တရုတ်နိုင်ငံက NLD ကို ရွေးကောက်ပွဲမှာ နိုင်စေချင်တယ်

0
100

သက်ဆွေအေး ရေးသည်။

တရုတ်နိုင်ငံဟာ ယခင်တပ်မတော်အုပ်စု အုပ်ချုပ်သည့်အချိန်ကို ပြန်သွားစေတာထက် လက်ရှိ
ဒေါ်အောင်ဆန်းစုကြည်အုပ်ချုပ်နေတဲ့ အစိုးရကသာ သူတို့အကျိုးစီးပွားကို အကောင်းဆုံး ဆောင်ရွက်ပေးနိုင်တယ်လို့ မြင်ပါတယ်။

မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲရာသီကို ရောက်လာပြီမို့ ယခုတစ်ခါ ရွေးကောက်ပွဲမှာအရေးကြီးတဲ့ ခေါင်းစဉ်တွေက စီးပွားရေး၊ ကိုဗစ်အရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်တွေကို လွှမ်းမိုးမှုရှိနေပါလိမ့်မယ်။

ဒီလိုပါပဲ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ရွေးကောက်ပွဲ နောက်ပိုင်းကာလမှာ ပုံပေါ်စေချင်တာတွေကို ငွေတွေပေး၊ ပစ္စည်းတွေပေး၊ လူကိုယ်တိုင်တွေ လာရောက်ပြီး ထိတွေ့ ဆက်ဆံနေကြတာကို တွေ့လာရပါတယ်။ ဒီရက်ပိုင်းမှာ တရုတ်နိုင်ငံဟာ ပိုမိုနီးကပ်ပြီး ခိုင်မာတဲ့ဆက်ဆံရေးထူထောင်ဖို့ မြန်မာပြည်ကို ငွေပေးတာတွေ လုပ်လာခဲ့ပါတယ်။ တခြားသော ရည်ရွယ်ချက်လည်း ရှိတယ်လို့ သတင်းတချို့မှာ ဖော်ပြထားပါတယ်။ ဒါကတော့ တရုတ်နိုင်ငံဟာ မြန်မာ၊ ထိုင်း၊ ပါကစ္စတန် နိုင်ငံတို့မှာ စစ်အခြေစိုက်စခန်းထူထောင်ချင်လို့ ကြိုးစားနေတယ်လို့ ဆိုကြပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဆိုရင် တရုတ်နဲ့လျှို့ဝှက်ပြီး စစ်အခြေစိုက်စခန်း သုံးခွင့် လက်မှတ်ထိုးထားတယ်လို့ ပင်တဂွန်ရဲ့ အစီရင်ခံစာမှာရေးသားထားကြောင်း နစ်ကေးသတင်းမှာ ဖော်ပြထားပါတယ်။

စစ်အာဏာရှင်တွေကို မျက်နှာပေးဆက်ဆံခဲ့တဲ့ တရုတ်ခေါင်းဆောင်တွေဘက်မှာအပြောင်းအလဲများစွာ ဖြစ်လာပါတယ်။ ယခင်ကဆိုရင် အတိုက်ခံခေါင်းဆောင်၊ ဒီမိုကရေစီအရေး လှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည်အပေါ် သံသယ အကြီးကျယ်ထားခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ လတ်တလော တရုတ်အစိုးရကိုယ်စားလှယ်တော်ကြီးနဲ့ မြန်မာတို့ကြား ဆွေးနွေးမှုအရ (NLD) အနိုင်ရစေချင်တာကို မြင်ခဲ့ရသလို၊ ထိန်းရသိမ်းရခက်ခဲလာတဲ့ ဗိုလ်ချုပ်တွေအပေါ်မှာ စိတ်ကုန်လာတာကို ပြသခဲ့ပါတယ်လို့ ဘာတေးလင့်တနာရဲ့ဆောင်းပါးမှာ ရေးသားထားပါတယ်။

