ထန်းပင်မြစ်စားကြမယ်

0
170

ကိုသက်နိုင်ဦး ရေးသည်။

ဆောင်းညအေးအေးလေးမှာ ထန်းပင်မြစ်မီးဖုတ် စေးစေး၊ စိမ့်စိမ့်၊ ခါးသက်သက်လေးကို အရသာခံကာစားရင်း ဒီစာကိုရေးမိပါသည်။ ထန်းပင်ဆိုတာ အညာဒေသ၏ သင်္ကေတတစ်ခုဖြစ်ပါသည်။ “ထန်းပင်နဲ့နွားဟာ အဖိုးတန်တာချင်း အတူတူပဲ”လို့ ဆိုရိုးစကားရှိပါသည်။ ထန်းပင်တစ်ပင်လုံးကဘာမှကို အချည်းနှီးလွှင့်ပစ်ရတာ မရှိပါဘူး။ တစ်ပင်လုံးအသုံးဝင်သောကြောင့် ဖြစ်သည်။ ယုတ်စွအဆုံးတန်ဖိုးမရှိဘူးထင်ရသော ထန်းစေ့ကတောင် ထန်းပင်မြစ် ဖြစ်လာတာကိုပဲကြည့်ရင်သိသာလှပါသည်။

ယခုလမှာ ထန်းမြစ်များ လှိုင်လှိုင်ပေါ်သော ရာသီဖြစ်ပါသည်။ မုံရွာမြို့ ဈေးကြီးနားတဝိုက်မှာ ထနး်ပင်မြစ်တွေ ပုံပြီးရောင်းကြသည်။ အချို့သောအမြစ်တွေ အပေါ်မှာ ရွှံ့စေးစနယ်များကပ်လို့နေပါတယ်။ စနယ်မြေများကပ်နေသော ထန်းပင်မြစ်တွေက သဲဆန်သောမြေမှာစိုက်သော အမြစ်ထက် အရသာပိုသလို စေးပိုင်ခြင်းလည်းပိုပါသည်။ မုံရွာက ထွက်သော ထန်းပင်မြစ်က နာမည်ကျော်ကြားလွန်းလို့ အခြား ရန်ကုန်၊ မန္တလေးမြို့ကြီးများအထိ တကူးတက ဝယ်ပို့ကြရသည်အထိပါ။ အစည်းတိုင်းက ဈေးမတူကြပါဘူး၊ ထွတ်သောအရပ်ဒေသကိုလိုက်ပြီး တန်ဖိုးကွာပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်က ထန်းပင်မြစ်တွေက ထင်ရှားလှတယ်။ ရွှံ့တွေနဲ့ ကပ်နေလို့ ဒေသခေါ် ရုက္ခစိုးမျိုးလို့ ခေါ်ကြသည်၊ အစည်းတစ်စည်းကို ၇၀ဝ ကျပ်ကနေ ၁၀ဝ၀ ကျပ်အထိရောင်းချကြသည်။ အခုလည်းရွှံစေးများကပ်နေသော ထန်းပင်မြစ်တွေကို ဓာတ်ပုံရိုက်ခဲ့၊ ဝယ်ခဲ့သည်။

ထန်းပင်မြစ်

ဝါဆို၊ ဝါခေါင်လများတွင် ထန်းသီးများ မှည့်ကြပါသည်။ ထန်းစေ့များကို ဝါခေါင်လ၊ တော်သလင်းလတို့တွင် စိုက်ပျိုးကြသည်။ အညာမှာတော့ အိမ်တိုင်းလိုလို ကိုယ်ပိုင်ထန်းကျင်းလေးတွေရှိကြပါသည်။ ပထမဦးစွာ ထန်းပင်မြစ်စိုက်ဖို့ ရင့်မာသော ထန်းစေ့ကို ရွေးချယ်ရပါသည်။ သဲဆန်တဲ့ မြေတွေမှာ ထန်းသီးစေ့တွေကိုမြှုပ်ကာ စိုက်ကြသည်။ စိုက်ပျိုးမည့် မြေသည် သဲမြေဖြစ်ပြီး စွတ်စို၍ နေရမည်။ သို့မှသာ စိုက်ပျိုးရာ၌လည်းကောင်း၊ တူးဖော်ရာ၌လည်းကောင်း၊ လွယ်ကူမည်ဖြစ်သည်။ ပြာသို၊ တပို့တွဲဆိုရင် ထန်းပင်မြစ်ခေါ် ထန်းပင်ပေါက်တွေ ဖော်ကြပါသည်။

