ဆေး

0
152

တကမ္ဘာလုံးက စိုးရိမ်ထိတ်လန့်စွာ စောင့်ကြည့်ကြလျက်ရှိသော၊ ကူးစက်မှုနှုန်းမြင့်လျက် သေဆုံးသူ အရေအတွက်ပါ တဖြည်းဖြည်းများလာနေသော “ဝူဟန်ကော်ရိုနာဗိုင်းရပ်ရောဂါ” ခေါ် ကြောက်စရာ ကူးစက်ရောဂါကြီးအား အမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်စွမ်းသောဆေးကို မြန်မာနိုင်ငံက ထုတ်လုပ်လိုက်ပြီဟူသော သတင်းသည် ကမ္ဘာတခွင်က အွန်လိုင်းမီဒီယာများ၊ ပရင့်မီဒီယာခေါ် ပုံနှိပ် မီဒီယာများအားလုံးတို့တွင် သူ့ထက်ငါဦးအောင် ဖော်ပြလျက်ရှိကြသည်။ ဟုတ်သည်။

“ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်”မှ ဖြစ်ပွားသော ရောဂါကို လုံးဝပျောက်ကင်းသွားအောင် ကုသနိုင်သော ဆေးအား မြန်မာနိုင်ငံက အောင်မြင်စွာ စမ်းသပ်ဖော်ထုတ်နိုင်ခဲ့ပြီ မဟုတ်လော။ မည်သည့်ဌာနက မည်သူက စတင်တွေ့ရှိ စမ်းသတ်ထုတ်ဖော်နိုင်ခဲ့ပါသနည်း။ မြန်မာပြည်အလယ်ပိုင်းဒေသ၊ အနောက်မြောက်တိုင်းမြို့တော်ကြီးမှ ‘ဦးချမ်းငြိမ်း’ ဆေးရုံကြီးပိုင်ရှင် ဆရာဝန်ကြီး ဦးသန့်ဝင်းပင်မဟုတ်လော။

အမေရိကန်မန်ဆာချူးဆက်ဆေးသုတေသန မဟာဌာန၊ စိန့်လူးဝစ်က ဝါရှင်တန်ဆေးတက္ကသိုလ်၊ ဂျွန်ဟော့ကင်းဆေးတက္ကသိုလ်၊ အာရီဇိုးနား ဆေး သုတေသနစသော ကမ္ဘာကျော် ဆေးသုတေသန ဌာနကြီးများကိုကျော်လျက် မြန်မာနိုင်ငံအလယ်ပိုင်းက ဆရာဝန်ကြီးတစ်ဦးက တွေ့ရှိသည်ဆိုသောကြောင့်လည်းကမ္ဘာတဝှမ်းမှ စိတ်ဝင်တစားရှိကြလျက် ရှိကြပေသည်။

စီအန်အန်သတင်းဌာနမှ ဂျင်အက်ကိုစတာ၊ နာတလီ အေလန်၊ ဘီဘီစီသတင်းဌာနမှ ကေတီကေး စသောသတင်းထောက်အကျော်အမော်များနှင့် နိုင်ငံတကာသတင်းရုပ်သံများမှ သတင်းထောက်များစွာသည်လည်း မြန်မာနိုင်ငံတွင်းသို့ တဖွဲဖွဲဝင်လာလျက် ရှိကြသည်။ ယနေ့ဆိုလျင် WHO က အကြီးအကဲ မစ္စတာတက်ဒရော့ပင် ရောက်လာလိမ့်ဦးမည်မဟုတ်လော။ ဟုတ်ပေသည်။ ယနေ့ဆိုလျှင် ကုသဆေးတွေ့သူဆရာဝန်ကြီးမှ သတင်းစာရှင်းလင်းပွဲလုပ်မည်ဖြစ်သဖြင့် မြန်မာနိုင်ငံ၏လေဆိပ်မှန်သမျှရှိ ရပ်နားထားသော လေကြောင်းလိုင်းများအားလုံးပြန်လည်ပြေးဆွဲပျံသန်းနေကြပြီ။ လေဆိပ်များတွင်လည်း ကာကွယ်ကုသဆေးတွေ့ပြီဖြစ်သောကြောင့် မည်သည့်စောင့်ကြည့်စစ်ဆေးမှုကိုမျှ ပြုလုပ်ခြင်းမရှိတော့ပ​ေ။ လေဆိပ်များတွင် စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ရန် စီမံထားစဉ်က နိုင်ငံတကာကသတင်း ထောက်အချို့ လာရောက်လေ့လာကြရာ”ဖျား” သွားကြရှာသဖြင့် အစီအမံများကို ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်ဟုလည်း ဆိုကြလေသည်။

မြန်မာနိုင်ငံမှာလည်း မျက်နှာဖုံးတပ်ခြင်း၊ လက်အိပ်စွပ်ခြင်း၊ လက်ဆေးခြင်း စသည်တို့ကို မည်သူမျှမလုပ်ကြပေ။ ဆေးတွေ့ပြီမဟုတ်လား။

