တစ်သီးပုဂ္ဂလဝင်ပြိုင်မယ့် အမတ်လောင်းတို့ စကားသံ

0
46

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းကနေ တစ်သီးပုဂ္ဂလအဖြစ် ယှဉ်ပြိုင်မယ့် အမတ်လောင်း ၃၃ ဦးထိ ရှိနေပါတယ်။ သူတို့ရဲ့ နိုင်ငံရေးရပ်တည်ချက်က ဘာပါလဲ။ ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်အတွက် ဘာတွေလုပ်ပေးနိုင်ဖို့ သူတို့မျှော်လင့်ထားတာလဲ ဆိုတာတွေကို တစ်သီးပုဂ္ဂလ အမတ်လောင်းအချို့နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးကျော်ကျော် (ခ) ဦးကျော်ကျော်သန်း
အမျိုးသားလွှတ်တော် (မုံရွာခရိုင်)

လူထုအကျိုးတကယ်လုပ်ပေးနိုင်တာ တစ်သီးပုဂ္ဂလပါပဲ။ ဆင်းရဲတဲ့သူတွေကို ပါတီက မကူညီကြဘူး။ ကျွန်တော့်ရည်ရွယ်ချက်ကတော့အမှုအခင်းဖြစ်ရင် ဥပဒေနဲ့အညီ မားမားမတ်မတ် ရပ်တည်ပေးဖို့ပါ။ လဲနေသူ ထူပေး၊ အားနွဲ့သူ ကူညီဖို့ပါ။ ပါတီကနေကျတော့ ပြည်သူ့ကိစ္စတွေကို လုပ်ချင်တိုင်း လုပ်ပေးလို့မရဘူး။ အရင်ကလည်း အရာတော်ကနေ ဝင်ပြိုင်ဖူးပါတယ်။ နောက်သိရတာက ပါတီတွေက ပြည်သူတွေကို တကယ်လက်တွေ့ကျကျ မလုပ်ပေးနိုင်ဘူးဆိုတဲ့အသိ ရလာတယ်။ စာတစ်စောင်ရေးရင်တောင် ကော်မတီဆုံးဖြတ်ချက်တို့လုပ်ရတယ်။ အခု အကူအညီတောင်းတာကို ကော်မတီအစည်းအဝေးလုပ်နေရင် ပြည်သူက ဘာအဆင်ပြေမှာလဲ။ နိုင်ငံရေးလောကမှာပါတီမှ မဟုတ်ဘူး။ သာမန်ပြည်သူတစ်ယောက်အနေနဲ့ လုပ်မယ်ဆိုပြီး ရွေးချယ်ဖြစ်တာပါ။

ဦးမြတ်သာထွန်း
တိုင်းဒေသကြီးလွှတ်တော် (ရွှေဘိုမြို့နယ်)

ကျွန်တော်က ၂၀၁၅ အောင်နိုင်ရေး လုပ်ကြတဲ့အချိန်ထိ ရွှေဘိုမြို့နယ်ရဲ့ အတွင်းရေးမှူးတာဝန်ပါ။ အဲဒီနောက်မှာတော့ ဒီချုပ်အစိုးရဖွဲ့နိုင်တော့ တာဝန်ကျေပြီဆိုပြီး အတွင်းရေးမှူးတာဝန်က နှုတ်ထွက်ခဲ့ပါတယ်။ ရွေးကောက်ပွဲအတွက် လူတွေပြန်ရွေးကြတဲ့အခါ ပြည်သူတွေ အကြိုက်များတဲ့ နိုင်ငံရေးသမားစစ်စစ်တွေ ပါတီမှာ ပါမလာဘဲ၊ အထက်ပိုင်းနဲ့ အဆင်ပြေတဲ့သူတွေ ပါလာတယ်။ ကျွန်တော် အခုရွေးချယ်လိုက်တဲ့ တိုင်း (၂) ကတော့ NLD ရဲ့ Background ရယ်၊ ဝန်ကြီးချုပ်ရဲ့အရှိန်အသာကြောင့် ပြိုင်ဘက်ကောင်းမရှိဘူးယူဆလို့ ပြည်သူတွေကို ရွေးချယ်စေချင်လို့ ဝင်ပြိုင်တာပါ။ စာရေးဆရာအနေနဲ့အစိုးရကို ဝေဖန်ထောက်ပြ အကြံပြုတယ်။ နိုင်ငံရေးသမားတွေက စာဖတ်နည်းလာကြတယ်။ အဲဒီတော့ စာရေးရုံနဲ့ မရဘူး။ စင်မြင့်ပေါ်တက်ပြောမယ်လို့ ယူဆလို့ ဝင်ဖြစ်တာပါ။ အဓိကတော့ နိုင်ငံသားတွေရဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို လုပ်သွားမှာပါ။

