တစ်နေ့သ၌ ကျွန်ုပ်နှင့် မိတ်ဆွေကြီး ဆားပုလင်းစိန်ဖိုးကွန့်တို့သည် အမှတ် (၂)၊ ဂေဇက်တီးယားလမ်းမပေါ်ရှိ အခန်းတွင် ချက်တင်ခေါ် အလ္လာပသလ္လာပစကားစမြည်များ ပြောဆိုလျက်ရှိကြလေသည်။

(၁)

ဆားပုလင်းစိန်ဖိုးကွန့်မှာ ကန်သာယာအနီး ရေမြောင်းအတွင်းသို့ မိဘပြည်သူများ အထိတ်တလန့်ဖြစ်စေရန် မိကျောင်းများ လာရောက်လွှတ်သွားသည့် တရားခံအား ထုတ်ဖော်ဖမ်းဆီးနိုင်ခြင်းမရှိသည့်ကိစ္စဖြင့် ရွှေဘိုဂတ်သို့ ဆပ်စပန်းရှင်းခြောက်လ အပြောင်းအရွှေ့ကျရာမှ ပြန်လည်ရောက်ခါစအချိန်ဖြစ်သဖြင့် ကျွန်ုပ်တို့မိတ်ဆွေနှစ်ဦးမှာ ရေပက်မဝင်အောင် ပြောဆိုအာတွေ့လျက်ရှိကြပေသည်။

ထိုစဉ် ကိုစိန်ဖိုးကွန့်က စကားကို ရုတ်တရက်ရပ်၍ တံခါးပေါက်ဘက်သို့ နားစွင့်ကာ “ဒါ…တစ်စုံတစ်ယောက်က တံခါးခေါက်နေတဲ့အသံပဲအိုင်ပီရ”

“အလို အင်မတန်နားပါးလှပါလား၊ ကျွန်တော်ဖြင့်မကြားမိတာ ဝန်ခံရလိမ့်မယ် အိုင်ပီရေ”

“ဝင်ခဲ့ပါ မိတ်ဆွေ”

တံခါးပွင့်သည်နှင့် တစ်စုံတစ်ယောက် ဝင်လာကာ ချက်ချင်းလဲကျသွားလေသည်။

“ဝုန်း”

“ဟာ”

ကျွန်ုပ်တို့လည်း အလျင်အမြန် ပွေ့ထူလိုက်ကြရ၏။

“ဟင် ခင်ဗျား…”

အလို အခန်းတံခါးခေါက် ဝင်ရောက်လာသူကား မိတ်ဆွေကြီး ကိုရိုနာဗိုင်းရပ်စ်ပါတကား။

ဟုတ်သည်။ လူမိုက်ကြီး လက်မရွံ့ကိုရိုနာပင်မဟုတ်လော။

“အလို မိတ်ဆွေကြီး လက်မရွံ့ကိုရိုနာ ကြည့်ရတာ အားအင်ချိနဲ့ ကြုံလှီလှချည်လားဗျာ”

“ဟုတ်…ဟုတ်ပါတယ်၊ ကျုပ် တံခါးတောင် ကောင်းကောင်းမခေါက်နိုင်တော့ပါဘူး”

“ဘယ်လိုဖြစ်ရတာလဲဗျာ”

လက်မရွံ့ကိုရိုနာမှာ မတ်လကုန် ရောက်ခါစ အချိန်များတုန်းကတော့ နာမည်ကျော်အရှိန်အဝါကြီးလှသည်။ လူတိုင်းက ကြောက်ကြသည်။

