ဆားပုလင်းစိန်ဖိုးကွန့်နှင့် တက်ညီလက်ညီ ရှုပ်ထွေးပွေလီ

0
183

ပြင်သစ်ပြည်အရှေ့ပိုင်း လီယွန်မြို့ရှိ အင်တာပိုခေါ် နိုင်ငံတကာမှုခင်းရဲတပ်ဖွဲ့ဌာနချုပ် အဆောက်အအုံကြီးအတွင်းက အခန်းတစ်ခုထဲတွင် အရာရှိကြီးတစ်ယောက် ကွန်ပျူတာမျက်နှာပြင်ကိုကြည့်လျက် စိတ်လှုပ်ရှားစွာ ထိုင်လျက်ရှိသည်။ ထိုအရာရှိကြီးမှာ မစ္စတာကင်မ်ဟုခေါ်ကြသော အင်တာပိုအကြီးအကဲ ကင်မ်ဂျောင်ရန်ပင် ဖြစ်လေသည်။ ကွန်ပျူတာထဲမှ အီးမေးလ်ကိုဖတ်လျက် စိတ်လှုပ်ရှားလျက်ရှိသည်။

(၁)

အဆိုပါအီးမေးလ်မှာ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံကြီး၏ သမ္မတအိမ်တော်ရုံးခန်းမှ ပေးပို့လိုက်ခြင်း ဖြစ်သည်။ ထိုနိုင်ငံကြီးအနေဖြင့် လွန်စွာအရေးကြီးလှသော ရွေးကောက်ပွဲကြီး ပြုလုပ်ကျင်းပရန်ရှိကြောင်း၊ ယခုဆိုလျှင် ဒီဘိတ်ပွဲများပြုလုပ်လျက် ပြိုင်ဆိုင်ငြင်းခုန် ပြောဆိုမဲဆွယ်ကြတော့မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်သောကြောင့် ရွေးကောက်ပွဲကြီးနှင့်ပတ်သက်၍ မဲမသမာမှုများ၊မလိုလားအပ်သော မသမာမှုများ ပေါ်ပေါက်ဖြစ်ပျက်ခြင်းမရှိစေရန် အင်တာပိုရဲ တပ်ဖွဲ့ကြီးအနေဖြင့် ကြိုတင်လေ့လာစုံစမ်းထောက်လှမ်းပေးစေချင်ပါကြောင်း စသဖြင့် ရေးသားဖော်ပြလျက် သမ္မတကြီးကိုယ်တိုင် လက်မှတ်ရေးထိုး ပေးပို့လာခြင်းဖြစ်ပေသည်။

အင်တာပိုအရာရှိကြီးအနေဖြင့် စဉ်းစားရပြီ။ ယခုကဲ့သို့ကိစ္စများသည် အင်မတန်သိမ်မွေ့လျက်ပြတ်သားသင့်သည်ကို ပြတ်ပြတ်သားသား၊ ရဲရင့်ရမည်ကို ရဲရဲဝံ့ဝံ့မည်သူ့မျက်နှာမှ မထောက် ဆုံးဖြတ်လုပ်ဆောင်ရမည့် အမှုကိစ္စများဖြစ်သည်။ သို့ဖြစ်၍ ဘက်ပေါင်းစုံမှ စဉ်းစားတွေးခေါ် ဆင်ခြင်သုံးသပ် ဆုံးဖြတ်လုပ်ကိုင်နိုင်ရန်အတွက် အခြားနိုင်ငံများ၏ ရွေးကောက်ပွဲကျင်းပမှု အခြေအနေများကိုပါ လေ့လာရန် ဆုံးဖြတ်လိုက်လေသည်။ ဟုတ်ပြီ။ ထိုနိုင်ငံများသို့ သူ့လူများ စေလွှတ်လေ့လာခိုင်းရမည်။ အင်တာပိုအရာရှိကြီးသည် ဆုံးဖြတ်ချက်ချပြီး စိတ်လက်ပေါ့ပါးသွားဟန်ဖြင့် သူ၏အတွင်းရေးမှူးကို ဆက်သွယ်လိုက်သည်။