မကြာမီ ဆရာဝန်ကြီး ဦးသန့်ဝင်း၏ သတင်းစာ ရှင်းလင်းပွဲကြီး စတင်တော့မည်ဖြစ်ပေသည်။ တရုတ်နိုင်ငံမှ သမ္မတကြီးကိုယ်တိုင် လာရောက် နားထောင်မည်ဖြစ်ရာ အနောက်မြောက်မြို့တော်ကြီးတွင် တချို့ယာဉ်လမ်းများပိတ်လျက် လုံခြုံရေးများတိုးမြှင့်ချထားလျက်ရှိရာ သတင်းယူရန် ထွက်လာသော မုံရွာဂေဇက်သတင်းထောက်ချုပ်မှူးကြီး ကိုသေတ္တာမှာ လမ်းများမှားလျက်ရှိသောကြောင့် မိန်းမဖြစ်သူကို လမ်းမေးလျက်ရှိနေရှာသည်။ အမှန်မှာ ဒီပွဲကို သူတက်ရန်မဟုတ်ပေ။ ဂျာနယ်၏ ဂျီတီတီခေါ် အထွေထွေတောက်တို မောင်မြင့်မောင်ကို လွှတ်ရန်ဖြစ်သည်။ သို့သော် မောင်မြင့်မောင်မှာ ဂျာနယ်လစ်လိုလို၊ ဗော်ကယ်လစ်လိုလို၊ ကွန်ပိုဆာလိုလို၊ ကျူရှင်ဆရာလိုလို အသံဖမ်းအင်ဂျင်နီယာလိုလို၊ ဂစ်တာပလေယာ လိုလိုဖြစ်ရကား ထိုနေ့ကလည်း သူတို့၏”လမ်းပေါ်ကအသံ”ဂီတပွဲကြီးအတွက် သီချင်းတိုက်စရာရှိသည် ဆိုသဖြင့် ကိုသေတ္တာ ကိုယ်တိုင်လာရခြင်းဖြစ်လေသည်။ သတင်းစာရှင်းလင်းပွဲကျင်းပရာ မြို့တော်ခန်းမကြီး၏ ၃၂ ထပ်မြောက် “ဘောလ်ရွမ်း”အဝင်ဝတွင်တော့ မုံရွာလွယ်အိတ်များ၊ ပိုက်ဆံအိတ်များ၊ တဘက်များ၊ စောင်များ ရောင်းချလျက်ရှိသော “ညာသောအိမ် ” အမည်ရှိ အမှတ်တရပစ္စည်းဆိုင်ကို တွေ့ရသည်။

We stand with Corona ဟု စာတမ်းရေးထိုးထားသောပစ္စည်းများမှာ ထိုနေ့ကအရောင်းရဆုံးဟု ဆိုင်ပိုင်ရှင် ဦးကက်သိုက နောင်တွင်ပြန်ပြောပြလေသည်။

ခန်းမအတွင်းရှိပရိတ်သတ်များ လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။ ဟုတ်သည်။ ကုသဆေးရှာဖွေတွေ့ရှိသူ ဆရာဝန်ကြီး ဦးသန့်ဝင်း သူ၏အတွင်းရေးမှူးမလေးနှစ်ယောက်နှင့်အတူ သတင်းစာရှင်းလင်းပွဲကျင်းပရာ မြို့တော်ခန်းမ ၃၂ ထပ်သို့ရောက်လာပြီမဟုတ်လော။ ဤသမိုင်းဝင်ကမ္ဘာကျော် သတင်းစာရှင်းလင်းပွဲကြီးအား ကမ္ဘာ့ရုပ်သံအသီးသီးမှ ဘာသာစကား ၄၃ မျိုးဖြင့် တိုက်ရိုက်လွှင့်လျက် တင်ဆက်ကြမည်ဖြစ်သည်။

“အဟမ်း အားလုံးသိပြီးကြတဲ့အတိုင်း ဒီဗိုင်းရပ်ဟာ စွဲကပ်ခံရရင်သေစေနိုင်လောက်တဲ့အထိ ပြင်းထန်ပါတယ်။ ကူးစက်နိုင်ပါတယ်။ ဒါ့ကြောင့် ကမ္ဘာနဲ့အဝန်း ကာကွယ်ကုသဆေးတွေ ကြိုးကြိုးစားစား ရှာဖွေခဲ့ကြပါတယ်”

ဆရာဝန်ကြီးက မျက်မှန်ကိုပင့်တင်လိုက်သည်။ “အဲဒီလို အင်မတန်သိရခက်တဲ့ ပြင်းထန်လှတဲ့ ဒီဗိုင်းရပ်စ်ပိုးကို တိုက်ခိုက်အနိုင်ယူ သတ်ဖြတ်နိုင်တဲ့ ဆေးကို အခုဆို ကျနော်တွေ့ခဲ့ပါပြီ”