“ကိုရိုနာတဲ့ဟေ့”ဟု ဆိုလိုက်လျှင် အယောင်ယောင်အမှားမှား စိုးရိမ်ထိတ်လန့်တကြားတွေဖြစ်၊ အိမ်ထဲက အိမ်ပြင်တောင် မထွက်ဝံ့ကြသူတွေချည်း ဖြစ်ကုန်သည်။ အသက်အန္တရာယ်ပေးမည့်သူပင် မဟုတ်လော။ ထိုစဉ်က သူ့ပုံစံမှာ ထွားထွားကျိုင်းကျိုင်း သန်သန်မာမာ စောင့်ကြွားကြွား၊ ထောင့်မကျိုး၊ တစ်ကမ္ဘာလုံးလှည့် မိုက်ကြေးခွဲလာတာ ဘယ်သူ့မှ ဂရုစိုက်စရာမလိုဟူသော စတိုင်။ သို့သော် ကမ္ဘာပတ်မိုက်လာသော လက်မရွံ့ကိုရိုနာသည် ဆားပုလင်းစိန်ဖိုးကွန့်နှင့်တွေ့တော့ ဝပ်ဆင်းသွားခဲ့ရဖူးသည်။

ဆားပုလင်းစိန်ဖိုးကွန့်မှာ ပိုင်ရှင်မဲ့ကေတီဗွီဗိမာန်တော်ကြီးအမှုအတွက် သူ့ကိုယ်သူအနစ်နာခံကာ စားသုံးသူ ကာစတန်မာအသွင်ယူလျက် ကေတီဗွီမာဆက်များသို့ နေ့တိုင်း၊ ညတိုင်း အားကျိုးမာန်တက် သွားရောက်စုံစမ်းထောက်လှမ်းနေချိန်တွင် လက်မရွံ့ကိုရိုနာနှင့်တွေ့လာခဲ့ရခြင်း ဖြစ်လေသည်။

ဆားပုလင်းစိန်ဖိုးကွန့်မှာ ပါဆယ်သာရောင်းရသော လက်ဖက်ရည်ဆိုင်များတွင်ပင် တိတ်တဆိတ်လျှို့ဝှက်စွာ ရဲရဲရင့်ရင့် သက်စွန့်ဆံဖျား မှောင်ခိုထိုင်သောက်ရဲလောက်အောင် သတ္တိကောင်းသူဖြစ်ရကား လက်မရွံ့ကိုရိုနာကို ဂျင်းပြုတ်ရည်သောက်ခြင်း၊ အိပ်လိုက်၊ စားလိုက် ကိုယ်ခံအားကောင်းအောင်လုပ်ခြင်းဖြင့် တိုက်ခိုက်မောင်းထုတ်ရာ ကိုရိုနာမှာ ထွက်သွားလိုက်၊ ပြန်ဝင်လာလိုက် အကြိမ်ကြိမ်ဖြစ်ပြီးနောက် ဆားပုလင်းစိန်ဖိုးကွန့်နှင့် မိတ်ဆွေများ ဖြစ်သွားခဲ့ကြလေသည်။ ယခုမူ ထိုလူတိုင်းက ကြောက်လန့်ကြရသော ထွားကျိုင်းသန်မာလှသည့် လက်မရွံ့ကိုရိုနာကား ပိန်လှီချို့တဲ့ အားအင်ဆုတ်ယုတ်လျက်ရှိနေပြီ မဟုတ်လော။

“ဘယ်လိုဖြစ်လာရတာလဲဗျာ”

“ကျွန်ုပ်ရဲ့ဒုက္ခတွေကို မိတ်ဆွေကြီး ဆားပုလင်းစိန်ဖိုးကွန့်ကို ပြောပြအကူအညီတောင်းဖို့ လာခဲ့ရတာပါ။ ဒီလိုပါ…ကျွန်ုပ်ဟာ ခင်များတို့နိုင်ငံက ဒေါက်ဖိနပ်ဂိုဏ်းကြီးရဲ့ ခြိမ်းခြောက်ရန်ရှာမှုကို ခံနေရပါတယ်”

“ဗျာ ဘယ်လို၊ ဘာဂိုဏ်း”

“ဟုတ်ပါတယ်။ ရဲရဲတောက်ဒေါက်ဖိနပ်ဂိုဏ်းပါ။ အင်အားလည်း ကြီးလှပါတယ်။ အင်မတန်လည်းကြောက်စရာကောင်းလှပါတယ်”

