တိုင်းအစိုးရကို စိန်ခေါ်နေသော အလောင်းတော်ကဿပဒေသ သစ်ခိုးထုတ်မှု

0
13237
ပြီးခဲ့သည့်နှစ်အတွင်း ဖမ်းမိသည့် အလောင်းတော်ကဿပဒေသ သစ်ခိုးထုတ်မှုများတွင် ၈၀ ရာခိုင်နှုန်းကျော်သည် ပိုင်ရှင်မဲ့အဖြစ် စာရင်းဝင်သွားသည်။

စစ်ကိုင်းတိုင်းဒေသကြီးကို ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် ဦးဆောင်သည့် အစိုးရအဖွဲ့ တာဝန်ယူခွင့်ရသောအခါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် ၎င်းအစိုးရအဖွဲ့၏ ထိပ်တန်းဦးစားပေး မူဝါဒတခု ဖြစ်လာခဲ့သည်။ ယင်းမူဝါဒအရ သစ်တော သယံဇာတ ပေါကြွယ်ဝသည့် စစ်ကိုင်းတိုင်းတွင် တရားမဝင် သစ်ခိုးထုတ်ခြင်းအား ပို၍ ဖမ်းဆီးလာသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ဆိုလျှင် ဝန်ကြီးချုပ်ကိုယ်တိုင်ပင် ကွင်းဆင်း၍ သစ်ခိုးထုတ်သည့်ကားများကို ဦးဆောင်ဖမ်းဆီးခဲ့သည်။ သို့သော် တရားမဝင်သစ်ခိုးထုတ်ယူမှုများကို ပျောက်ကွယ်သွားအောင် နှိမ်နှင်းနိုင်ခြင်း မရှိသေးပေ။

မုံရွာဂေဇက်က ရရှိထားသော သတင်းအချက် များအရ အာဆီယံအမွေအနှစ် စာရင်းဝင်ဖြစ် သည့် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်တွင် တစ်နှစ်လျှင် တရားမဝင် သစ်တန်ချိန် ၁၅၀ ကျော် ဖမ်းမိနေသည်ဟု သိရသည်။

အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်းနှင့် အနီးအနားဝန်းကျင်များ၌ တစ်လလျှင် ၁၀ တန်ကျော် ဖမ်းမိနေပြီး ဖမ်းဆီးရမိသည့် သစ်မှုများတွင် အများစုမှာ ပိုင်ရှင်မဲ့ဖြစ်ကြောင်း သိရသည်။ ၎င်းဥယျာဉ် အတွင်း ၂၀၁၈- ၂၀၁၉ ဘဏ္ဍာ နှစ်၏ သစ်ဖမ်းဆီးရရှိမှု ၈၀ ရာခိုင်နှုန်းကျော်မှာ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

သုတေသန တွေ့ရှိချက်တခုတွင် သစ်ပင်တပင်မှ ရရှိသော သစ်သားတန်ဖိုးမှာ ဒေါ်လာ ၆၀ဝ ခန့် ရှိသော်လည်း ၎င်းသစ်ပင်၏ ပတ်ဝန်းကျင်ရေးရာဝန်ဆောင်မှုတန်ဖိုး စုစုပေါင်းမှာ ဒေါ်လာ ၁၉၀ဝ၀ဝ ခန့်ရှိသည်ဟု ဖော်ပြထားရာ အလောင်းတော်ကဿပ ဥယျာဉ်အတွင်း တရားမဝင် သစ်ခိုးထုတ်ယူခြင်းကြောင့် ဆုံးရှုံးမှုတန်ဖိုးကို အလွယ်ပင် ခန့်မှန်း သိရှိနိုင်သည်။