မြန်မာစစ်တပ်က အချုပ်ခြာအာဏာကာကွယ်ရေးဟာ သူတို့တာဝန်လို့ မြင်ထားပြီး၊ နိုင်ငံတော်က တရုတ်အပေါ် မှီခိုနေရတာကို လျော့လာစေချင်တဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ယခင်က မဟာမိတ်များဖြစ်တဲ့ အနောက်အုပ်စုနဲ့ ခွာလာခဲ့ပြီး တရုတ်ဆီက စီးပွားရေးနဲ့ တခြားသော အကူညီတွေဘက် မျက်နှာလှည့်လာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပဆက်ဆံရေး အရှုပ်ထွေးထဲမှာ တတိယအနေနဲ့ ပါဝင်ပတ်သက်တဲ့နိုင်ငံကတော့ ဂျပန်နိုင်ငံပဲ ဖြစ်ပါတယ်။ ဂျပန်ဟာဒေသတွင်းရဲ့ ပထဝီနိုင်ငံရေး အပြောင်းအလဲကို သိထားပြီး အနောက်ကမ္ဘာက ဝိုင်းပြောနေတဲ့ကိစ္စထဲလည်း ဝင်မပါခဲ့ပါဘူး။ မြန်မာနိုင်ငံထဲမှာထဲထဲဝင်ဝင်ပတ်သက်အောင် အောက်ခြေက စကြိုးစားနေတယ်လို့ ပြောလို့ရနိုင်ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးကို အရှေ့တောင်အာရှ နိုင်ငံဆီ လွှတ်ခဲ့ပြီး၊ ဂျပန်ရဲ့ ပါဝင်ပတ်သက်မှုကို ခိုင်မာအောင် ကြိုးစားလာပါတယ်။ ကိုဗစ်ကာလမှာ တောင် ပတ်သွားရတယ်ဆိုတော့ တရုတ်ရဲ့ဒေသတွင်း လွှမ်းမိုးမှုကို ဘယ်လောက် ကာကွယ်ချင်သလဲဆိုတာ မှန်းဆကြည့်နိုင်ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိလာစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သလို၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှုမှာ ကိုဗစ်ထိန်းသိမ်းရေးအတွက်နည်းပညာ အထောက်ပံ့ပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ကတိပေးခဲ့သလို၊ စီးပွားရေးသမားတွေနဲ့ ကျောင်းသားတွေ နှစ်နိုင်ငံကြား အဆင်ပြေပြေသွားလာနိုင်အောင် ကူညီကြမယ်လို့ဆိုပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဆွေးနွေးရာမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကူညီမယ်လို့ ဂျပန်ဘက်က ကတိပေးခဲ့ပါတယ်။ ဒေသတွင်းကိစ္စတွေနဲ့ ပတ်သက်ပြီး အမြင်ချင်းဖလှယ်ကြမယ်လို့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒေသတွင်းကိစ္စဆိုတာကလည်းတောင်တရုတ်ပင်လယ်တွင်း ဖြစ်နေတဲ့ တရုတ်ရဲ့စစ်ရေး အင်အားပြနေတဲ့ကိစ္စနဲ့ နှစ်နိုင်ငံကြားနက်နက်ရှိုင်းရှိုင်း ပူးပေါင်းကြဖို့ထိ ဆွေးနွေးထားတာကို ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကိုပေးခဲ့တဲ့ ကတိတွေကြောင့် တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုလျော့ပါးသွားမလားဆိုတာ ဆက်လက်စောင့်ကြည့်ရမယ့်ကိစ္စသာဖြစ်ပါတယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်ကိစ္စက အရေးကြီးပါတယ်။ ဒီအစီစဉ်မှာနှစ်နိုင်ငံ အဆင့်မြင့်လမ်းတွေ၊ အမြန်လမ်းတွေဖောက်ဖို့၊ မြန်မာပြည်တွင်း မြစ်များအားလုံးမှာရေကြောင်းလမ်း အဆင့်မြှင့်တင်ဖို့လည်း ပါဝင်ပါတယ်။ ဒီစီမံကန်းဟာ တရုတ်သမ္မတကြီးယှီကျင့်ပင်ရဲ့ ကမ္ဘာပတ်တဲ့ အခြေခံအဆောက်အဦစီမံကိန်းကြီး ဖြစ်တဲ့ (BRI) အတွက် အခရာကျနေပါတယ်။ အမေရိကန်နဲ့ တရုတ်ဟာ ခေတ်သစ်စစ်အေးနီးပါး ထိပ်တိုက်တွေ့နေတဲ့အတွက်ကြောင့် အာဆီယံတွင်းက ဒီလမ်းတွေက ပိုအရေးကြီးလာပြန်ပါတယ်။ တရုတ်အတွက် မြန်မာပြည်ကနေ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရတာကလည်း တရုတ်ကုန်သွယ်ရေးကို အရှေ့အလယ်ပိုင်း၊ အာဖရိက၊ ဥရောပဘက်ကို ထွက်လို့ရတဲ့လမ်းကြောင်းအသစ်လည်း ဖြစ်စေပါတယ်။ လက်ရှိမှာပြဿနာတက်နေတဲ့ တောင်တရုတ်ပင်လယ်နဲ့ မလက္ကာရေလက်ကြားတို့ကနေထွက်နေရပါတယ်။