“စကော့တလန်နဲ့ အစ္စရေးနိုင်ငံတွေက အတော်ဆုံး ထောက်လှမ်းရေးအရာရှိတွေစာရင်း လိုချင်တယ်”

“ရက်စ် ဆာ”

(၂)

မြန်မာပြည်အလယ်ပိုင်း အနောက်မြောက်မြို့တော်ကြီးအတွင်း ဖြတ်သန်းသွားသော အေအိတ်ရှ်ဝမ်းခေါ် အမှတ်(၁)အာရှအဝေးပြေးလမ်းမကြီးပေါ်ရှိ “စိမ်းစို” ကွန်ဒိုမီဒီယာ၏ တစ်ခုသောအခန်းတွင်း။

“နိုက်စ်တူမိယူ…တွေ့ရတာဝမ်းမြောက်လှပါတယ် အဆွေတော်စုံထောက်ကြီး၊ ကျွန်တော်ကတော့ စကော့တလန်ယပ်က စုံစမ်းစစ်ဆေးရေးမှူးကြီး နေးလ်ဘာဆူးပါ ခင်ဗျာ”

“ဟုတ်ကဲ့ တွေ့ဆုံရတာဝမ်းမြောက်ဝမ်းသာရှိလှကြောင်းပါခင်ဗျာ၊ ကျွန်တော်က ဆားပုလင်းစိန်ဖိုးကွန့်ပါ”

“ဟုတ်ကဲ့၊ လာရောက်ရတဲ့အကြောင်းကတော့ အဆွေတော်စုံထောက်ကြီးလည်း သိရှိပြီးဖြစ်မှာပါ။အင်တာပိုအကြီးအကဲရဲ့ တာဝန်ပေးချက်အရ အဆွေတော်တို့နိုင်ငံရဲ့ ရွေးကောက်ပွဲကျင်းပပြုလုပ်ကြတာကို လေ့လာဖို့ ရောက်လာတာ ဖြစ်ပါတယ်။ ဒီနိုင်ငံကလူကြီးတွေရဲ့ ရက်ကွန်မန်းပေးချက်အရ စုံထောက်ကြီးဆားပုလင်းစိန်ဖိုးကွန့်ကို လာရောက်ဆက်သွယ် အကူအညီတောင်းခံရတာပဲဖြစ်ပါတယ်”

“ဟုတ်ကဲ့ ကြားရတာ ဝမ်းမြောက်လှပါတယ်။ ကျွန်တော် အများကြီးကူညီပေးနိုင်ပါတယ်။ အဆွေတော်သိလိုတာမှန်သမျှ၊ ဆောင်ရွက်လိုတာမှန်သမျှ လိုက်လံဆောင်ရွက်ပေးနိုင်ပါတယ်”

“သင့်ခရူဆိုးမတ်ချ် အများကြီးဝမ်းသာပါတယ်”

ဤသို့ဖြင့် စုံထောက်ကြီးဆားပုလင်းစိန်ဖိုးကွန့်မှ ပြည်တွင်းဖြစ် နှစ်သုံးဆယ်သက်တမ်းရှိ နှစ်ချို့ကြက်ဆူဝိုင်အကောင်းစားဖြင့် တည်ခင်းဧည့်ခံကာ ဆောင်ရွက်ကြမည့်လုပ်ငန်းစဉ်များအား တိုင်ပင်ပြောဆိုဆွေးနွေးကြလျက် နှစ်ဦးနှစ်ဖက် ပေါင်းစပ်ညှိနှိုင်း လုပ်ကိုင်ဆောင်ရွက်ကြမည်ဖြစ်ပါကြောင်းနှင့် လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးသဘောတူဆုံးဖြတ်ကြကာ မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာကြလေသည်။

(၃)

“ဟင် ဟိုရှေ့က ရဲရဲနီလူအုပ်ကြီးတွေက ဘာ…ဘာလုပ်ကြတာလဲ၊ အလံတွေနဲ့ ဟာကလေးလေးတွေရောပါလား”

