တစ်စီးရှင်

0
56

ညီညီဇေယျ ရေးသည်။

ဘုံကွန်းအဆင့်ဆင့်၊ စမြင်ခံအထပ်ထပ်၊ ရွှေနီဖလံဖန်မှန်တို့ဖြင့် ပြိုးပြက်တောက်ပ တဖိတ်ဖိတ်တလက်လက်ထလျက်ရှိသည့် နန်းပြဿာဒ်အဆောင်များဖြင့် ပြည့်လျက်ရှိသော ရွှေနန်းတော်ကြီးတွင် ဘရိတ်ကင်းနူးစ်ခေါ်အရေးပေါ်သတင်းတစ်ခု ပြန့်လျက်ရှိလေသည်။

(၁)

ကုန်းဘောင်ဂေဇက်၊ ရတနာသိင်္ဃဒေးလီးစသော ရွှေနန်းတော်တွင်း သတင်းစာများတွင်လည်းကောင်း၊ ဇေယျာသိင်္ဃချယ်နယ်လ်၊ သပြေညိုမီဒီယာစသည့် မီဒီယာကုမ္ပဏီကြီးများတွင် လည်းကောင်း အဆိုပါသတင်းသာ လွှမ်းမိုးလျက်ရှိနေပေသည်။ လှည်းနေလှေအောင်းမြင်း ဇောင်းကားဂိုဒေါင်မကျန် တိုင်းသူပြည်သားတို့ပါးစပ်ဖျားတွင်လည်း ဤသတင်းသာ။ မည်သို့သောသတင်းဖြစ်ပေသနည်း။

သလ္လာဝတီတိုင်းဒေသကြီးမှ ဗီဗီအိုင်ပီထရစ်ပ်ခေါ် အရေးကြီးခရီးစဉ်တစ်ခု ရွှေနန်းတော်ကြီးဆီသို့ ယနေ့ဆိုက်ရောက်လာမည်ဟူသော သတင်းပင်တည်း။ ထို့ပြင် ထိုခရီးစဉ်နှင့်အတူ လွန်စွာအရေးကြီးသော လက်ဆောင်ပဏ္ဍာတော်တစ်ခုသည်လည်း ရွှေနန်းရှင်မင်းတရားကြီးအတွက်ယူဆောင်လာကြလိမ့်မည် ဟူသတည်း။

(၂)

“အရေးကြီးတဲ့ လက်ဆောင်ပဏ္ဍာတော်ဆိုတော့ တန်တော့ မင်းတရားကြီးကြိုက်တဲ့ ဟိုအားဆေးတော်ကြီးတွေနေမှာပါ ကိုရင်သက်ရာ”

“အို ကိုရင်နိုးဝေနှယ် ကိုယ်သန်ရာသန်ရာတွေးထင်ဆုံးဖြတ်တော့တာပါကလား၊ နောက်ဆုံးတက်လာတဲ့ သတင်းပို့စ်ကို မဖတ်ရသေးဘူးထင်တယ်”

“မှန်ပေတယ်နောင်တော်၊ ကိုရင်တို့ တောင်စမုတ်ဆောင်က ကော်နက်ရှင်မကောင်းတော့ မတွေ့ရ မဖတ်ရသေးပါဗျာ၊ ဘာများတဲ့တုံးလေ”

“အခုတလော ဟိုအရှေ့မြောက်ဖက် ဂန္ဓလရာဇ်တိုင်းပြည်ကြီးကစဖြစ်တဲ့ ကပ်ရောဂါဆိုးကြီးဟာ တကမ္ဘာလုံးကို ပျံ့နှံ့ကူးစက်နေတယ်ဆိုမဟုတ်လား ကိုရင်ရဲ့”

“မှန်ပေတယ်လေ၊ ကျုပ်တို့နယ်မှာတောင် ပဉ္စာလ ငါးမြို့နယ်ဒေသနဲ့ ဟိုအနောက်အရပ်က သလ္လာဝတီတိုင်းဒေသကြီးတို့လောက်ပဲ ကူးစက်မှုမရှိသေးတာကလား ရောင်းရင်းရဲ့”

“ဘေးပတ်ဝန်းကျင်ဒေသတွေ ကူးစက်နေလို့ ကျုပ်တို့တိုင်းဒေသကြီးကို တင်းတင်းကြပ်ကြပ်ကာကွယ်ရေးအစီအမံတွေလုပ်ဖို့ မင်းတရားကြီးကိုလျှောက်တင်ကြဖို့ ကြိုးစားကြသေး မဟုတ်လား”