ရှီကျင်းပင် မြန်မာပြည်ခရီးစဉ်တုန်းက နားလည်မှု စာချွန် ၃၃ ခုထက်မနည်း လက်မှတ်ရေးထိုးခဲ့ပြီး ယင်းတို့ထဲက ၁၃ ခုဟာ အခြေခံအဆောက်အဦဆိုင်ရာတို့ ဖြစ်ပါတယ်။ တရုတ်ရင်းနှီးမြှုပ်နှံထားတဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအနီးမှာ စက်မှုဇုန်တည်ဆောက်ခွင့်၊ အထူးစီးပွားရေးဇုန်တည်ဆောက်ခွင့်တို့အတွက် ဒေါ်လာဘီလျံ ပေါင်းများစွာ သုံးစွဲမယ်ဆိုပါတယ်။ အေအေကိုထောက်ပံ့နေတဲ့ အင်အားကြီး အုပ်စုရှိတယ်လို့ ရုရှားသတင်းအင်တာဗျုးတစ်ခုမှာ ရေးထားတာရှိပါတယ်။ ဘယ်အဖွဲ့စည်းကလဲလို့ အတိအကျ မပြောထားပေမယ့် သိသာနေပါတယ်။ တရုတ်နိုင်ငံလုပ် လက်နက်တွေကို အေအေ ကိုင်ဆောင်နေတာကိုတွေ့ရပါတယ်လို့ ညွှန်းပါတယ်။ နိုဝင်ဘာလအတွင်းက မြန်မာစစ်တပ်ဘက်မှ တရုတ်နိုင်ငံထုတ် လက်နက်ပေါင်းများစွာနဲ့ လောင်ချာအသစ်များ၊ မြေပြင်မှာ ဝေဟင်ပစ်ဒုံးများအထိ ရှမ်းပြည်နယ်လက်နက်ကိုင်များထံမှ ဖမ်းဆီးရမိပါတယ်။

တရုတ်ရဲ့ မြန်မာအပေါ် မုန့်ပေးလိုက်၊ တုတ်ပြလိုက် မူဝါဒဟာ ချေးငွေတွေ၊ ပေးငွေတွေနဲ့ ကိုဗစ်တိုက်ဖျက်ရေးအတွက် ထောက်ပံ့မှုတွေက လက်တစ်ဖက်မှာ ပါဝင်ပြီး၊ တခြားတစ်ဘက်မှာတော့ မြန်မာပြည်ရဲ့ လူမျိုးစု လက်နက်ကိုင်တွေကို မှောင်ခိုလက်နက်ဈေးကွက်ကြီးနဲ့ ထောက်ပံ့ပေးနေပါတယ်။ ကိုဗစ်ကပ်ဘေးဖြစ်နေစဉ်မှာရော ၊အစိုးရနဲ့ လက်နက်ကိုင်ခေါင်းဆောင်များကြား အကြိမ်ကြိမ်ဆွေးနွေးသော်လည်း မြန်မာပြည်ရဲ့ နယ်စပ်ဒေသပေါင်းများစွာမှာ စစ်ပွဲ ဆက်လက်ဆင်နွှဲနေကြပါတယ်။ တစ်နေ့တခြား ပိုမိုထင်ရှားလာတာက တရုတ်ရဲ့ လွှမ်းမိုးမှုဟာ ပိုမိုရုပ်လုံးပေါ်လာပါတယ်။

