ဆွမ်းဦးပုညရှင်စေတီတွင် အန္တရာယ်ကင်း ပရိတ်ရွတ်

0
1229

အောင်မြင့်မြင့်
စစ်ကိုင်း၊ စက်တင်ဘာ-၂၇

ကမ္ဘာ့ကပ်ရောဂါကင်းစင်ပပျောက်ရေး ရည်ရွယ်၍ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်တွင် အန္တရာယ်ကင်းပရိတ်တရားတော်ကို သံဃာတော်များက သုံးရက်ဆက်တိုက် ရွတ်ဖတ်နေသည်။

စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိ သီတဂူဆရာတော်ကြီးမှ ဦးဆောင်၍ ဆရာတော်၊ သံဃာတော်များက ယခုလ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ပရိတ်တော်များ ရွတ်ပွားပူဇော်ကြခြင်း ဖြစ်သည်။

“ဒီနေ့ဖြစ်ပေါ်နေတဲ့ ကိုရိုနာကူးစက်ကပ်ရောဂါဘေး တစ်ကမ္ဘာလုံး ကင်းစင်ပပျောက်အောင် သီတဂူဆရာတော်ဘုရားကြီးအမှူးပြုပြီး ပုညရှင်စေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများရဲ့ဩဝါဒခံယူပါတယ်။ အန္တရာယ်ကင်းပရိတ်ရေများကို စစ်ကိုင်းမြို့အတွင်း လှည့်လည်ပက်ဖြန်းဖို့ စီစဉ်ထားပါတယ်”ဟု စစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက ပြောသည်။

ဆရာတော်သံဃာတော်များမှ ရတနာ့သုတ်ပရိတ်တော်နှင့် ဗောဇ္ဈင်ဂသုတ်ပရိတ်တော်များ ရွတ်ပွားပူဇော်ခြင်း၊ သတ္တဝါအားလုံး ကျန်းမာချမ်းသာစေရန် မေတ္တာပို့ဆုတောင်းခြင်းများ ဆောင်ရွက်ပေးခဲ့သည်။