ဇမ္ဗူတစ်ခွင်ခရိုင် ဘယ်သူယှဉ်ပြိုင်ကြမလဲရယ်လို့

0
99

ညီညီဇေယျ ရေးသည်။

“ကျုပ်ရွာကျုပ်ဒေသကို သူများတွေထက် သာချင်တာဗျ” “သူများဒေသတွေနဲ့ယှဉ်ရင် ကိုယ့်ဒေသ၊ ကိုယ့်ရွာပဲ အနိုင်ရချင်တာပေါ့ဗျာ” ဒါတွေက သူကြီးမင်းဦးစိန်ဖိုးကွန့်ရဲ့ လက်သုံးစကားတွေပေါ့။ ရွှေမြို့တော်ကြီးက ဝန်ကြီး၊ ဝန်လေး မှူးမတ်ဗိုလ်ပါ၊ ဗီဗီအိုင်ပီဆိုတာတွေနဲ့ ပြောဆိုကြရင်လည်းဒီစကားပဲ။ တိုက်နယ်ကျေးရွာတွေက သူကြီးမင်းတွေ အချင်းချင်းတွေ့ကြ၊ ဆုံကြပြီဆိုလည်း ဒီစကားပဲ။ မိဘပြည်သူ ကျေးရွာလူထုကြီးနဲ့ တွေ့ဆုံရတဲ့ ပွဲလမ်းသဘင် အခမ်းအနားတွေမှာဆိုလည်း ဒီစကားပဲ။

နောက်ဆုံး အိမ်ကမိသားစုတွေနဲ့ အလ္လာပသလ္လာပ စကားစမြည်ပြောကြတာတောင် “ငါ့ရွာဟာ သူများထက်သာရမယ်ကွ” ဆိုတာနဲ့ ပိတ်တာပဲတဲ့ကိုး။

ဆိုတော့ “ငါ့ရွာဟာ သူများထက်သာရမယ်ကွ”ဆိုတဲ့စကားဟာ သူကြီးမင်းဦးစိန်ဖိုးကွန့်ရဲ့ မူပိုင်ကော်ပီရိုက်လုပ်ထားတဲ့ အိုင်ကွန်းနစ်စပိချ်အော့ဖ်စိန်ဖိုးကွန့်ရယ်လို့တောင် ပြောစရာဖြစ်နေတော့တယ်။ တကယ်တော့ ဒီလိုပြောဆိုနိုင်အောင်ကလည်း အခြေအနေဖြစ်ခဲ့တာကိုး။ ဒီလိုအခြေအနေဖြစ်အောင်ကလည်း သူကြီးမင်းနောက်မှာ သင့်ခ်တန့် ခေါ်ခေါ်၊ ကွန်ဆော့လတန့် ခေါ်ခေါ်ခေါ်နိုင်တဲ့ အကြံပေးရှိတယ်လို့ ဆိုကြတာကိုး။ ဘယ်သူဖြစ်ရမလဲ သူကြီးမင်းရဲ့တူ၊ တစ်နိုင်ငံတည်းနှစ်ခါပြန်တဲ့ နိုင်ငံခြားပြန်မောင်မောင်ချက်ပဲပေါ့။ ဟိုတလောက ရွာထိပ်ကရေကန်ကိစ္စကိုပဲ ကြည့်။

(၁)

“ကျွန်တော်တို့ရွာထိပ်က ရေကန်ကြီးကို လှလှပပ သပ်သပ်ရပ်ရပ် သာသာယာယာဖြစ်သွားအောင် အဆင့်မြှင့်ပြင်ဆင်လိုက်ရင် ကောင်းမယ်ထင်တယ် သူကြီး”

“ဟာ ခု မလှမပ၊ မသာမယာဖြစ်နေလို့လားကွာ”

“ဟာ ခုလှတာက ဂျန်းဂဲဗျူးတီနေချရယ်ဝိုင်းဗျူတီဆိုတဲ့ အရိုင်းဆန်ဆန်ကြီးဗျ၊ ရွှေနန်းတော်ကြီးဘေးက ကျုံးတော်ကြီးလို၊ ဒဂုန်မြို့တော်ကြီးက ကန်တော်ကြီး၊ အင်းလျားတို့လို သားသားနားနားလှလှပပဖြစ်အောင် လုပ်ရမယ်ဗျ၊ သူကြီးပဲ သူများရွာတွေထက်သာရမယ်ဆိုဗျ”