(၂)

ရဲရဲတောက် ဒေါက်ဖိနပ်ဂိုဏ်းကြီး။ အသင်းဝင်ဂိုဏ်းသား အင်အားများပြားလှသော ဂိုဏ်းကြီးဖြစ်သည်။ အသင်းသားတိုင်း ရဲရဲနီသောအဝတ်အစားကို ဝတ်ဆင်သုံးစွဲကြသည်။ အသုံးပြုသော ယာဉ်ယန္တရားများကို အနီရောင် အသင်းတံဆိပ်များ ကပ်ထားတတ်ကြသည်။

အုပ်စုလိုက် သွားလာလှုပ်ရှားလေ့ရှိကြပြီး တစ်ယောက်ချင်း သွားလာကြလျှင်လည်း အနီရောင်များကို ဝတ်ဆင်ထားလေ့ရှိကြသည်။ အနည်းဆုံးတော့ အလံနီလေးပါတတ်ကြသည်။ဂိုဏ်းသားအချင်းချင်း ဆက်သွယ်ကြသော စကားဝှက်မှာ “ဒေါက်ဖိနပ်” ဟူ၍ဖြစ်သည်။

ဂိုဏ်းချုပ်ကြီးဆိုသည်ကို မည်သူမျှမမြင်ဖူး၊ မတွေ့ဖူးကြပေ။ အချို့ကလည်း ဂိုဏ်းချုပ်ကြီးတစ်ယောက်မက ရှိနိုင်သည်ဟုလည်း ထင်ကြေးပေးကြသည်။

ယခုတလောတော့ အဆိုပါဂိုဏ်းကြီးမှာ လှုပ်ရှားမှုများ ခပ်စိပ်စိပ်လုပ်လာသည်။ အင်အားများစွာဖြင့် လမ်းမတွေပေါ် တွေ့တွေ့လာရသည်။ မြို့ခံဂိုဏ်းသားများသာမက အခြားနီးစပ်ရာ နယ်ပယ်ဒေသတွေကပါ မြို့ထဲလမ်းတွေပေါ် လာရောက်အင်အားပြလှုပ်ရှားကြရာ လက်မရွံ့ကိုရိုနာအတွက် နေစရာမရှိ ဖြစ်လာတော့သည်။

“အဲဒီလိုနဲ့ ကျွန်ုပ်မှာ အနေခက်အသွားခက်၊ အစားခက်နဲ့ အင်အားချနဲ့ ပိန်လှီကြုံကွေးလာတာပါပဲဗျာ”

“အဲဒီတော့ ကျွန်တော်က ဘယ်လိုကူညီပေးရမလဲ”

“ဒီရက်ပိုင်းအတွင်း သူတို့ဂိုဏ်းရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦး လာလိမ့်မယ်။ အဲဒါ ခင်ဗျားက အဲဒီပုဂ္ဂိုလ်ကြီးကို ရအောင်ဖမ်းဆီးပြီး သူ့ဂိုဏ်းကလူတွေ ဘာလှုပ်ရှားမှုမှ မလုပ်ကြအောင် အမိန့်ထုတ်ခိုင်းဖို့ပါပဲ။ ဆားပုလင်းစိန်ဖိုးကွန့်အနေနဲ့ ဒီလောက်တော့ လုပ်ကိုင်ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်”

သတ္တိရှင်ကြီး ဆားပုလင်းစိန်ဖိုးကွန့် “ရဲရဲတောက်ဒေါက်ဖိနပ်ဂိုဏ်းကြီး”ကို တကယ်တမ်းရင်ဆိုင်ရတော့မည်ဆိုတော့ အနည်းငယ်စိတ်လှုပ်ရှားသွားလေသည်။ ဂိုဏ်းကြီးရဲ့အရေးပါတဲ့ပုဂ္ဂိုလ်ကြီးနှင့် ရင်ဆိုင်ရမည်မဟုတ်လား။