“နို့ မလျှောက်တင်ဝံ့ကြဘူးတဲ့လား ရောင်းရင်းရဲ့၊ လျှောက်တင်ဝံ့သူ မရှိကြဘူးလား”

“ရှိပါသောကောဗျာ ပင်းဂွင်းနယ်စားကြီးဦးသူရဦးဆောင်ပြီး လျှောက်တင်ကြဖို့ ရွှေနန်းတော်ကြီးထဲအခစားဝင်ကြသေးဆိုပဲကိုး”

“အလို တယ်လည်းရဲဝံ့ကြလှပါပေရဲ့ဗျာ”

မှန်ပေသည်။ ပင်ဂွင်းနယ်စားကြီးဦးသူရဆိုသည်မှာ သလ္လာဝတီတိုင်းဒေသကြီး၏ အရေးကိစ္စများအတွက်ဆိုလျှင် မှူးမတ်ဗိုလ်ပါ ဝန်မင်းမရှောင် ရဲရဲဝံ့ဝံ့လျှောက်တင် ပြောဆိုဝံ့သူ ဖြစ်ပေသည်။ ထိုနေ့ကတော့ သူလျှောက်တင်ခွင့်မရလိုက်ရှာပေ။ ရွှေနန်းတော်ကြီး၏ မြေနန်းပြဿာဒ်ဆောင်ထိပ်တောင်မရောက်မီ နန်းတွင်းပြန်ကြားရေးတော်မှူးကြီး နန္ဒဗလဦးသစ္စာထံ ဝင်ရောက်တွေ့ဆုံ ခစားကြရသည်။

“ဘဝရှင်မင်းတရားကြီး နန်းတော်တွင် မရှိ၊ နောက်လိုက်ဗိုလ်ပါတစုနှင့် တောကစားထွက်ကြွတော်မူသွားလေပြီ”

“အလို ကပ်ရောဂါကြီးက ထူပြော၊ ကူးစက်မှုတွေက များလှတဲ့ဒီလိုအချိန်ကြီးမှာ မင်းတရားကြီးက နယ်မြေဒေသကိုပစ်ပြီး တောကစားထွက်တော်မူသတဲ့လားဗျာ၊ ဟုတ်ရဲ့လား ဦးသစ္စာရယ်”

“သယ် ဟုတ်သမှ ဟုတ်ဟုတ်တောင်နေသေးသကိုးဗျ နယ်စားကြီးရ”

သို့ဖြင့် နယ်စားကြီးခမျာ ရွှေနန်းတော်ကြီးအတွင်းတော်ထိ မရောက်ခဲ့ရဘဲ လှည့်ပြန်ခဲ့ရရှာသည်။ တစ်ကြိမ်တစ်ခါမဟုတ်၊ နယ်စားကြီးဦးသူရက မလျော့သောဇွဲဖြင့် သုံးကြိမ်သုံးခါ ဝင်ရောက်ခစား လျှောက်ထားဖို့ ကြိုးစားရာ မအောင်မြင်ရှာပေ။

“ရွှေနန်းရှင်မင်းတရားကြီး တောကစားရာတွင် ပျော်ရွှင်စွာရှိနေတော်မူသည်၊ နန်းတော်သို့ပြန်မကြွလာသေး” ဟူသော အဖြေသာ ရခဲ့သည်မဟုတ်လား။

“နို့ နောက်ဆုံးတက်လာတဲ့ သတင်းပို့စ်တွေက ဘယ်လိုတဲ့လဲ ကိုရင်သက်ရဲ့”

“ရွှေနန်းရှင်ကြီး တောကစားထွက်ရာက ချက်ချင်း ပြန်ရောက်လာတော်မူပြီတဲ့၊ လက်ဆောင်ပဏ္ဍာတော်ကို လက်ခံယူဖို့တဲ့ဗျ၊ တန်တော့ ရွှေနန်းရှင်မင်းတရားကြီးအတွက် သလ္လာဝတီတိုင်းကယူလာမယ့် လက်ဆောင်ပဏ္ဍာတော်ဟာ အတော်အရေးကြီးမယ့်ပုံပဲ။ တချို့က တိုင်းတော်ကြီးအတွင်း အကြီးဆုံးဆိုတဲ့ စည်တော်ကြီး ဖြစ်မယ်လို့လဲ ပြောနေကြပေသကိုး”