အဲဒီတစ်ခွန်းနဲ့ သူကြီးမင်းလည်း မောင်မောင်ချက်ရဲ့ မန်းနေ့ချ်မန့်အောက် ရောက်သွားရရှာတာပဲတဲ့။ ဒီလိုနဲ့ရွာထိပ်ကရေကန်ကြီးကို ပတ်လည်လက်ရန်းတွေ ကာ၊ ရွာကမိန်းမပျိုတွေ ရေခပ်ဆင်းတဲ့လမ်းကို ကွန်ကရစ်တွေ၊ ကြွေပြားတွေ ခင်း၊ ကာလသားခေါင်းဖန်သဂျိုးတို့ ခြင်းခတ်တဲ့ကန်ဘောင်နေရာကိုလည်း ကွန်ကရစ်ခင်း စတဲ့အဆင့်မြှင့်တင်ခြင်းတွေ ပြုလုပ်ဆောင်ရွက်လိုက်တာ ရက်ပေါင်းခြောက်ရာ လေးဆယ့်သုံးရက်တိတိအကြာမှာ စတီးလက်ရန်းတွေ တဝင်းဝင်း၊ လမ်းမီးတိုင်တွေ တဖွေးဖွေး တထောင်ထောင်နဲ့ အင်မတန်သာယာလှပတဲ့ ရေကန်တော်ကြီး ဖြစ်လာခဲ့တာ မဟုတ်လား။

မနက်စောစော လယ်ထဲကိုင်းထဲသွားတဲ့ နွားလှည်းလမ်းလေး ကန်ဘောင်ဧရိယာထဲ ပါသွားတာတို့၊ ရွာဦးဘုန်းကြီးကျောင်း အနောက် တံခါးဘက်က ကန်ဘောင်ပေါ် စတီးလက်ရန်းလုပ်လိုက်လို့ ဘုန်းကြီးကျောင်းတံခါးဖွင့်မရတော့တာတို့ စတဲ့ မဆိုစလောက် အဆင်မပြေမှုလေးတွေကလွဲလို့ ရေကန်တော်အဆင့်မြှင့်တင်ခြင်း ပရောဂျက်တော်ကြီးဟာ အောင်မြင်တယ်လို့ ဆိုရပေမယ်။

မနက်နဲ့ညနေတိုင်း ရွာထဲရှိ လူကုန်နီးနီး ကန်ဘောင်ပေါ်ရောက်နေကြပြီ။ မိန်းမပျိုတွေကလည်း ကောက်စိုက်ပျိုးနှုတ်မသွားခင် ဝမ်းမီးအပ်ပ်လုပ်ကြ၊ ဂျော့ဂင်ပြေးကြနဲ့ လေ့ကျင့်ခန်းတွေလုပ်ကြ၊ ကာလသားပျိုတွေကလည်း ထွန်ယက်စိုက်ပျိုးလှည်းမောင်းနွားကျောင်းမလုပ်ခင် ဂျော့ဂင်ပြေးကြ၊ ဝမ်းမီးအပ်ပ်လုပ်ကြနဲ့ ရွာထိပ်ကအဆင့်မြင့်ရေကန်ကြီးဟာ အင်မတန်စည်ကားနေတော့တာပဲကိုး။

“တွေ့လား သူကြီးရ၊ ဒီတိုက်နယ်ဒေသတစ်ခွင်မှာ ဘယ်ရွာမှ ရေကန်ကို လှပအဆင့်မြှင့်အောင်မလုပ်နိုင်ကြဘူးဗျ၊ ကျွန်တော်တို့ရွာက သာတာပေါ့”

သူကြီးမင်းလည်း တပြုံးပြုံးနဲ့ပေါ့လေ။ “ငါ့ရွာဟာ အရာရာမှာ ခုလို သူများတွေထက်သာနေစေရမယ်ကွ”

ဟုတ်တယ်။ ဒီတိုက်နယ်ဒေသတစ်ခွင်မှာတော့ ရေကန်ကို လှလှပပ အဆင့်မြှင့်တင်ခြင်းလုပ်နိုင်တာ ဦးစိန်ဖိုးကွန့်တို့ရွာပဲရှိတယ်။ ကျန်တဲ့ရွာတွေက မလုပ်နိုင်ကြဘူး၊ ဘယ်လုပ်နိုင်မလဲ ရေကန်မှ မရှိကြတာကိုးဗျ။

အဲဒီလို တိုက်နယ်ကျေးရွာတစ်ခွင်လုံးရှိ တစ်ခုတည်းသော အဆင့်မြင့် ရေကန်တော်ကြီးမှာ စည်ကားသိုက်မြိုက်လျက်ရှိနေတုန်းမှာပဲ ကိုဗစ်နိုင်းတီးဆိုတဲ့ ကမ္ဘာ့ကပ်ရောဂါကြီးဟာ စက္ကန်းဝေ့ဖ်ရယ်လို့ဆိုပြီး တစ်ကျော့ပြန် ကူးစက်များပြားလာလေတော့တယ်။