“ရ…ရပါတယ်လေ။ ကျွန်ုပ်စုံစမ်းထောက်လှမ်းပြီး ရအောင်ဖမ်းဆီး တောင်းဆိုပေးပါမယ်”

“ဝမ်း…ဝမ်းသာလိုက်တာ ဆားပုလင်းရာ”

“နို့ ဘယ်တော့ လာမှာတဲ့လဲ”

“မနက်ဖြန်လို့ သတင်းရထားပါတယ်”

(၃)

ကမ္ဘာကျော် စကော့တလန်ယပ်စုံထောက်အဖွဲ့ကြီးကလည်းကောင်း၊ လျှို့ဝှက်ထောက်လှမ်းရေးတွင် ကမ္ဘာ့ထိပ်သီးဖြစ်သော အစ္စရေးနိုင်ငံ ထောက်လှမ်းရေးအဖွဲ့ကြီးကလည်းကောင်း အကူအညီတောင်းခံကြရလျက် ထူးချွန်ဆုတံဆိပ်ပေါင်းများစွာ ချီးမြှင့်ခြင်းခံထားရသော နိုင်ငံကျော်စုံထောက်ကြီး ဆားပုလင်းစိန်ဖိုးကွန့်အတွက် ယခုလိုအမှုကိစ္စလေးမှာ အသေးအဖွဲသာလျှင်ဖြစ်ပေသည်။

ဟုတ်သည်လေ။ လူသိများထင်ရှားလှသော ရဲရဲတောက် ဒေါက်ဖိနပ်ဂိုဏ်းကြီး၏ အရေးပါသောပုဂ္ဂိုလ်ကြီးတစ်ယောက် တည်းခိုနေထိုင်မည့်နေရာကို စုံစမ်းထောက်လှမ်းရသည်မှာ ဟိုတယ်ကွာရင်တိုင်းကနေ ဈေးထွက်ဝယ်ရသလို အင်မတန်လွယ်လှသည် မဟုတ်လော။

“အိုင်ဆေးဒေါက်တာကြက်ဆင်၊ သိချင်တာလေးတွေတော့ သိခဲ့ရပြီဗျို့”

“တယ်လည်း သွက်လှပါလားဗျာ၊ ဘယ်လိုများ စုံစမ်းထောက်လှမ်းလိုက်တာတုန်း အိုင်ပီရယ်”

“ကန်သာယာတဝိုက်မှာ ကျုပ် သူငယ်ကလေးတွေရှိတယ်ဗျ”

“အော် အတွဲတွေကို မုန့်ဖိုးတောင်း၊ မရရင်လုကြယက်ကြတဲ့ ကလေးတွေက ခင်ဗျားလူတွေလား”

“အိုဗျာ မဟုတ်ပါဘူး။ အိုင်ပီနှယ်၊ ကျုပ်ကောင်လေးတွေက တခြားပါ။ အဲဒီကလေးတွေဆီကသတင်းအရ ဟိုပုဂ္ဂိုလ်ကြီးဟာ ကန်သာယာရေပေါ်ဟိုတယ် ပဉ္စမထပ်မှာ တည်းခိုလိမ့်မယ်တဲ့ဗျ”

“ဟန်ကျလိုက်လေဗျာ၊ သေချာပြီပေါ့၊ ခင်ဗျားခွင့်ပြုရင် ကျွန်တော်ပါ လိုက်ခဲ့ချင်ပါတယ်ဗျာ”

“ကောင်းတာပေါ့ ဒေါက်တာကြက်ဆင်ရယ်၊ အဲ ခင်ဗျားလက်စွဲတော် ခြောက်လုံးပြူးလေးတော့ယူခဲ့ဦးဗျို့၊ လိုရမယ်ရပါလေ”

(၄)