“မဟုတ်လောက်ဘူးကိုရင် ရွှေနန်းရှင်ကြီးက သူ့တိုင်းကို သူများတိုင်းတွေထက်သာရမယ်လို့လူသူပရိတ်သတ်ဗိုလ်ပါရှေ့မှာ ကျုံးဝါးတော်မူဖူးသတဲ့၊ တန်တော့ သစ်မဆွဲရလို့နားထားတဲ့ ဆင်တစ်ကောင်များ လာဆက်သ,သလားမသိဘူးနော်၊ စီးတော်ဆင်တစ်စီးရရင်လဲ သူများထက်သာပြီကိုး”

ဤသို့လျင် တိုင်းသူပြည်သားလူအများတို့လည်း အဆိုပါ ဘရိတ်ကင်းနူးတစ်ပုဒ်နဲ့ တင်ထင်ကြေးအမျိုးမျိုးပေးကြလျက် ဝေဖန်လေကန်လျက် ရှိကြကုန်တော့သည်။

(၃)

ရွှေနန်းတော်ကြီး၏ အတွင်းဆောင်တော်တွင် ပိုးဖဲကတ္တီပါ အရောင်အဝါတို့ဖြင့် တလွင့်လွင့်တလပ်လပ် တောက်ပလျက်ရှိသည်။ စုလစ်မွန်းချွန်တော်တိုင်လုံးကြီးများတွင် တပ်ဆင်ထားသော စီစီတီဗီကင်မရာများဆီက မီးနီလေးများက မှိတ်ချည်ပွင့်ချည် ဖြစ်လျက်ရှိသည်။ မင်းတရားကြီး၏သီဟသနပလ္လင်အပေါ်ဘက်က အယ်လ်အီးဒီဘုတ်ကြီးတွင်တော့ နန်းရှေ့အဝင်မုခ်ဦးကြီး မြင်ကွင်းပေါ်နေသည်။ ပလ္လင်တော်၏ရှေ့တွင်တော့ မူးကြီးမတ်ရာသေနာပတိတို့က ပရိုတိုကိုးလ်ခေါ် အင်္ဂါစဉ်အလိုက် ဒူးနေရာဒူး တော်နေရာတော် နေရာယူကြလျက် ဖုန်းကိုယ်စီပွတ်ကာ ခစားလျက်ရှိပေသည်။

သလ္လာဝတီတိုင်းဒေသကြီးမှ လက်ဆောင်ပဏ္ဍာတော် ဆက်သမည့်အဖွဲ့များလည်း ရောက်ရှိနေရာယူခစားလျက် ရှိကြပြီ။ ပလ္လင်တော်၏ ရှေ့တည့်တည့်တွင် အလျားငါးပေ အနံနှစ်ပေခန့်ရှိသော ကတ္တီပါအနီဖြင့်ပြုလုပ်၍ ကျောက်စီထားသော သေတ္တာကြီးချထားလေသည်။

မကြာခင် နန်းတွင်းဆောင်းဘောက်များဆီမှ ကြေငြာသံထွက်လာသည်။

“ရွှေနန်းရှင်မင်းတရားကြီး အတွင်းတော်က ကြွလာတော်မူပါပြီ”

နန်းတော်တွင်းနံရံ၌ မြှုပ်ထားသော ဖိုက်အင့်ချ်ဝမ်းဒေါ်လဘိုင်ဒစ်ဂျစ်တယ် ဆောင်းဘောက်များဆီမှ ရေကင်းတီးလုံးသံထွက်လာသည်။ ရွှေနန်းရှင်မင်းတရားကြီး ရာဇပလ္လင်ပေါ်သို့ တက်ရောက်စံမြန်း နေရာယူတော်မူပြီ။

“ဘုန်းတော်အလွန်ကြီးမြတ်တော်မူသော ရေမြေ့အရှင်သခင်၊ ရွှေတွင်း၊ ငွေတွင်း၊ ပယင်း၊ ဒုတ္ထာ၊ နီလာ၊ ဂေါ်မုတ်၊ ဥဿဖုရား အစရှိသော ရတနာတွင်းများ၏သခင်…”

“အို လိုရင်းသာ လျှောက်တင်ကြပါလေ”

“မှန်လှပါ ကျွန်တော်မျိုးတို့ကလည်း နန်းတွင်းဖောမက်အရသာ လျှောက်ရွတ်နေရတာပါ။သည်လိုပါဘုရား ဘုန်းတော်ကြောင့် ကျွန်တော်မျိုးတို့ဒေသကြီးမှာ မိကျောင်းတစ်ကောင်ဖမ်းမိကြောင်းပါဘုရာ့”

“အလို တယ်လည်းထူးဆန်းလှပါကလား၊ ဘယ့်နှယ် မိကျောင်း”

