ဆားလင်းကြီးအထည်ချုပ်စက်ရုံ လကုန်ထိ ပိတ်ပေးရန် အလုပ်သမားအဖွဲ့ တောင်းဆို

0
4085

ဆားလင်းကြီး၊ ဧပြီ – ၂၁

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ရှိ ချည်မျှင်နှင့်အထည်စက်ရုံမှာ လူစုလူဝေးများနေ၍ ယခုလကုန်ထိ ပိတ်ပေးရန် အခြေခံအလုပ်သမားအဖွဲ့အစည်းမှ COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ဗဟိုကော်မတီထံတင်ပြထားသည်။

စက်ရုံကို ဧပြီ ၂၀ ရက်နေ့က ပြန်ဖွင့်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကိုလည်း လိုက်နာမှုအားနည်းနေသည်ဟု အလုပ်ရုံစုမှူး ဦးစောဝေထွန်းက ပြောသည်။

တစ်နိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံများကို ယခုလကုန်ထိ စစ်ဆေးမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန အကြံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီးမှသာ ဖွင့်ခွင့်ပြုမည်ဟု အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

”အလုပ်သမားရုံးက ထုတ်တဲ့ဟာသည် ဝန်ချင်းဌာနချင်းထုတ်တာ ဖြစ်တဲ့အတွက် သူလိုက်နာစရာလိုသလားဆိုတဲ့ အပေါက်မျိုးလည်း သူတို့စဉ်းစားတွေခေါ်တာရှိနိုင်တယ်။ ဂရုသိပ်မစိုက်ဘူး။ အရေးမကြီးဘူးဆိုတဲ့ အနေအထားမျိုးလည်းတွေ့ရတယ်”ဟု ဦးစောဝေထွန်းက ပြောသည်။

စက်ရုံတွင် အလုပ်သမား ၁၆၀၀ ကျော်ရှိပြီး တစ်ရက်လျှင် အလုပ်သမား ၈၀၀ ဖြင့် တလှည့်စီ အလုပ်ဆင်းကြသော်လည်း ဝင်ပေါက်တွင် အပူချိန်တိုင်းတာခြင်းနှင့် လက်ဆေးခြင်းလောက်သာ စီစဉ်ထားသည် ဟုဆိုသည်။

အလုပ်သမား အကြို၊ အပို့တွင်လည်း ကားတစ်စီးလျှင် အယောက် ၃၀ မှ ၅၀ ကြား တင်ဆောင်နေသည်ဟု ဆိုသည်။

စက်ရုံသည် အရှုံးပေါ်နေ၍ မဖြစ်မနေလည်ပတ်ရန်လိုအပ်သော စက်ရုံမဟုတ်ဘဲ စက်ရုံရပ်နားပါက ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ပြီး ရေခ၊ မီတာခနှင့် ဖယ်ရီစရိတ်များ သက်သာမည်ဖြစ်သည် ဟု အလုပ်သမားအဖွဲ့က ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here