“ဒါ ကျွန်တော်တို့နိုင်ငံမှာ မဲဆွယ်တာပါ။ သူတို့ထောက်ခံတဲ့ပါတီကို မဲပေးမယ့်အကြောင်း အင်အားပြမဲဆွယ်ကြတာပါ”

“ဟင် ခင်ဗျားတို့နိုင်ငံလည်း ကိုဗစ်ဖြစ်နေတာလေ၊ ကျွန်တော်တောင် ဆေးစစ်ပြီး ထောက်ခံစာနဲ့လာရတာပဲ၊ ဒီနိုင်ငံမှာလည်း လူစုလူဝေးမလုပ်ရဘူးလို့ စာထုတ်ကြေညာထားတယ်လို့ ကျွန်တော်သိရတယ်၊ အရေးမယူဘူးလား”

“အဲ…ဟို…မယူ..အဲယူမယ်ထင်ပါတယ်”

“ရိုက်တ် ယူရမှာပေါ့၊ အိုးမိုင်ဂေါ့ ဟိုမှာ တချို့ဆို မတ်စ်တောင် တပ်မထားကြပါလား၊ အိုး…လူတွေကလည်း ပူးကပ်လို့…အိုးမိုင်ဂေါ့”

“အခုဆို ရောဂါကာကွယ်ရေးအနေနဲ့ရော၊ မဲရုံတွေမှာ လူတွေတအားများမနေအောင်အတွက်ရော အသက် ၆၀ ကျော်တွေနဲ့ ကျန်းမာရေးမကောင်း၊ မသွားမလာနိုင်သူတွေကို ကြိုတင်မဲပေးဖို့လုပ်ဆောင်နေပါပြီ”

စကော့တလန်ယပ်မှ ကမ္ဘာကျော်စုံစမ်းစစ်ဆေးရေးမှူးကြီးသည် အမှတ်(၁)အာရှအဝေးပြေးလမ်းမကြီးဘေးရှိ ကန်သာယာရေပေါ်ဟိုတယ်ကြီးတွင် တည်းခိုနေထိုင်လျက် မြန်မာစုံထောက်ကျော် ဆားပုလင်းစိန်ဖိုးကွန့်ထံ မေးမြန်းလေ့လာလျက်ရှိသည်။

“ခုသိရတဲ့သတင်းကတော့ တံဆိပ်တုံးအတုကိစ္စပါပဲ”

“ဘယ်လို တံဆိပ်တုံး….အတု”

ကြိုတင်မဲပေးရာတွင် တံဆိပ်တုံးအတုများဖြင့် လဲလှယ်ကာ မဲမသမာမှုများ လုပ်ကြကြောင်း။ကြိုတင်မဲများကို စိတ်မချကြသဖြင့် မဲရုံများတွင် မဲပုံးများကို စောင့်အိပ်ကြရကြောင်း။

“ဟင် အဲဒီလိုကိစ္စအတွက် ရေးယူမယ်ဆိုပြီး သတ်မှတ်စည်းကမ်း ထုတ်ပြန်ကြေညာထားတယ်မဟုတ်လား၊ အရေးမယူဘူးလား”

“အဲ…မယူ ဟို အဲ ယူယူ ယူမှာပါ”

“ဒါနဲ့ စုံထောက်ကြီး၊ ခင်ဗျားက အပြင်လည်းမထွက် ဘယ်မှလဲမသွားပဲနဲ့ သတင်းတွေ အကုန်သိနေပါလား။ တပည့်တပန်းတွေများ…များ”