အလောင်းတော်ကဿပတောသည် မုံရွာနှင့်မိုင် ၅၀ခန့်ဝေးသည်။ မုံရွာမြို့၏အနောက်ဘက် ချင်းတွင်းမြစ်တစ်ဖက်ကမ်းတွင် တည်ရှိသည်။ မုံရွာ -ကနီ လမ်းမကြီးမှ တရော်ကျင်း ကပိုင်လမ်းသို့ ချိုးကွေ့လိုက်သည်နှင့်တပြိုင်နက် မြေသားလမ်းချည်းပဲ တွေ့ရတော့မည်ဖြစ်သည်။ နွေနှင့်ဆောင်းတို့တွင် ဆိုင်ကယ်ထိန်း၍ စီးရသော်လည်း မိုးရာသီတွင် အန္တရာယ်ရှိသည့် လမ်းပိုင်းဖြစ်သည်။ လမ်းတလျှောက်ကျေးရွာများမှာ တစ်ရွာနှင့်တစ်ရွာ အလှမ်းဝေးလှပြီး လမ်းတွင်လည်း ဘုရားဖူးမှအပ လူသွားလူလာ မရှိသလောက်ဖြစ်သည်။ ရွာအားလုံးတွင် လျှပ်စစ်မီး မရရှိချေ။ လမ်းဘေးဝဲယာများတွင် ဇီးခြံများနှင့် မဖြစ်ထွန်းသည့် နေကြာခင်းများသာ ရှိသည်။ ၎င်းဥယျာဉ်အတွင်း သစ်ခိုးယူ ထုတ်လုပ်မှုများတွင် အနီးအနားက ရွာခံများ ပါဝင်နေသည်ဟု အချို့က သံသယရှိနေကြသလို ဒေသခံများနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း အမျိုးသားဥယျာဉ်ဝန်ထမ်းတချို့ပါ တရားမဝင် သစ်ခိုးယူမှုတွင် ပါဝင်နေသည်ဟု သံသယ ရှိနေကြကြောင်း သိရသည်။

ဒေသခံတွေ ဘာကြောင့်သစ်ခိုးထုတ်သလဲ

အလောင်းတော်ကဿပတောသည် ကနီ၊ ယင်းမာပင်၊ မင်းကင်းမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး ၎င်းအနီးနားရှိ ရွာအများစုသည် စီးပွားရေးနှင့် စားဝတ်နေရေးအတွက် တောကို မှီခိုနေရသည်။ ၎င်းဒေသများသည် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသည့်အတွက် သစ်ခိုးထုတ်ရခြင်းဖြစ်သည်ဟု ဒေသခံအချို့က ဆိုသည်။

အဆိုပါ ဒေသများတွင် အများစုသည် တောင်သူများဖြစ်ရာ စိုက်ပျိုးရေ မရရှိခြင်းနှင့်ရာသီဥတု မကောင်းခြင်းကြောင့် တောင်သူအလုပ် အဆင်မပြေသည့်အတွက် ငွေရလွယ်သည့် သစ်ခုတ်လုပ်ငန်းလုပ်ကိုင်ကြခြင်းဖြစ်သည်ဟု ၎င်းတို့က အကြောင်းပြသည်။

“သစ်ဖြတ်နေတဲ့အချိန် ရင်တွေတုန်ပြီး ဘယ်လောက် ကြောက်ရလဲဆိုတာ သစ်ခိုးခုတ် သူတွေလောက် ဘယ်သူမှ သိမှာမဟုတ်ဘူး။ မိတော့မလားဆိုပြီး စိတ်မချမ်းမသာ လုပ်နေရတဲ့ အလုပ် ဘယ်သူက လုပ်ချင်လဲ။ ဆင်းရဲလို့ လုပ်စား တာ”ဟု ယင်းမာပင်မြို့နယ်မှ ရွာသားတစ်ဦးက ပြောသည်။

သို့သော် အလောင်းတော်တောအနီးတွင် နေသော်လည်း သစ်ခိုးထုတ်ခြင်းလုပ်မစားဘဲ တောင်သူသာ လုပ်စားသူအချို့ရှိသည်။ မုံရွာဂေဇက်က စုံစမ်းကြည့်ရာ တောင်သူအလုပ်နှင့် အခြားအလုပ်လုပ်စရာအဆင်ပြေသည့် ရွာအချို့မှ လူများမှာ သစ်ခုတ်သည့်လုပ်ငန်း လုပ်မစားပေ။