“မှန်လှပါဘုရား မိကျောင်းပါ။ ငါးလိပ်မကန်းတို့မဆိုထားဘိ ခြောက်လက်မခန့်ငါးတောင် မကျင်လည်မကျက်စားမပျော်ပါးတဲ့ ကျွန်တော်မျိုးတို့ဒေသကုန်းခေါင်ခေါင်မှာ ရေသတ္တဝါမိကျောင်းတွေ့တယ်ဆိုတာ အရှင်မင်းကြီးဘုန်းတော်ကြောင့်ပါဘုရား ဘုန်းတော်ကြောင့်ပါဘုရာ့”

“အို ကြားရတာ တယ်မင်္ဂလာရှိပေတာကိုး မူးမတ်ဝန်မင်းများရဲ့၊ ငါကိုယ်တော်မြတ်ရဲ့ ဘုန်းတော်ကြောင့်ဆိုပါကလား”

“မှန်ပါ ဘုန်းတော်ကြောင့်ပါဘုရား၊ ဝမး်မြောက်စွာ လက်ခံသင့်ကြောင်းပါ”

“ကဲကဲ အလျင်အမြန် ဆက်သကြစေဗျား”

ကတ္တီပါအနီသေတ္တာသော့အား အနီရောင်လင်ဗန်းပေါ်တင်လျက် ရွှေနန်းရှင်ဘုရင်မင်းမြတ်ထံ ဆက်သလိုက်ချိန်တွင် မင်္ဂလာခရုသင်းသံများ ထွက်ပေါ်လာလေတော့သည်။

ရွှေနန်းရှင်ကြီးမှ အားရဝမ်းသာဖြစ်တော်မူလျက် မိကျောင်းသေတ္တာကြီးအားဖွင့်ကြည့် ရှုစားတော်မူလေသည်။

“ဟဲ့ ဟူရားဖြူဟူရားညိုပုဏ္ဍားတော်များ မင်္ဂလာနိမိတ်တော် ကောက်ယူဟောကြားကြစမ်းပါဦးလေ”

“မှန်လှပါ၊ ဘုန်းတော်ကြောင့် မိကျောင်းတစ်ကောင်ပိုင်ဆိုင်ပြီဖြစ်လို့ အရှင်မင်းကြီးဟာ တစ်စီးရှင်မင်းတရားကြီး ဖြစ်သွားပါပြီဘုရာ့။ တစ်စီးရှင်မင်းတရားကြီးပါဘုရား”

“အိမ်း ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွတကား”

(၄)

ထိုနေ့မှစ၍ ရွှေနန်းရှင်ကြီးအား “တစ်စီးရှင်မင်းတရားကြီး”ဟူ၍ ကုန်းဘောင်ဂေဇက်၊ ရတနာသိဃင်္ဒေးလီး စသော ရွှေနန်းတော်တွင်းသတင်းစာများတွင်လည်းကောင်း၊ ဇေယျာသိင်္ဃချယ်နယ်လ်၊ သပြေညိုမီဒီယာစသည့် မီဒီယာကုမ္ပဏီကြီးများကလည်းကောင်း ချီးကျူးဂုဏ်ပြုရေးသားဖော်ပြကြလေသည်။

တိုင်းသူပြည်သား လူအများအပေါင်းတို့ကလည်း တစ်စီးရှင်မင်းတရားကြီးအတွက် ဂုဏ်ယူပျော်ရွှင်ဝမ်းမြောက်ခြင်းရှိကြသည်ဖြစ်ရာ အဝတ်အစားဆင်တူများ ဝတ်ကြလျက်လည်းကောင်း၊ အလံများဝေ့ရမ်းကြလျက်လည်းကောင်း ပျော်ရွှင်မြူးတူးစွာ အုံးအုံးကျွတ်ကျွတ် ဂုဏ်ပြုအောင်ပွဲခံလျက်ရှိကြသည်မှာ အသက်အန္တရာယ်ဖြစ်စေသော ကပ်ရောဂါဘေးဆိုးကြီးကိုတောင် လုံးဝသတိမရကြတော့ဟု ဟူလေသည်။

တစ်စီးရှင်မင်းတရားကြီးလည်း ထိုနေ့မှစ၍ တောကစားထွက်ခြင်းလည်း မပြုတော့၊ တိုင်းရေးပြည်ရာလည်း မစီမံမခန့်ခွဲတော့ဘဲ တစ်ကောင်တည်းသော မိကျောင်းကိုသာ အရိပ်တကြည့်ကြည့်ကြည့်လျက် ပျော်ရွှင်စွာ နေထိုင်စံမြန်းသွားလေတော့သည်။