ထနး်ပင်မြစ်ဆိုသည်မှာ ရုက္ခအခေါ်အားဖြင့် Palmyra Sprout ဖြစ်သည်။ ပုံတွင်ပြထားပါသည်။ ယင်းကို Palmyra Tuber ဟူလည်းခေါ်ပါသည်။ အညှောက်ပေါက်နေသောအစေ့၏ မာကြောသောအခွံထဲမှ Crunchy Kernel အပြင်ဖက်ကိုထွက်လာသည်။ သူ၏ အရသာမှာ ချိုသော Sweeter Water Chestnut “ဝက်မြေစာဥ”အရသာရှိသည်။ တမီလ်လူမျိုးများက ထိုအရာကို “Dhavanai” လို့ခေါ်သည်။ Bengal အရပ်က လူတွေကတော့ ထန်းပင်မြစ်ကို အစိမ်းလိုက်စားကြသည်။ India အရပ်ရှိ အမျိုးသမီးများ မိန်းမငယ်လေးများကြားမှာတော့ အလွန်ထင်ရှားလှသော အစားအစာတစ်ခုဖြစ်သည်။

အရပ်အခေါ် ထန်းပင်မြစ်သည် ရင့်မှည့်သော အသီးများကို မြေတွင်မြှုပ် စိုက်ပျိုးခြင်းဖြင့် ရရှိလာခြင်းဖြစ်သည်။ အချို့အရပ်တွေမှာ “ထန်းပင်ပေါက်”လို့ခေါ်ပြီး “ထန်းပင်ဖြစ်”လို့ မခေါ်ကြပါဘူး ။ အများစုကတော့ ဒီအပိုင်းကို “ထန်းပင်မြစ်”ခေါ်ကြပါသည်။ ထန်းပင်မြစ်မှာ အမျှင်များစွာပါသလို အဟာရဓါတ်လည်းကြွယ်ဝလှပါသည်။ အချို့က ရေနွေးနဲ့ပြုတ်စားကြသလို မီးကင်ဖုတ်ပြီးလည်း စားကြပါသည်။

(ထန်းသီးစေ့ကနေ ထန်းပင်ပေါက်ဖြစ်ပြီး ထန်းသီးစေ့ထဲမှာ ကျန်ရှိခဲ့သော အရာကို”ဆံကျီထွေး”(ထန်းသီးဆံ) လို့ ခေါ်ပါသည်။ “ဆံကျီထွေး”ခေါ် ထန်းသီးဆံအကြောင်း သိသူနည်းပါးလှသည်။ ရင့်မာသော အုန်းသီးထဲက “ဆံကျီထွေး”ကိုတော့ အတော်များများ သိကြသည်။ ဖွတတမွတတ အရသာစိမ့်စိမ့်နဲ့ စားလို့ကောင်းလှသည်။ အများစုက ထန်းစေ့ကနေ အပင်ပေါက်ဘဝရောက်ကြသော်လည်း၊ အချို့သော ထန်းသီးစေ့ကျတော့ မြေကြီးထဲမှာ ဘဝဆုံးကာ ထန်းပင်ပေါက်ဘဝကို ရောက်မလာတော့ပါ။ လက်ညှိုးလောက် အညှောင့်ငုံးတိုလေးတွေသာ ကျန်ခဲ့သည်။ ဒီထန်းစေ့ကို ဓားနဲ့ခွဲလိုက်သောအခါ ဆံကျီထွေးခေါ်သော ထန်းသီးဆံရပါသည်။ ချိုဆိမ့်ပြီး အေးသောအရသာရှိသည်။ အညာကကလေးများ အလွန်နှစ်သက်ပြီး သဘာဝကိတ်မုန့်အလားတင်စားကြပါသည်။