“နိုး…နိုး…ဒီလိုပါ။ ကျွန်တော်တို့နိုင်ငံမှာ ဆိုရှယ်မီဒီယာကနေ အလုပ်လုပ်ကြပါတယ်။ အထူးသဖြင့် မြန်မာပြည်မှာ အသုံးများဆုံး ဆိုရှယ်မီဒီယာဟာ ဖေ့စ်ဘွတ်ခ်ပါ။ ဖေ့စ်ဘွတ်ခ်ကနေ အကုန်သိနိုင်ပါတယ်။ သတင်းတွေသိရမယ်။ ကြေညာချက်တွေ စာတွေလည်း ထုတ်ပါတယ်။ ဈေးလည်းဝယ်လို့ရပါတယ်။ ပညာလည်းသင်လို့ ရပါတယ်။ စိတ်ထဲရှိသမျှလည်း ဖွင့်ထုတ်ဆဲဆိုလို့ရပါတယ်၊ နောက်ဆုံး နိုင်ငံတော်အကြီးအကဲတွေဆီအထိ တိုက်ရိုက်ဆက်သွယ်လို့ ရပါတယ်”

“အိုးမိုင်ဂေါ့ ခင်များတို့ မီယန်မားပြည်ဟာ အီးဂါးဘားမန့်ကို ကောင်းကောင်းဖော်ဆောင်နိုင်တော့မှာပါလား”

ဒီနေ့တော့ ရပ်ကွက်တွေအတွင်း ဆင်းလေ့လာကြသည်။

“ဟို အိတ်တွေကိုးယိုးကားယားနဲ့ လူတွေက ဘာလုပ်ကြတာလဲ”

“အသက်ကြီးပြီး မဲရုံကို မလာနိုင်သူတွေကို ကြိုတင်မဲပေးနိုင်ဖို့ အိမ်တိုင်ရာရောက်လုပ်ဆောင်ပေးနေတာပါ”

“ဟင် မဲပုံးလည်း မယူလာကြပါလား၊ မဲတွေဘာနဲ့ပြန်သယ်ကြတာလဲ”

“အဲ အဲဒီမှာ တွေ့လား၊ ကျွတ်ကျွတ်အိတ်လို့ခေါ်တဲ့ အိတ်ထဲတခါတည်း ထည့်ယူတာပါ”

“အိုးမိုင်ဂေါ့ အိတ်နဲ့ထည့်သလား၊ အဲဒါလည်း ဘယ်လိုသယ်ယူရမယ်လို့ စည်းကမ်းသတ်မှတ်စာထုတ်ထားတယ်မဟုတ်လား၊ အရေးမယူဘူးလား”

“အဲ ဟို မယူ……အဲ ယူ….ယူမှာပါ”

“အဲလူတွေကလည်း များလှပါလား”

“ဟို…မယုံကြတော့ လိုက်ကြည့်ကြရင်း များများသွားတာပါ”

“အိုး…မဲရုံမှာ ကြိုတင်မဲပေးကြသူတွေ များသားပဲ”

“မဲလာပေးသူက နည်းနည်းပါ။ ကျန်တာကူညီသူတွေ၊ ဝန်းရံသူတွေ ဟိုဘက်သည်ဘက်ပါတီက စောင့်ကြည့်သူတွေ များနေတာပါ”

“ဟင် အဲတာလည်း မဲရုံမှာ ဘာတာဝန် ဘယ်နှယောက်၊ ဘယ်လိုကိစ္စအတွက် ဘယ်နှယောက်ဆိုပြီး စည်းကမ်းသတ်မှတ် စာထုတ်ထားတယ်မဟုတ်လား၊ အရေးမယူဘူးလား”

“အဲ မ…မယူ၊ ဟိုယူ…ယူမှာပါ”

ဤသို့ဖြင့် စကော့တလန်ယပ်မှ စုံစမ်းစစ်ဆေးရေးမှူးကြီးမှာ မြန်မာပြည် ကိုဗစ်ပထမလှိုင်းကွာရင်းတိုင်း ရက်အကြာခန့် (၂၈ ရက်လို့ ပြောတာပါဗျာ) နေထိုင်လေ့လာသွားလေသည်။

(၄)