ကွမ်းစပ်ရွာသား တစ်ဦးက “ကျွန်တော်တို့ ရွာက ဇီးစိုက်တယ်။ ဇီးဈေးကောင်းနေရင် အဆင်ပြေတယ်။ ညောင်ကိုင်းရွာလည်း စိုက်ပျိုးရေးဖြစ်တယ်။ အဲဒီတော့ အများစုက သစ်လုပ် မစားကြဘူး” ဟု ပြောသည်။

ဒေသခံများ၏ စားဝတ်နေရေးအတွက် အလုပ်အကိုင်ဖန်တီးပေးလျှင် သစ်ခိုးထုတ်မှုလည်း အတော်အတန် ပပျောက်သွားမည်ဟု သီးကုန်း ကပိုင်ရွာမှ ဦးဝင်းနိုင်ဦး(တရားလွှတ်တော်ရှေ့နေ) က သုံးသပ်ပြောသည်။

“စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်လို့ရအောင် ဆည်ဆောက်ပေးလိုက်။ သူတို့ စီးပွားရေးကောင်းနေရင် သစ်တောကို လှည့်ကြည့်တော့မှာကို မဟုတ်ဘူး။ ခုတော့ တကယ်မရှိလို့ လုပ်စား၊ ထောင်ကျသွားတယ်။ ရွာမှာထောင်ထွက်တွေပဲ များလာတာ ကောင်းတဲ့လက္ခဏာမဟုတ်တော့ စိုးရိမ်တယ်”ဟု ၎င်းက ဆက်ပြောသည်။

သစ်ခိုးထုတ်ရာတွင် အမျိုးသားဥယျာဉ်ဝန်ထမ်းများ ပါဝင်ပတ်သက်မှု ရှိ၊ မရှိ

စတုရန်း ကီလိုမီတာ ၁၅၀ဝကျော် ကျယ်ဝန်းသည့် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အား ထိန်းသိမ်းရန် ဝန်ထမ်း ၈၀ ခန့် ရှိသည်။

အဆိုပါ ဝန်ထမ်းများမှာ သစ်တောဦးစီးဌာနအောက်ရှိ သဘာဝပတ်ဝန်းကျင်နှင့် သားငှက် တိရိစ္ဆာန်ထိန်းသိမ်းရေးဌာန၏ ဝန်ထမ်းများဖြစ်သည်။

အဆိုပါ ဝန်ထမ်းများတွင် အမှန်တကယ် သစ်ဖမ်းသည့် ဝန်ထမ်းများ ရှိသကဲ့သို့ သစ်ခိုးထုတ် နေသူများနှင့် လက်ဝါးရိုက်နေသည့် ဝန်ထမ်းအချို့လည်းရှိသည်ဟု ဒေသခံအချို့က ပြောသည်။ ထိုသို့ သံသယဖြစ်သူများတွင် ကနီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးထွန်းထွန်းနိုင်လည်း အပါအဝင်ဖြစ်သည်။

“သစ်မှောင်ခိုအကြီးအကျယ် လုပ်တဲ့သူတွေကို သစ်တောဝန်ထမ်းတွေ၊ ရဲတွေ အတွင်းကလူတွေ အကုန်လုံး သိတယ်။ တကယ်တမ်း ဖမ်းတယ်ဆီးတယ်ဆိုတာ အကြီးကြီးတွေ ဖမ်းတာမဟုတ်ဘူး။ ခပ်သေးသေး တွေပဲဖမ်းတာ။ သူတို့ အဂတိတရား မကင်းလို့ပေါ့”ဟု ၎င်းက ပြောသည်။

မကြာသေးမီက မော်တော်ဖြင့်သစ်ခိုးထုတ်မှု တစ်ခုကို ဖမ်းမိစဉ် သစ်တောဝန်ထမ်းအချို့က သစ်တန်ချိန်နှင့် သစ်အမျိုးအစားများ တရားရုံးသို့ တင်ပြရာတွင် လျှော့ပေါ့တင်ပြသည်ဟု ကြားသိရကြောင်း ၎င်းက မုံရွာဂေဇက်ကို ပြန်ပြော ပြသည်။