ဆေးဖက်ဝင်လှသောအမြစ်

ထန်းပင်မြစ်သည် ဆေးဖက်လည်း ဝင်ပါသည်။ ထန်းပင်မြစ်သည် သွေး၊ သည်းခြေကိုပယ်တတ်၏။ သွေး၊ လေ၊ သည်းခြေတို့ကို နိုင်၏။ ဝမ်းကိုလားစေ၏။ သလိပ်ကို ကြေစေ၏။ သုက်ကိုပွားစေ၏။ အသားကို ဖြစ်စေ၏။ အားကိုဖြစ်စေ၏။ ပထဝီအားကို ပြည့်စေ၏။ တေဇောဓာတ်ကို ငြိမ်းစေ၏။ အစာကြေညက်ခြင်းနှင့် ဝမ်းမီးတောက်ခြင်းကို နိုင်၏ ဟူ၍ “ဆေးကျမ်း”များတွင် ဖော်ပြထားသည်။ ထန်းပင်မြစ်ထဲတွင် လူတို့၏ ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်ဘီဝမ်း၊ ဘီတူး ဓာတ်တို့အပြင် အဆီဓာတ်နှင့် ပရိုတိန်းဓာတ်များလည်း ပါရှိသည်။

ကဲ မိတ်ဆွေတို့ရော ဆောင်းအဝင် ညအေးအေးလေးမှာ အညာက ထန်းပင်မြစ်ဖုတ်လေးစားဖူးပါရဲ့လား၊ ကျနော်ကတော့ ရေနွေးနဲ့ပြုတ်ထားသော ထန်းမြစ်ပြုတ်ထက်၊ မီးကြီးခဲရဲရဲနဲ့ဖုတ်ထားသော ထန်းပင်မြစ်ဖုတ်ကို ပိုလို့နှစ်သက်မိပါသည်။ သူက သင်းပျံ့သောရနံ့ပေးသည်ကိုး၊ လေအဝှေ့မှာ ဒီရနံ့ရချိန်ဆို မွေးရပ်မြေ အညာကို ပိုလို့သတိရစေသည်။

မောင်နှမတွေ မီးပုံနံဘေးစုကာလှုံရင်း ထန်းမြစ်ဖုတ် စားခဲ့ရသောနေ့တွေမမေ့၊ သစ်သားတုံးဆုံမီးကြီးခဲရဲရဲ ပြာပူထဲကို ထန်းမြစ်တွေထိုးထည့်ရင်း”ဖင်ပူရင်”ကျက်ပဟလို့ အော်ခဲ့ရတာ၊ မီးသွေးတွေပေနေသော အပေါ်ခွံကို ပူနေတုံး ခွာလိုက်ရင်အလွန်လှပသော အဆင်းနဲ့ရွှေဝါရောင် အတွင်းသားကို မြင်ရမှာပါ၊ အတွင်းထဲမှာ နောင်အရွက်ဖြစ်လာမည့် အညွန့်လောင်းလေးတွေပါ၊ သူ့ကိုတော့ယပ်တောင်လေးတွေ၊ နဲနဲကျွမ်းကျင်လာတော့ သမင်ရုပ်လေးတွေ လုပ်ကာ ကစားခဲ့ရသည်။ အတွင်းသားဝါဝါရဲ့ ထိပ်ပိုင်းအမြစ်ဖက်ကိုမူ ပုဆိုးထဲထည့်ကာ ဖြုတ်ထုတ်ရသည်။

ကျန်သော အဝါရောင်အသား အပိုင်းကို ၂ ချမ်းခွာ၊ ပြီးရင် အလောတော် အဆစ်အဆစ်လေးတွေချိုးပြီး၊ အညာပဲဆီသန့်သန့်ဆားနဲ့ မွှေထားတဲ့ ကြွေပန်းကန်ထဲကို တို့ကာ၊ တို့ကာ…စားရင်း၊ စားရင်း…။