တနေ့သ၌ ဆားပုလင်းစိန်ဖိုးကွန့်သည် အမှတ်(၁) အာရှအဝေးပြေးလမ်းမပေါ်ရှိ ၎င်း၏အခန်းတွင် ဥရောပမှ လက်ဆောင်ရထားသော ကာလိုလန်ဘာတီအမှတ်တံဆိပ် မဟော်ဂနီရောင် တယောပြားလေးနှင့် “ဖုစတက်အင်ဟိုက်ဟီးရဦး”ဟူသောသီချင်းကို တီးလျက်ရှိစဉ် ၎င်း၏စက်မှုတစ်ထုတ် မိတ်အင်မြန်မာ m- phone 13 pro ဖုန်းထံမှ “ချွင်”ဟူသော မက်ဆေ့ချ်သံ ကြားလိုက်ရလေသည်။

“အလို စကော့တလန်က မိတ်ဆွေကြီးဆီက အီးမေးလ်ပါလား”

“ခင်မင်ရပါသော အဆွေတော်စုံထောက်ကြီး ဆားပုလင်းစိန်ဖိုးကွန့် ရောဂါဘယကင်းဝေး၍ကျန်းမာရွှင်လန်းပါစေကြောင်း နှုတ်ခွန်းဆက်သပါသည်။ ကျွန်ုပ်မှာ အဆွေတော်တို့နိုင်ငံမှ လေ့လာပြီး ပြန်ရောက်ကတည်းက အလုပ်များလျက်ရှိသဖြင့် ယခုမှဆက်သွယ်နိုင်သည်ကို ခွင့်လွှတ်စေချင်ပါသည်။ ယခုကျွနု်ပ်မှာ ရာထူးတိုးလျက်ရှိပါသည်။ အဆွေတော်တို့နိုင်ငံကို လာရောက်လေ့လာခဲ့ရသည်မှာ လွန်စွာကျေးဇူးကြီးလှပါပေသည်။ အကြောင်းမှာ လွန်စွာရှုပ်ထွေးပွေလီလှသော အဆွေတော်တို့၏ ရွေးကောက်ပွဲအခင်းအကျင်းအား ထဲထဲဝင်ဝင် စေ့စေ့စပ်စပ်လေ့လာပြီး ကျွန်ုပ်တာဝန်ကျရာ နိုင်ငံကြီး၏ရွေးကောက်ပွဲကို အကြံပေးလုပ်ကိုင်စေခဲ့ပါသည်။ ယခုအခါ ထိုနိုင်ငံကြီးမှာ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ပြီးသွားခဲ့ပါပြီ။ ပြည်သူများလိုလားသော ရလဒ်ရအောင်လည်း လုပ်နိုင်ခဲ့ပါသည်။ အဆွေတော်တို့ နည်းနာနိသယများကို အတုယူလျက် လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းကြောင့် လိုချင်သောရလဒ် ထွက်ခဲ့သည်ဖြစ်လေရာ အဆွေတော်နှင့်တကွ လူကြီးမင်းများအား ကျေးဇူးအထူးတင်ရှိပါကြောင်း…” စသဖြင့် ရေးသားထားလေရာ ဆားပုလင်းစိန်ဖိုးကွန့်မှာ များစွာဝမ်းသာ အားရဖြစ်ရလေသည်။ မိမိနိုင်ငံ၏ရှုပ်ထွေးပွေလီလှသော အခင်းအကျင်းများကိုလည်း တစိမ့်စိမ့် ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိနေပေရာ လူဆိုသည်မှာ တစ်စုံတစ်ရာစိတ်လှုပ်ရှားစွာခံစားရလျှင် မိမိတို့စိတ်ကူးပေါက်ရာ လုပ်လေ့ရှိကြသည့်အတိုင်း ဆားပုလင်းစိန်ဖိုးကွန့်လည်း တယောပြားလေးကိုပြန်ချိတ်၊ အပေါ်အကျင်္ီကောက်ဝတ်လျက် မြန်မာပြည်ဖြစ် စက်မှုတစ်ထုတ် မောင်ဗမာဆလွန်းကားကိုမောင်းလျက် ကန်သာယာရေပေါ် ဟိုတယ်ကြီးဆီသို့ အပန်းဖြေထွက်သွားလေတော့သည်။

သတ်ဘေသတ်တာ ကန်သာယာ