တန့်ဆည်မြို့နယ်၊ တုတ္တလုပ်ကျေးရွာနေ ရန်ကုန်ပြန် အမျိုးသမီးတွင် ပိုးတွေ့

0
163

အိဖြိုး
မုံရွာ၊ စက်တင်ဘာ- ၁၄

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ တုတ္တလုပ်ကျေးရွာနေ ရန်ကုန်ပြန် အသက် ၁၇ နှစ် အမျိုးသမီးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ကြောင်း တိုင်းအဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက ပြောသည်။

၎င်းအမျိုးသမီးသည် စက်တင်ဘာ ၇ ရက်နေ့က ရန်ကုန်မှ တုတ္တလုပ်ရွာသို့ ပြန်ရောက်ပြီးနောက် ၁၂ ရက်နေ့တွင် စစ်ဆေးရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ရန်ကုန်ကနေ အထည်ချုပ်စက်ရုံတွေ ပိတ်လို့ပြန်လာတာ၊ရောက်ကတည်းက ရွာစာသင်ကျောင်းမှာ Q(ကွာရန်တင်း) ဝင်ရာကနေ ရန်ကုန်ပြန်ဖြစ်လို့ Swab(နှာခေါင်းနှင့်အာခေါင်တို့ပတ်) ယူတာကနေ ပိုးတွေ့တာပါ”ဟု ဗိုလ်မှူးကြီးဝင်းတင်စိုးက ပြောသည်။

ရန်ကုန်မှ ကားစင်းလုံးငှားကာ တန့်ဆည်မြို့နယ်သို့ ခရီးသည် ၁၂ ယောက်ပြန်လာပြီး Swab ယူစစ်ဆေးရာတွင် တစ်ဦးပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ရောက်ကတည်းက Q(ကွာရန်တင်း) ဝင်တာဆိုတော့ ရွာမှာတော့ ထိတွေ့တဲ့သူမရှိဘူး။ ရောဂါလက္ခဏာလည်း မပြဘူး။ ကျန်းမာရေးလည်းကောင်းလို့ တန့်ဆည်ဆေးရုံကြီးမှာပဲ ထားပါတယ်”ဟု တန့်ဆည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာမင်းက ပြောသည်။

လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီးတွင် COVID-19 အတည်ပြုလူနာမှာ ကလေးမြို့နယ်တွင် တစ်ဦး၊ မြင်းမူမြို့နယ်တွင် တစ်ဦး၊ ကောလင်းမြို့နယ်တွင် တစ်ဦး၊ အင်းတော်မြို့နယ်တွင် တစ်ဦးနှင့် မော်လိုက်မြို့နယ်တွင် တစ်ဦး၊ တန့်ဆည်တွင် တစ်ဦး၊ မြောင်မြို့နယ်တွင် တစ်ဦး စုစုပေါင်း ၇ ဦး ရှိနေသည်။