ယမန်နှစ် မိုးတွင်းပိုင်းက ဖြစ်ခဲ့သော ဥယျာဉ် ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေသည့် ကိုးမိုင် စခန်းအနီးတွင် ပိတောက်ပင်အချို့ ခိုးခုတ်ခံခဲ့ရသည့် ဖြစ်စဉ်တွင်လည်း သစ်သူခိုး မည်သူမည်ဝါ ဖြစ်မည်ကို တာဝန်ကျ သစ်တောဝန်ထမ်းအချို့ သိလိမ့်မည်ဟု အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၏ အုပ်ချုပ်ရေးမှူး ဦးတင်စိုးက ၎င်း၏ ထင်မြင်ချက်ကို ပြောသည်။

ချိန်းဆောဖြင့် ဖြတ်သွားခြင်းဖြစ်သဖြင့် စခန်းမှ ဝန်ထမ်းများ ကြားသင့်သည် သိသင့်သည်ဟု ယူဆသဖြင့် သစ်ခိုးခုတ်ခံရမှုကို စစ်ဆေးပေးရန် အမျိုးသားဥယျာဉ်ကို ထိန်းချုပ်သည့် နေပြည်တော်ရုံးချုပ်သို့ အကြောင်းကြားခဲ့သည်။

“ဘယ်သူ ခိုးထုတ်လဲ မပေါ်လိုက်ဘူး။ တာဝန်ကျတဲ့ဝန်ထမ်းတွေကိုတော့ အချိန်မီသတင်းမပို့တဲ့အတွက် တာဝန်ပေါ့လျော့မှုနဲ့ ဌာနက အရေးယူလိုက်တယ်”ဟု ဦးတင်စိုးက ပြောသည်။

၎င်းတို့သည် တာဝန်ချိန်အတွင်း သစ်ခိုးထုတ်မှုများကို မသိလိုက်သည့်အတွက် တာဝန်ပေါ့လျော့မှုဖြင့် နယ်ပြောင်းရမည်မှာ သေချာသလောက် ရှိနေပြီဖြစ်ပြီး အမိန့်မထွက်သေးကြောင်း ၎င်းက ဆိုသည်။

ဝန်ထမ်းအပြောင်းအလဲဖြစ်သည့် ကာလများတွင် သစ်ပိုဖမ်းမိလေ့ရှိသည်ဟု ဒေသခံအချို့က မှတ်ချက်ပြုသည်။

“ဝန်ထမ်းအပြောင်းအလဲတွေမှာ ချိတ်ပေးမထားခဲ့ရင် အဖမ်းခံရတယ်။ တစ်ဦးက အပြောင်းအလဲကျရင် သစ်သမားကို နောက်ဝန်ထမ်းနဲ့ ချိတ်ပေးခဲ့တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဘယ်လိုပုံစံနဲ့ သစ်ခိုးထုတ်နေကြလဲ

သစ်တောဝန်ထမ်းများနှင့် တောအနီးနားဝန်းကျင် ဒေသခံတို့၏ ပြောပြချက်အရ သစ်ခိုးထုတ်မှုများတွင် သစ်ပင်ခုတ်သည်က တဖွဲ့၊ ခုတ်ပြီးသားသစ်များကို သွားသယ်သည့်အဖွဲ့တို့ရှိပြီး ၎င်းတို့က ကားနှင့် အရံသင့်စောင့်နေသည့်အဖွဲ့တို့နှင့် ချိတ်ဆက်ထားပြီး ခိုးထုတ်ကြသည်များရှိသည်ဟု သိရသည်။

အခကြေးငွေ သတ်မှတ်ယူပြီး အနီးအနားရှိ ရွာခံတို့က သွားခုတ်ပေးခြင်း၊ တောထဲမှ သစ်ကို ၎င်းတို့ဒေသအခေါ် လှည်းကတုံးများဖြင့် သွားရောက် ဆွဲပေးရသည်။ သစ်ဆွဲရန်အတွက် လှည်းကို သီးသန့်ပြုလုပ်ထားပြီး တင်စရာ လှည်းအိမ်အား ဖြုတ်ထားသည်။