ပရိသတ်များထံမှ ဝေါကနဲ အသံထွက်လာကာ လက်ခုပ်သြဘာများတီးလျက်ဂုဏ်ပြုကြသည်မှာ ၁၃ မိနစ်နှင့်၂၄ စက္ကန့်ကြာလေသည်။

“ကျနော်ဘယ်ကနေ ရှာဖွေတွေ့ရှိသလဲဆိုတော့ ကျနော်တို့မြို့ရဲ့ ရေမြောင်းတွေထဲက ရေညှိပင်တမျိုးကနေ တွေ့ပါတယ်”

ပရိသတ်က အပ်ကျသံမျှမကြားရအောင် တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်လျက်ရှိသည်။

“ကျနော်တို့မြို့က ရေမြောင်းတွေထဲမှာ ဒီလို Algae ခေါ် ရေညှိပင်တွေတွယ်ကပ်ပေါက်ရောက် နေပါတယ် ”

ပရော်ဂျက်တာတွင် အစိမ်းရင့်ရောင်ရေညှိပင် ပုံများပေါ်လာသည်။

“ဒီရေညှိပင်တွေရဲ့ သက်တမ်းဟာ နှစ်ပေါင်း၈၀ ကျော်နေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ မြို့ရဲ့ရေမြောင်းတွေဟာလည်း နှစ်ပေါင်း ၈၀ ကျော်နေပါပြီ။ တခါမှ မြောင်းပြန်ဖော်ခြင်း၊ ရေစီးရေလာကောင်းအောင်ဆယ်ခြင်း စတာတွေ မလုပ်တဲ့အတွက် ရေညှိပင်တွေဟာ လွတ်လပ်ကောင်းမွန်စွာ ရှင်သန်ပေါက်ပွားလျက်ရှိပါတယ်။ နှစ်ပေါင်းကြာလာတာနဲ့အမျှ ခံနိုင်ရည်တွေလည်းကောင်းလာပါ တယ်။ ဘယ်လောက်အဆင့်ရှိတဲ့ ဗိုင်းရပ်စ်မျိုးကိုမဆို သတ်ဖြတ်ခြေဖျက်ပစ်နိုင်စွမ်းရှိပါတယ်”

ပရော်ဂျက်တာပေါ်တွင် ရေညှိဆဲလ်များက ဗိုင်းရပ်စ်များကို ခဏအတွင်း ခြေဖျက်တိုက် စားပစ်လိုက်သည်ကို မြင်ကြရသည်။

“ဟလို အိတ်စကျုမီဒေါက်တာ၊ ကျနော်တခုလောက်မေးပါရစေ။ တကမ္ဘာလုံးရောဂါပြန့်နေတော့ ဆေးဝါးလိုအပ်ချက်က အင်မတန်များပါလိမ့်မယ်။ ကုန်ကြမ်းလုံလောက်စွာ ရှိ၊ မရှိ”

“အာဟား မပူပါနဲ့။ ကျနော်တို့တမြို့လုံး ဘယ်မြောင်းကြိုမြောင်းကြားနှိုက်နှိုက် ရေညှိတွေအများကြီးပါ။ မြောင်းတွေမဖော်မဆယ်မပြုပြင်တာလဲ ကြာပြီဆိုတော့ ရေညှိတွေပေါမှပေါပါ။ သက္ကရာဇ် ၂၁၂၀ လောက်ထိကို လောက်ပါတယ်”

“ကျေးဇူးတင်ပါတယ်ဒေါက်တာ”

လက်ခုပ်သံများ။

ထို့နောက်ရက်များတွင် ဆရာဝန်ကြီးမှာ နိုင်ငံတကာသို့ ရေညှိဟောပြောပွဲများစွာ၊ ရေညှိ ဖိုရမ်များစွာ၊ရေညှိဆမ်ပိုစီရမ်များစွာမှ ဖိတ်ကြား ခံရလျက်အိမ်မှာ မနေရဘဲ သွားလာတက်ရောက်လျက်ရှိနေရသည်မှာ ၂၀၂၀ အတွက် ဆေးဘက် ဆိုင်ရာနိုဘယ်ဆုရှင်အဖြစ်ပင် လျာထားခြင်းခံရသောဟူလေသည်။

အနောက်မြောက်တိုင်း မြို့တော်သူ၊ မြို့တော်သားတို့မှာလည်း မိမိတို့လမ်း၊ မိမိတို့အိမ်ရှေ့က တသက်လုံးမဆယ်မပြုခဲ့သော မြောင်းထဲကရေညှိများကို အသီးသီးဆယ်ရောင်းကြသည်မှာ လူတိုင်း တိုက်တွေကားတွေနှင့် ဖြစ်ကုန်ကြ၍ အမျှော်အမြင်ကြီးစွာ မြောင်းမဆယ်ဘဲထားသော၊ ရေစီးရေလာကောင်းအောင်မလုပ်ပဲထားသော လူကြီးမင်းများကိုလည်း တိုး၍ကြည်ညိုလျက်ရှိကြလေသောဟူလေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here