(၂)

နှစ်လုံးပြူးနှစ်လက်ပိုင်၊ ရွှေစလွယ်တော်ရသူကြီးမင်း ဦးစိန်ဖိုးကွန့်ကို ကိုဗစ်ကပ်ရောဂါနဲ့ပတ်သက်ပြီး ရွှေမြို့တော်ကြီးက ကမ္ဘာကျော် မုံရွာဂေဇက်အင်တာနေရှင်နယ် မာလတီမီဒီယာကုမ္ပဏီလီမိတက်ကြီးရဲ့ စီအီးအိုကိုယ်တိုင် လာရောက်မေးမြန်းပြောဆို အင်တာဗျူးလိမ့်မယ်ဆိုတဲ့ သတင်းကြောင့် တစ်ရွာလုံးဝမ်းပန်းတသာ ပျော်ရွှင်အားရလျက် ရှိနေကြတယ်။ သူကြီးမင်းကိုယ်တိုင်လည်း စိတ်လှုပ်ရှားလျက် ရှိနေရှာတယ်။

“ဘာ…ဘာတွေ မေးလောက်တုန်းကွ မောင်မောင်ချက်၊ ငါက ဘာတွေပြောရမှာတုန်းဘယ်လိုပြောရမှာတုန်း လုပ်ပါဦး”

“အို ရောဂါကာကွယ်ရေးနဲ့ပတ်သက်လို့ ဘယ်လိုဆောင်ရွက်နေသလဲ၊ ဘာအစီအမံတွေလုပ်ထားသလဲ၊ ဘယ်လိုထိန်းချုပ်ဆောင်ရွက်မလဲ စတာတွေပဲနေမှာပေါ့ သူကြီးရာ၊ စိတ်အေးအေးထားပါ။ အနားမှာ ကျွန်တော်လည်းရှိနေမှာပဲ”

“အေး…လုပ်ပါဦးကွာ အဲဒီအင်တာဗျူးဆိုတာကြီး တစ်ခါမှလည်း မကြုံဘူး၊ မတွေ့ဘူးတော့”

“ခုဆို ကြုံရပြီမဟုတ်လား သူကြီးရ၊ ဒီတိုက်နယ်ဒေသတစ်ခွင်မှာ ဘယ်ရွာသူကြီးမှ အင်တာဗျူးမလုပ်ခံရဘူးဗျ။ ကျုပ်တို့သူကြီးပဲ လာလုပ်တာ၊ သူများရွာထက် သာသွားပြန်ပြီဗျ သူကြီးရ ဟားဟား”

“အေးဟုတ်သကွ ဟေးဟေးဟေး”

“အဲဒါတွေတော့ ပြောနိုင်အောင်ကြည့်ထားဦးသူကြီး ရော့ဒီမှာ”

ဒီလိုနဲ့ အင်တာဗျူးဖြေဖို့ အိမ်ထဲအောင်းပြီး တက်တက်ကြွကြွ စာကျက်နေတဲ့ သူကြီးမင်းအသံကို နှစ်ရက်သုံးရက်လောက် တစ်ရွာလုံး ကြားကြရတော့တယ်။

“အပြင်ထွက်ရင် မတ်တတ်ရမည်၊ လက် မကြာခဏဆေးရမည်။ အဲဘယ်နှစ်မိနစ်တဲ့၊ အဲ လက်ကိုစက္ကန့်နှစ်ဆယ်ခန့် ဆေးရမည်၊ လူစုလူဝေး အဲလူစုလူဝေးကို ဘာတဲ့ ရှောင်ရမည်တဲ့”

(၃)

ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ နှာခေါင်းစည်းတွေ၊ လက်ဆေးရည်ဘူးတွေနဲ့ ခြောက်ပေစီခွာလို့ အင်တာဗျူးကြီးစပါပြီ။

“ကျုပ်က ကိုယ့်ရွာကိုယ့်ဒေသကို သူများထက်သာစေချင်တာဗျ”

စပါပြီ။ သူကြီးမင်းဟာ သူ့ရဲ့အိုင်ကွန်းနစ်စပိတ်ချ်နဲ့ပဲ အင်တာဗျူးကို စတင်ပါတယ်။

“ဟုတ်ကဲ့ခင်ဗျ။ အဲဒါကိုလည်း သူကြီးမင်း မကြာခဏပြောနေကျမို့ သတိပြုမိကြပါတယ်ခင်ဗျာ။ အဲဒီတော့ သူများထက်သာအောင် ဘာတွေလုပ်ထားတယ်ဆိုတာတွေလည်း မိဘပြည်သူတွေသိအောင် ပြောပြပေးပါဦး သူကြီးမင်းခင်ဗျား”