ညနက်သန်းခေါင်အချိန်ပင် ဖြစ်သော်လည်း ကန်သာယာရေပေါ်ငါးထပ်ဟိုတယ်ကြီးကား နေ့နှင့်မခြား စည်ကားသိုက်မြိုက်လျက်ရှိပေသည်။ ကျွန်ုပ်နှင့် ကိုစိန်ဖိုးကွန့်တို့သည် ညနေစောင်းကတည်းက ကန်သာယာပတ်လမ်းပေါ်က ဒေါ်လာသုံးရာတန် ခုံတန်းပေါ်တွင်ထိုင်ကာ ဟိုတယ်ကို အကဲခတ်လေ့လာခဲ့ကြပြီး ဖြစ်သည်။

ယခုတော့ ပုဂ္ဂိုလ်ကြီး၏ အခန်းရှေ့ရောက်နေကြပြီ။ ဂိုဏ်းသား အစောင့်အရှောက်များမှာ တစ်နေကုန် မြို့ပတ်အော်ဟစ်ကခုန်ခဲ့ကြ၍ မောပန်းအိပ်မောနေကြပြီ ဖြစ်သဖြင့် ကျွန်ုပ်တို့မှာအလွယ်တကူပင် အခန်းရှေ့ရောက်လာခဲ့ကြသည်။ ဆားပုလင်းစိန်ဖိုးကွန့်က ပုဂ္ဂိုလ်ကြီး၏ အခန်းသော့ပေါက်ကို ဘယ်ဘက်လက်သန်းဖြင့်ဖိလိုက်ရာ အလွယ်တကူပွင့်သွားလေသည်။

“ဟေ့ သူငယ်နှစ်ယောက် အခန်းသန့်ရှင်းရေးလားဟေ့။ မနက်မှလုပ်ကြပါကွယ်”

“ခွီး…ဒီမှာနိုင်ငံကျော် စုံထောက်ကြီး ဆားပုလင်းစိန်ဖိုးကွန့်နဲ့ သူ့မိတ်ဆွေဒေါက်တာကြက်ဆင်ဆိုတာ ကျုပ်တို့ပဲ၊ နည်းနည်းမှမကြားဖူးဘူးလား”

“နိုင်ငံကျော်တာပြောတယ်။ ကျုပ်တော့ခုမှကြားဖူးတာပါပဲ။ ကဲဆို ဘာကိစ္စ”

“အဟမ်း အခုချိန်ကစပြီး ခင်ဗျားကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါပြီ။ ယူအာအရက်စတက်”

ရဲရဲတောက်ဒေါက်ဖိနပ်ဂိုဏ်းကြီး၏ အရေးကြီးပုဂ္ဂိုလ်ကြီး၏ ကျောက်ပေါက်တို့ရှိသော မျက်နှာမည်းမည်းကြီးတွင် ချွေးများပြန်လာသည်။

“ခင်ဗျား ခုခံထွက်ပြေးဖို့ မကြိုးစားပါနဲ့တော့၊ လမ်းအားလုံးကို ကျုပ်လူတွေ ပိတ်ဆို့ထားပြီးပါပြီ”

“နိုင်ငံကျော်ထိုက်ပါပေတယ် စုံထောက်ကြီး၊ ခင်ဗျားလို သွေးအေးထက်မြက်သတ္တိကောင်းတဲ့စုံထောက်တစ်ယောက်လက်မှာ ဖမ်းခံရတာ ကျုပ်ဂုဏ်ယူပါတယ်”။(ဟင် ဘာမှလည်းမလုပ်လိုက်ရဘူး။)

“ကျုပ်တောင်းဆိုချင်တာတွေ ရှိပါတယ်”

“ပြော…ပြောပါစုံထောက်ကြီး”

ရဲရဲတောက်ဒေါက်ဖိနပ်ဂိုဏ်းကြီး၏ အရေးပါသော ပုဂ္ဂိုလ်ကြီးတစ်ယောက် ဆားပုလင်းစိန်ဖိုးကွန့်ရှေ့တွင် သိုးငယ်လေးလိုဖြစ်နေသည်ကို မြင်ရသည်မှာ ကျွန်ုပ်အဖို့ နှစ်ထောင်းအားရဖြစ်ခဲ့သည်ဆိုသည်ကို ဝန်ခံလိုပေသည်။