ဦးတင့်အောင်စိုး
တိုင်းဒေသကြီးလွှတ်တော် (ဆားလင်းကြီးမြို့နယ်)

မြေယာကိစ္စတွေ လျော်ကြေးပေးဖို့ ကတိကဝတ်တွေ ပေးခဲ့တယ်။ ကတိတွေ အကောင်အထည်ဖော်ဖို့ ၂၀၁၅ ကနေ အခု ၂၀၂၀ ထိတောင်းဆိုတာတွေ၊ စာတင်တာတွေ၊ ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်တာတွေလုပ်ခဲ့ပေမယ့် ၅ နှစ်အတွင်းမှာ ဒီဒေသအတွက် ရလဒ်က ဘာမှပြစရာမရှိဘူး။ တိုင်းအစိုးရရော၊ လွှတ်တော်ကိုယ်စားလှယ်ရော လယ်ယာမြေဆုံးရှုံးတဲ့ ဒေသခံတောင်သူတွေအပေါ် ကောင်းကောင်းဆောင်ရွက်မပေးဘူး။ ကုမ္ပဏီက လုပ်ငန်းတိုးချဲ့တာတွေကျတော့လုပ်ပေးသလို ဖြစ်နေတယ်။ အပြင်ကနေ ဘယ်လိုပဲလုပ်ပေးလုပ်ပေး တိုင်းအစိုးရနဲ့ ကိုယ်စားလှယ်က နားမထောင်တော့ မအောင်မြင်ခဲ့ဘူး။ အပြင်ကနေကြတော့ လုပ်ပေးလို့အောင်မြင်ပါ့မလားလို့ ကြိုးစားခဲ့တယ်။ အပြင်ကနေလုပ်ပေးလို့ အဆင်မပြေတော့ဘူး။ အတွင်းထဲကနေ လုပ်ပိုင်ခွင့်ရတဲ့နေရာက ဝင်လုပ်ရင် ဒေသဖွံ့ဖြိုးရေး၊ အလုပ်သမားအရေးတွေကို ဝင်ပါမယ်ဆိုပြီး ဝင်ပြိုင်ဖြစ်တာပါ။ လုပ်ပိုင်ခွင့်ရမှ ဒေသအတွက် အကျိုးရှိမှာပါ။ လုပ်ပိုင်ခွင့်မရခဲ့ရင် ပြီးခဲ့တဲ့ ၅ နှစ်တုန်းကလို စိုးရိမ်စိတ်တွေရှိတယ်။ ကိုယ်တိုင်ရွေးချယ်စည်းရုံးပေးရပေမယ့် ပြည်သူကို မျက်နှာမမူရင် ဒေသအတွက်အများကြီးနစ်နာတယ်။ လယ်သမား၊ အလုပ်သမား ရေး၊ စီမံကိန်း၊ သဘာဝပတ်ဝန်းကျင်တွေနဲ့ ဆက်စပ်တာတွေကို အဓိကလုပ်သွားမှာပါ။

ဒေါက်တာသိန်းနိုင်
တိုင်းဒေသကြီးလွှတ်တော် (ဆားလင်းကြီးမြို့နယ်)