“အေးဟေး ဒီမှာ မင်းတို့လည်းမြင်ကြမှာပါ အဆင့်မြင့်ရေကန်ကြီးကွာ ဒါငါသူများထက်သာအောင် လုပ်ထားတာပေါ့ကွ”

“ဟုတ်ကဲ့။ တွေ့ကြပါတယ်ခင်ဗျာ။ အင်မတန်လည်းလှပသာယာပါတယ်။ ရွာအတွက်လည်းဂုဏ်ယူရတဲ့ အဆင့်မြင့်ရေကန်ကြီးပါပဲခင်ဗျ။ အဲ အခုသိချင်တာကတော့ ကိုဗစ်ကပ်ရောဂါကြီး ကာကွယ်ဖို့ကိုလည်း သူများထက်သာအောင်ဘယ်လိုတွေများ စီစဉ်ဆောင်ရွက်ထားတယ်ဆိုတာလေးလည်း မိဘပြည်သူတွေသိရအောင် ရှင်းလင်း အသိပေးပြောဆိုပေးပါဦးခင်ဗျား”

“အဲဟို….အပြင်ထွက်ရင် မတ်တတ်..”

“အို သူကြီးမင်းကလည်း ဒီလိုပါ။ ကိုဗစ်ရောဂါမှာလည်း ကျွန်တော်တို့ရွာဟာ သူများထက်သာပါတယ်”

ဝင်ပြောလိုက်သူက မောင်မောင်ချက်။ ဘယ်လိုပြောဆိုဖြေကြားရမယ်မသိလို့ အိုးတိုးအန်းတန်းဖြစ်သွားတဲ့ သူကြီးခမျာ မောင်မောင်ချက်ကို ဝမ်းသာအားရ အားကိုးတကြီးကြည့်မိရှာတယ်။ အင်း နိုင်ငံခြားက ပြန်တဲ့လူငယ်တွေများ တယ်သွက်လက်ရဲရင့်ပါပေတယ်လို့တောင် ခံစားရပြီး သူ့တူကို တိုင်ပင်အားကိုးရတာ မှန်လိုက်လေခြင်းလို့ နှလုံးပီတိဂွမ်းဆီထိ ဖြစ်သွားသေးတာတဲ့ကိုး။

“ဟုတ်ကဲ့ခင်ဗျ။ ကပ်ရောဂါနဲ့ပတ်သက်လို့ သူများထက် ဘယ်လိုသာတယ်ဆိုတာလေး ပြောပြပါဦးခင်ဗျ”

“သာတာပေါ့ဗျာ။ အနီးနားကျေးရွာတွေ မပြောနဲ့ တိုက်နယ်ဒေသအချင်းချင်းမှာတောင် ကျွန်တော်တို့ရွာက သာပါတယ်။ ကြည့်လေ ပိုးတွေ့လူနာအရေအတွက်ဟာ ကျွန်တော်တို့ရွာ အများဆုံးပဲမဟုတ်လား။ ဆက်ပြီးလည်း တွေ့နေဦးမှာပဲ။ ခဏနေရင် တိုက်နယ်တစ်ဝိုက်မပြောနဲ့ တစ်နိုင်ငံလုံး မှာတောင် အများဆုံးဖြစ်ပြီး အားလုံးထက်သာသွားတော့မှာဗျ”

“ဗျာ…”

“ဟာ…ဟေ့ကောင် မောင်မောင်ချက်”

(၄)

အဲဒီနေ့က သူကြီးမင်းရဲ့အိမ်တော်မှာ အင်တာဗျူးရင်း သူကြီးမင်းနဲ့ သူ့တူနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ကြလို့ ရွှေမြို့တော်ကြီးမှ မီဒီယာကုမ္ပဏီကြီးကစီအီးအိုနဲ့ သူ့လူတွေကို ထမင်းတောင်မကျွေးလိုက်ရဘူးလို့ ဆိုကြတယ်။ အဲဒီအင်တာဗျူးဗီဒီယိုကိုလည်း လွှင့်ဖြစ်သလား၊ မလွှင့်ဖြစ်ဘူးလားမသိလိုက်ကြဘူးတဲ့။ ဒါပေမဲ့ သူကြီးမင်းဆီကတော့ အဲဒီနေ့ကစပြီး “တို့ရွာဟာသူများထက်သာစေရမယ်”ဆိုတဲ့စကား မကြားကြရတော့ဘူးတဲ့။

သတ်ဘေသတ်တာကန်သာယာ