အပစ်ရပ်ဆိုတာကလည်း အရင်အစိုးရ လက်ထက်ကတည်းက လုပ်ခဲ့တာဖြစ်ပြီး အနောက် အုပ်စုနဲ့ ဂျပန်က ကောင်းကောင်း ထောက်ပံ့ခဲ့ကြပါတယ်။ ထိုအတူ တရုတ်ကလည်း ပြင်ပတွေ့ဆုံမှုများကိုလည်း ပွဲစားလုပ် ကူညီခဲ့တာတွေ ရှိခဲ့ပါတယ်။ အပစ်ရပ်ဆွေးနွေးမှုကို မကြာသေးခင်ကလုပ်ခဲ့ပေမယ့် သိပ်ထူးခြားမသွားခဲ့ပါဘူး။ လူမျိုးစုလက်နက်ကိုင် ၈၀ ရာခိုင်နှုန်းလောက်က အပစ်ရပ်ကို လက်မှတ်မထိုးကြပါဘူး။ အများစုကလည်း လက်မှတ်ထိုးမယ်လည်း မထင်ပါ။ ဒါအပြင်တရုတ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ အဖွဲ့တွေများပါတယ်။ ဒီလိုအဖွဲ့တွေထဲက “ဝ” တပ်မတော် The United Wa State Army (UWSA) ဆိုရင်တရုတ်ထုတ် တိုက်ခိုက်ရေးရိုင်ဖယ်တွေ၊ စက်သေနတ်တွေ၊ မော်တာတွေ၊ မြေပြင်မှ ဝေဟင်ပစ်ဒုံးတွေ၊ စစ်သုံးယာဉ်တွေထိ တရုတ်ပြည်ထုတ်တွေနဲ့ စစ်အင်အားဖြည့်တင်းထားပါတယ်။

အေအေ ဆိုတာကလည်း သူတို့တွေရဲ့ ရင်းနှီးတဲ့ မဟာမိတ်ဖြစ်ပြီး၊ “ဝ” ဆီကနေ လက်နက်ရနိုင်ပါတယ်။ ဒီလိုပါပဲ ကေအိုင်အေတို့၊ တီနဲ့အမ်အယ်အေတို့လည်း ပါဝင်ပါတယ်။

အနောက်တိုင်းနဲ့ ဂျပန်ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ကောင်း ပါဝင်နိုင်ပါတယ်။ ဂျပန်က မြန်မာပြည်ရဲ့ ဆယ်စုနှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ ပြည်တွင်းစစ် အဆုံးသတ်ရေးကို တိုးပြီးကူညီမယ်လို့ ကတိပေးချင် ပေးခဲ့နိုင်ပါတယ်။ ဒါပေမယ့် တရုတ် လုံခြုံရေးဆိုင်ရာအရာရှိတစ်ယောက်က FPNCC (တရုတ်မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနိုင်ငံရေး မဟာမိတ်အဖြစ် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေးကော်မတီ) တို့နဲ့ လတ်တလော တွေ့ဆုံရာမှာ ငြိမ်းချမ်းရေးကိစ္စတွေကို မဆောင်ရွက်ဖို့နဲ့ အနောက်အုပ်စု၊ဂျပန်တို့နဲ့လည်း ငြိမ်းချမ်းရေးဆိုင်ရာ မဆွေးနွေးဖို့ ပြောဆိုထားပါတယ်။

ယင်းဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် တရုတ်သည် မြန်မာပြည်အပေါ် တုတ်မိုးထားသော ဆက်ဆံရေးကို မစွန့်လွှတ်နိုင်တဲ့ ရည်ရွယ်ချက်ရှိကြောင်း သိသာထင်ရှားနေသလို၊ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ်မှာလည်း ပြင်ပမှ မသက်ဆိုင်သူတို့ ပါဝင်ပတ်သက်နေတာ ထင်ရှားလာပါတယ်။

ဂျပန်ကတော့ မြန်မာနဲ့ ဆက်ဆံရေးကို အကောင်းဆုံး ထိန်းသိမ်းထားပြီး၊ တရုတ်ကတော့လုံးဝ ထိန်းချုပ်ထားနိုင်သော အခြေအနေကို ရောက်နေဆဲဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီ လမ်းကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ယခုအနေအထားအတိုင်း ဆက်လက် သယ်သွားမှာကို တရုတ်ဘက်က လုံးဝထောက်ခံနေခြင်းဖြစ်ပါတယ်လို့ မြန်မာအရေးသုံးသပ်သူ ဘာတေးလစ်တနာက သုံးသပ်ချက်ဆောင်းပါး ရေးသားထားပါတယ်။

Ref: asiatimes.com,asia.nikkei.com