မြို့မိမြို့ဖတွေ ရွေးချယ်တာက ပါတီ EC အကြိုက် ဖြစ်မလာဘူး။ ပြည်သူတွေက ပေးရခက်နေတော့ ဘယ်သူ့ကိုမဲပေးရမှန်းမသိဖြစ်နေကြတယ်။ တစ်သီးပုဂ္ဂလက ပါတီစွဲမပါဘူး။ တကယ်ဒီမိုကရေစီအစစ်အမှန်ဆို ဘယ်ပါတီကမဆို မဲပေးဖို့ ထောက်ခံပေးမှာပါ။ ပါးစပ်က တာစီပြီး တကယ်လက်တွေ့မှာ ခွဲခြားဆက်ဆံတာတွေရှိနေတယ်။ နိုင်ငံကို အနာဂတ်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖြစ်လာစေချင်တယ်။ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ သွားမယ်ဆို ဘယ်သူ့ကိုမဆို ထောက်ခံမှာပါ။ တိုင်းဒေသကြီးကပြိုင်တာဆိုတော့ ပြည်သူတွေရဲ့ လမ်းပန်းဆက်သွယ်ရေးကောင်းဖို့၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် Long Plan. Short Plan တွေနဲ့ ဘယ်လိုသွားမယ်ဆိုတာ လွှတ်တော်မှာ အဓိကထား လုပ်မှာပါ။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပြည်သူတွေနဲ့တိုင်ပင်ပြီး အစိုးကို တောင်းဆိုပေးမှာပါ။ ပြည်သူတွေနဲ့ ဌာနဆိုင်ရာကြားမှာရှိတဲ့ ပူးပေါင်းဆောင်ရွက်ဖို့က တစ်သီးပုဂ္ဂလဆိုတော့ ကျောသားရင်သားမခွဲခြားဘဲ တစ်သားတည်းဖြစ်အောင်၊ ပြည်သူ့ကိုယ်စား လုပ်ပေးမှာပါ။ တချို့ဥပဒေတွေက စာရွက်ပေါ်မှာပဲ တကယ့်လက်တွေ့မှာကျတော့ ဘာမှလုပ်နိုင်တာမရှိဘူး။ ဒေသခံတွေကို အလုပ်အကိုင်အခွင့်အလမ်းရဖို့ အစိုးရကို တိုက်တွန်းမှာပါ။ မလုပ်နိုင်ရင် နိုင်ငံတော်လစာမယူနဲ့ဆင်းဆိုပြီး ရဲရဲတိုက်တွန်းမှာပါ။

ဦးဗိုလ်သိန်း
တိုင်းဒေသကြီးလွှတ်တော် (မော်လိုက်မြို့နယ်)

ကျွန်တော်က ပါတီစည်းကမ်းရော၊ လွှတ်တော်တာဝန်ရောကျေခဲ့ပါတယ်။ ကိုယ်စားလှယ်လောင်းရွေးတော့ တိုင်းအဆင့်အရွေးချယ်မခံရတော့ ဒေသခံပြည်သူ တော်တော်များများကကျွန်တော်ကို ဒေသဖွံ့ဖြိုးရေးလုပ်ခဲ့တဲ့အတွက် ပြန်အရွေးခံပေးပါဆိုလို့ ပြန်အရွေးချယ်ခံဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကိုယ်စားလှယ်ဖြစ်ခဲ့ရင် ဘက်စုံဖွံ့ဖြိုးရေးတွေဖြစ်တဲ့ လမ်း၊ တံတားတွေကို စွမ်းစွမ်းတမံလုပ်ပေးသွားမှာပါ။ ကျွန်တော်ကတော့ လွှတ်တော်က လုပ်ငန်းတွေမှာ နဂိုကထက် ပွင့်လင်းမြင်သာမှုရှိရှိ လုပ်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံရေးမှာ လူမကောင်းပေမယ့် ပါတီကြည့်မဲပေးတာက ဒီမိုကရေစီကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here