တရားဥပဒေ စိုးမိုးရေး ဘောင်ကျယ်စေ

0
77
Aerial view a woman using a retro typewriter

နိုင်ငံရေးဆိုင်ရာ ဟောပြောပွဲတစ်ခုတွင် မုံရွာသားလည်းဖြစ် နိုင်ငံရေးစာရေးဆရာတစ်ဦးလည်းဖြစ်သော ဆရာကျော်ဝင်းဟောပြော ပို့ချသွားသည့်စကားရပ်တစ်ရပ်ကို ယခုလိုအချိန်မျိုးတွင် အမှတ်ရမိသည်။ ဆရာကျော်ဝင်းပြောသွားသောစကားမှာ မြန်မာ့ဒီမိုကရေစီအရေးနှင့် စပ်လျဉ်း၍ ပြောဆိုခဲ့ခြင်းဖြစ်ပြီး မည်သည့်နိုင်ငံမဆို ဒီမိုကရေစီ ဘောင်ကျယ်လေလေ စစ်ဘောင်ဖြစ်သော ပြည်တွင်းစစ်၊ အကြမ်းဖက်မှု၊ စစ်အာဏာရှင်တို့ ကျဉ်းမြောင်းသွားလေလေဖြစ်ပြီး ဆန့်ကျင်ဘက်အဖြစ် စစ်ဘောင်ကျယ်လာလေလေ ဒီမိုကရေစီဘောင်ဖြစ်သော လွတ်လပ်စွာပြောဆိုခွင့်၊ သွားလာခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်၊ လူ့အခွင့်အရေး ရပိုင်ခွင့်များ ကျဉ်းမြောင်းသွားလေလေဖြစ်သည်ဟူသော သီအိုရီတစ်ရပ်ပင်ဖြစ်သည်။

အဆိုပါသီအိုရီသည် မည်သို့မျှ ငြင်းဆန်မရနိုင်သော နိုင်ငံရေးဆိုင်ရာသီအိုရီတစ်ရပ်ဖြစ်သကဲ့သို့ ယင်းသီအိုရီကို အခြေပြု၍ ဆင့်ပွားကောက်ချက်တစ်ရပ်ကိုလည်း တွေးမိပြန်သည်။ ယင်းမှာ တရားဥပဒေစိုးမိုးရေးဘောင်ကျယ်လာလေလေ မင်းမဲ့စရိုက်ဘောင်ဖြစ်သော တရားမဲ့ပြုကျင့်မှုများ၊ ဖိနှိပ်မှု၊ အဂတိလိုက်စားမှု၊ ရာဇဝတ်ဒုစရိုက်မှုများ နည်းပါးကျဉ်းမြောင်းသွားလေလေဖြစ်ပြီး။ မင်းမဲ့စရိုက်ဘောင် ကျယ်လာလေလေ တရားဥပဒေစိုးမိုးရေးဘောင်ဖြစ်သော တရားမျှတစွာစီရင်မှု၊ ဥပဒေနှင့်အညီ ဖြေရှင်းမှု၊ ဆွေးနွေးညှိနှိုင်းအဖြေရှာမှုများ နည်းပါးကျဉ်းမြောင်းလေလေဖြစ်သွားတော့သည်။

လက်ရှိမြန်မာနိုင်ငံသည် စစ်ဘောင်ကျဉ်းပြီး ဒီမိုကရေစီဘောင်ကျယ်လာအောင် ဆောင်ရွက်နိုင်မှုတွင် အားတက်သရောရှိသလောက် မင်းမဲ့စရိုက်ဘောင်ကျဉ်းပြီး တရားဥပဒေစိုးမိုးမှု ဘောင်ကျယ်လာအောင် ဆောင်ရွက်နိုင်မှုတွင်တော့ အားနည်းချက်ဗရပွနှင့် ရှိနေသေးသည်မှာ NLD အစိုးရပထမသက်တမ်းအတွင်းကဖြစ်ခဲ့သော ဗစ်တိုးရီးယားအမှုကဲ့သို့ အမှုများ၊ မနေ့တစ်နေ့ကမှဖြစ်ပွားခဲ့သော လူနှစ်ယောက်သေဆုံးသည်အထိဖြစ်ခဲ့ရသည့် မုံရွာမြို့တွင်း မြေယာအငြင်းပွားမှုပြဿနာများက သက်သေပြလျက်ရှိသည်။ ပြည်ထောင်စုအစိုးရ တိုင်းဒေသကြီးအစိုးရတို့အနေဖြင့် ယင်းဖြစ်စဉ်တို့ကို မျှတပြေလည်အောင် ဥပဒေနှင့် ကိုင်တွယ်ဖြေရှင်းသော နည်းလမ်းဖြင့် တရားဥပဒေစိုးမိုးမှုဘောင်ကို မချဲ့ထွင်နိုင်သေးသရွေ့ ယင်းအလားတူအမှုများမှာ ဆက်လက် ဖြစ်ပွားလျက်ရှိနေဦးမည်ဟူသော အချက်မှာလည်း မြေကြီးလက်ခတ်မလွဲနိုင်ပေ။

သို့ဖြစ်ရ စစ်ဘောင်ကျဉ်းအောင် ဒီမိုကရေစီဘောင်ကျယ်လာအောင် အားတက်သရော လုပ်ဆောင်နေသကဲ့သို့ ပြည်ထောင်စုအစိုးရ တိုင်းဒေသကြီးအစိုးရတို့အနေဖြင့် မင်းမဲ့စရိုက်ဘောင်များ ကျဉ်းသထက်ကျဉ်းအောင် တရားဥပေဒေစိုးမိုးရေးဘောင်ကို ဖြစ်ရပ်များဖြစ်ပွားတိုင်း မြန်ဆန် မှန်ကန်စွာ ဖြေရှင်းပေးနိုင်ရေးကို ဦးတည်လုပ်ဆောင်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေဘောင်ကို ကျယ်အောင် ချဲ့ထွင်ကြစေလိုကြောင်း တင်ပြလိုက်ရပါသည်။

အယ်ဒီတာ