“ခင်ဗျားဂိုဏ်းသားတွေကို အစုလိုက်၊ အဖွဲ့လိုက် အင်အားပြကြတာတွေ ရပ်တန့်ပေးဖို့”

“ဒီလိုပါစုံထောက်ကြီး၊ သူတို့ခမျာ ငါးနှစ်မှတစ်ကြိမ်ပဲ ခုလိုလမ်းသလား၊ ရမ်းကားကြတာပါ။ ဒီတစ်ရက်၊ နှစ်ရက်လေးနဲ့ ရာဇဝတ်မှုကြီးလို မမြင်စေချင်ပါဘူး”

“ဒီတစ်ရက်၊ နှစ်ရက် လမ်းသလားကြပြီးရင် ရပ်ပြီလား”

“ရပ်ခိုင်းမှာပါ။ မနက်ဖြန်ကစပြီး ရဲရဲတောက်ဂိုဏ်းသားတွေကို လမ်းတွေပေါ် မမြင်စေရပါဘူး”

“ခင်ဗျားကတိပေးသလား”

“ကျုပ်ကိုယ်တိုင် အမိန့်ထုတ် ရပ်နားခိုင်းမှာပါ။ ကတိပေးပါတယ်၊ ကျုပ်ဟာ ရဲရဲတောက်ဒေါက်ဖိနပ်ဂိုဏ်းရဲ့ အထွေထွေစစ်ဆင်ရေးမှူးချုပ်ကြီး သလ္လာဝတီမဲကြီးပါပဲ”

နောက်နေ့ထုတ်သတင်းစာများတွင် ရဲရဲတောက်ဒေါက်ဖိနပ်ဂိုဏ်းကြီး၏ အထွေထွေစစ်ဆင်ရေးမှူးချုပ်ကြီး နာမည်ကျော်သလ္လာဝတီမဲကြီးဆိုသူအား ဆားပုလင်းစိန်ဖိုးကွန့်မှ ကန်သာယာရေပေါ်ငါးထပ်ဟိုတယ်ကြီးပေါ်တွင် သက်စွန့်ဆံဖျားလက်ရဖမ်းဆီးလိုက်ပြီဟူသော သတင်းအား ဘရိတ်ကင်းနူးအဖြစ် အလုအယက် ဖော်ပြကြလေသည်။

(၅)

ယခုတော့ ရဲရဲတောက်ဒေါက်ဖိနပ်ဂိုဏ်းသားတို့၏ အုပ်စုလိုက်၊ အဖွဲ့လိုက် သွားလာ နှောင့်ယှက်ကြသော အန္တရာယ်မှ ကင်းဝေးသွားခဲ့ပြီဖြစ်သည်။

“ကျေးဇူးတင်ပါတယ် မိတ်ဆွေကြီးဆားပုလင်းစိန်ဖိုးကွန့် ကျုပ်လဲခုမှပဲ ကိုယ့်အလုပ်ကို လုပ်ရတော့မယ်”

ယခုဆိုလျှင် မြို့ထဲလမ်းထဲမှာ ဥဒဟိုသွားလာနေကြပြီဖြစ်သော မိဘပြည်သူများကို တွေ့မြင်နေရသလို နှာခေါင်းစည်းတပ်ဖို့၊ လက်ဆေးဖို့ ခပ်ခွာခွာနေကြဖို့ ဆော်ဩလျက် လက်မရွံ့ကိုရိုနာကို ပြန်လည်ဂရုစိုက်လာကြပြီ ဖြစ်လေသည်။ အစကနေပြန်ကြောက်ကြပြီ။

“လက်မရွံ့ကိုရိုနာတဲ့ဟေ့။ ကမ္ဘာပတ်လာတာကွ”

အလို ကျွန်ုပ်တို့မိတ်ဆွေကြီး ပြန်လည်ကျန်းမာသန်စွမ်းလာပါပကော။

သတ်ဘေသတ်တာကန်သာယာ။