“တစ်ခေါက်ကို သုံးသိန်းလောက်နဲ့ ဆွဲပေးကြတယ်။ ငွေလေးလိုတဲ့အချိန်လည်း သွားခုတ် လိုက်ရော။ ဘယ်သူက ဘယ်ဈေးနဲ့ ဝယ်နေတယ် ဆိုတာ ဒီနားဝန်းကျင် သစ်ခုတ်တဲ့ သူတွေက အကုန်သိတယ်။ ဝယ်လက်မရှားဘူး”ဟု အလောင်း တော်ကသပ တောအနီးနားဝန်းကျင်က ရွာသားတစ်ဦးက ပြောသည်။

ရွာအချို့၌ ပွဲစားများရှိသကဲ့သို့ မြို့မှပွဲစားများလည်းရှိသည်ဟု သိရသည်။ ယခင်ကဆိုလျှင် တရုတ်ပွဲစားများကိုယ်တိုင် လာရောက်ဝယ်ယူမှု များရှိပြီး ယခု သုံးလေးနှစ်ပိုင်းလောက်တွင်တော့ ဒေသအထိ ဆင်းဝယ်သည့်တရုတ် မတွေ့တော့ ကြောင်း ဒေသခံအချို့က ပြောသည်။

“အခုနောက်ပိုင်းတော့ အဖမ်းအဆီး တော်တော်များလာတယ်။ အချို့ ပွဲစားတွေလည်း မိတယ်။ အမြဲလုပ်နေတဲ့သူ လမ်းကြောင်းသိနေတဲ့ သူတွေကတော့ လွတ်နေတုန်းပဲ”ဟု ကပိုင်ရွာသူ တစ်ဦးက ဆိုသည်။

ဝန်ထမ်းများ၏ အခက်အခဲ

သစ်ဖမ်းဆီးမှုဆောင်ရွက်ရသည့် ဝန်ထမ်းများ တွင် အဓိက ကြုံတွေ့ရသည့်ပြဿနာမှာ ဝန်ထမ်း အင်အားနည်းခြင်းနှင့် လက်နက်အဆောင် အယောင် အားနည်းချက်များဖြစ်သည်ဟု အလောင်း တော်ကဿပတောအုပ် ဦးဇော်ထူးအောင်က ပြောသည်။

တခါတလေ သစ်လာခိုးထုတ်သည့် လူအရေအတွက်မှာ ဖမ်းဆီးရေးလုပ်သည့် ဝန်ထမ်းအရေအတွက်ထက်များနေသဖြင့် အန္တရာယ်မပြုအောင် ချော့မော့ပြီး ရဲစခန်းခေါ်သွားရသည့်ဖြစ်စဉ်များ ရှိသည်ဟု ၎င်းကပြောသည်။

“တခါလည်း ည ၂ နာရီကြီး ကား ၆ စီးမိတယ်။ ဒီကားတွေကို ရဲစခန်းထိ မောင်းသွားနိုင်ဖို့ ကားမောင်းတဲ့သူ မရှိဘူး။ မနက်မှ ရဲတို့၊ ထွေအုပ်တို့က ကားမောင်းတက်တဲ့သူတွေ ခေါ်ပြီးလာမယ်ဆိုတော့ တောထဲကနေ စောင့်နေရတယ်။ မနက်လင်း မှ ကျွန်တော်တို့ သက်ပြင်းချနိုင်တယ်”ဟု ၎င်းက ဆက်ပြောသည်။

သစ်တောဝန်ထမ်းများပြောသည့် ဝန်ထမ်းအင်အားနည်းခြင်းကြောင့် ဖမ်းဆီးရေး အားနည်းသည် ဆိုသည့်အချက်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်က သဘောမတူပေ။ ယခင်က ဝန်ထမ်းအင်အားအနည်းငယ်ဖြင့် တောတစ်တောလုံးကို ထိန်းသိမ်းနိုင်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်ဟု ၎င်းကပြောသည်။ အဂတိ ကင်းကင်းဖြင့် ကြပ်ကြပ်မတ်မတ် လုပ်ဆောင်နိုင်ပါက ထိန်းသိမ်းနိုင်မည်ဟု ၎င်း၏ ထင်မြင်ချက်ကို ပြောပြသည်။

ထွက်ပြေးသွားသော သစ်ခိုးသမားများကို သေနတ်နှင့်ပစ်ဖမ်းခွင့် ပေးထားသော်လည်း အဆိုပါ သေနတ်များမှာ အရည်အသွေး မမှီသော သေနတ်များ ဖြစ်သဖြင့် ပစ်ခတ်ရာတွင် အားနည်းချက် အချို့ရှိနေသည်။ ယခုအချိန်ထိ သေနတ်ဖြင့် ပစ်ဖမ်းနိုင်ခဲ့သည့် ဖြစ်စဉ် မရှိသေးကြောင်းလည်းစုံစမ်းသိရှှိရသည်။

အငြင်းပွားဖွယ် တည်ဆဲသစ်တောဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း

တရားမဝင် သစ်ခိုးထုတ်ခြင်းနှင့် ပတ်သတ်၍ အငြင်းပွားဖွယ် ကိစ္စတခုမှာ တည်ဆဲသစ်တော ဥပဒေ လုပ်ထုံးလုပ်နည်းများ ဖြစ်ကြောင်း Ecodev Myanmar တည်ထောင်သူတစ်ဦးဖြစ်သော ဦးဝင်းမျိုးသူက Myanmar Quarterly ဂျာနယ်၌ လိုအပ်နေသည့် ပတ်ဝန်းကျင် တရားမျှတမှု ဆောင်းပါးတွင် ရေးသားထားသည်။

ခိုးသစ်များကို ဖမ်းမိသည့်အခါ သစ်တောပုံစံ ၈ ဖြင့် စာရင်းသွင်း မှတ်တမ်းတင် သိမ်းဆည်းရသည်။ ဖမ်းဆီးရရှိသော သစ်များကို ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ကာ တရားဝင် အသုံးပြုနိုင်အောင် ပြန်လည် ရောင်းချပေးလေ့ရှိသည်။ ယင်းကဲ့သို့ ဖမ်းဆီးသစ်များကို တရားဝင်ဖြစ်အောင် ပြုလုပ်ထားသော သစ်များကို အရပ်အခေါ် ပုံစံ ၈ ဟု ရည်ညွှန်းပြောဆိုကြသည်။

ယခင်တပ်မတော် အစိုးရလက်ထက်က ပုံစံ ၈ သစ်များကို ပြည်ပအထိ တင်ပို့နိုင်ရန် ခွင့်ပြုထားသည။် လက်ရှိအစိုးရလက်ထက်တွင်မူ ပုံစံ ၈ သစ်များကို ပြည်ပတင်ပို့ခွင့် ပိတ်ပင်လိုက်ပြီ ဖြစ်သည်။ သို့သော် လိုသလိုသုံးနိုင်သည့်ပုံစံ(၈)လုပ် ထုံးလုပ်နည်းများမှာ ကျန်ရှိနေသေးရာ တရားမဝင်သစ်များကို တရားဝင်အဖြစ် လုပ်ဆောင်နိုင်မည့် အုပ်ချုပ်ရေးနည်းလမ်းကို အပြီးတိုင် ပယ်ဖျက်ရန် လိုသည်ဟု ထောက်ပြထားသည်။

ထို့အပြင် တရားမဝင်သစ်များမှာ ပမာဏ နည်းလှသည့်အတွက် အခြားနိုင်ငံများကဲ့သို့ ဖျက်ဆီးမပစ်ဘဲ ဒေသတွင်း ပညာရေး၊ ကျန်းမာရေးနှင့် နေစရာ အဆောက်အအုံများအတွက် ပွင့်လင်းမြင်သာစွာ စီမံထားသင့်သည်ဟု ၎င်းဆောင်းပါးတွင် အကြံပြုထားသည်။

ပြဿနာ၏ အဖြေတစ်ခု

သစ်ခိုးထုတ်မှုများ ပပျောက်နိုင်ရန် သစ်တောဝန်ထမ်းများနှင့် ဒေသခံများပြောသည့် အဖြေတစ်ခုမှာ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေပေးခြင်းသာ ဖြစ်သည်။

ဒေသခံတစ်ဦးဖြစ်သည့် ဦးဝင်းနိုင်ဦးက “ဒီသစ်တောကြီးကို ကျွန်တော်တို့လည်း ချစ်တာပဲလေ။ ဘယ်လောက်ချစ်ချစ် စားစရာမရှိရင်တော့ လုပ်စားမှာပဲ။ လောဘအတွက် လုပ်နေတဲ့သူတွေလည်း ရှိပါတယ်။ အဲဒါတွေကိုဖမ်းပါ။ တကယ် စားဝတ်နေရေးနဲ့ ကလေးတွေ ပညာသင်စရိတ်အတွက် မရှိလို့ လုပ်တဲ့သူတွေကိုတော့ ဒါမလုပ်နဲ့ ပြောနေလို့မရဘူး။ သူတို့အတွက် အလုပ်အကိုင်တွေ ဖန်တီးပေးပါ”ဟု ပြောသည်။

ထို့အပြင် သစ်ဖမ်းဝန်ထမ်းများအတွက် မက်လောက်သည့် ဆုကြေးငွေမရရှိခြင်းမှာလည်း ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို နိမ့်ကျစေသည်ဟု ဝန်ထမ်းအချို့က ထင်မြင်နေသည်။ ဖမ်းဆီးရမိသည့် သစ်တန်ချိန်အပေါ် မူတည်ပြီး ဆုကြေးငွေ ရရှိခြင်းဖြစ်ပြီး ကား၊ နွား စသည့် သစ်ခိုးထုတ်ရာတွင် သုံးသည့် ဆက်စပ်ပစ္စည်းများ ဖမ်းမိသော်လည်း ဝန်ထမ်းများအတွက် သီးသန့်ဆုကြေးမရရှိကြောင်း သိရသည်။

သစ်ခိုးထုတ်မှု ပပျောက်ရေးအတွက် တိုင်းဒေသကြီး အစိုးရအနေဖြင့် သစ်ဖမ်းဆီးရေးများကို တစိုက်မတ်မတ်လုပ်နေကြောင်း တိုင်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ရေးရာများအား ပူးတွဲကိုင်တွယ်သူ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းက ပြောသည်။

ယာဉ်ရပ်နားခ ကောက်ခံသည့် လုပ်ငန်းများကို ဝန်ထမ်းများအား တာဝန်ပေးထားရာမှ ယခုနှစ်တွင် တင်ဒါစနစ်ပြောင်းလိုက်တော့သည်။ အဆိုပါ ဝန်ထမ်းများကို သစ်ဖမ်းဆီးရေးတွင် အားဖြည့်ပေးလိုက်ခြင်းဖြင့် သစ်ခိုးထုတ်မှု လျော့နည်းသွားမည်ဟု ဦးလာလ်ထောင်ထန်းက ပြောသည်။

ဒေသခံများ မျှော်လင့်နေသည့်အလုပ်အကိုင် အခွင့်အလမ်းအတွက် နိုင်ငံခြားအလုပ်ထွက်လုပ်နိုင်ရန် အစိုးရအနေဖြင့် ဆောင်ရွက်ပေးနေသည်ဟုဝန်ကြီးက ဆိုသည်။ အလုပ်မရှိ၍ သစ်မှောင်ခို လုပ်သည်ဆိုသည်မှာ အကြောင်းပြချက် တစ်ခု သာ ဖြစ်သည်ဟု ၎င်းကပြောသည်။

ဝန်ကြီးက ယင်းကဲ့သို့ ပြောဆိုသော်လည်း ဒေသခံများကမူ ၎င်းတို့ကျေးရွာများသို့ လာရောက် လေ့လာစေချင် နေကြသည်။ စားဝတ်နေရေး အတွက် သစ်မလုပ်စေချင်လျှင် အခြား အလုပ်အကိုင်တစ်ခုကို အစိုးရအဖွဲ့အနေနှင့် ဖန်တီးပေး စေလိုကြောင်း တောင်းဆိုနေကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here