ဒစ်ဂျစ်တယ်ဗဟိုချက်မ (Digital Hub) ဒေသတွင်းအပြိုင်အဆိုင်

0
169

အောင်သူငြိမ်း ရေးသည်။

တစ်လောက သတင်းတွေဖတ်ရတာ၊ ကြည့်ရတာ ဖွံ့ဖြိုးလာတဲ့ နည်းပညာ၊ အထူးသဖြင့် 5G ဆက်သွယ်ရေးနည်းပညာအတွက် ပြင်ဆင်နေကြတယ်လို့ ယူဆမိတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ်မှာ ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်လာတဲ့ ဟွာဝေး (Huawei) က လာမယ့်နှစ်မှာ ထိုင်းနိုင်ငံမှာ အာဆီယံအတွက် ဒစ်ဂျစ်တယ်ဗဟိုချက်မ (Digital Hub) တစ်ခု တည်ဆောက်ဖို့ ဘတ်သန်း ၇၀ဝ (ဒေါ်လာ ၂၃ သန်းကျော်) လောက် ရင်းနှီးမြှုပ်နှံမယ်လို့ ဆိုပါတယ်။

ဒီစင်တာကို ထိုင်းနိုင်ငံ အရှေ့ဘက်ကမ်း စီးပွားရေးစင်္ကြန် Eastern Economic Corridor (EEC) မှာ တတိယမြောက် ဗဟိုချက်မ (Hub) အဖြစ် ဆောက်မှာပါ။ ၂၀၁၈ နဲ့ ၂၀၁၉ တုန်းက အရင်ဗဟိုဆုံချက် (Hub) တွေ ဆောက်ထားခဲ့ဖူးပါတယ်။

ထိုင်းနိုင်ငံက ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံတွေက လုံလောက်ပါတယ်။ အကယ်၍ 5G နည်းပညာကို သုံးဖို့ဆုံးဖြတ်ခဲ့ရင် အဆင်သင့်ရှိနေပါတယ်။ လာမယ့် ဖေဖော်ဝါရီလမှာတော့ 5G အသုံးပြုဖို့ ဈေးပြိုင်စနစ်နဲ့ ခေါ်ယူဆုံးဖြတ်မယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ဒစ်ဂျစ်တယ် စီးပွားရေးကုမ္ပဏီရဲ့ ၂၀ ရာခိုင်နှုန်းအောက်မှာပဲ ရှိသေးတယ်လို့ဆိုပါတယ်။ ဟွာဝေးတက္ကနိုလိုဂျီ ထိုင်းလင်းရဲ့အမှုဆောင်ချုပ် Mr. Abel Deng ကတော့ “ကျွန်တော်တို့က ထိုင်းနိုင်ငံဟာ အာဆီယံမှာပထမဦးဆုံး ဒစ်ဂျစ်တယ် ဟပ်ဘ် (Digital Hub) ဖြစ်ဖို့ ယုံကြည်ချက်ရှိပါတယ်။ ဒီအခါ သက္ကရာဇ် ၂၀၃၀ ရောက်ရင် ဒစ်ဂျစ်တယ်စီးပွားရေးက GDP ရဲ့ ၃၀ ရာခိုင်နှုန်းအထိ ရောက်လာဖို့ အထောက်အပံ့ဖြစ်စေပါမယ်”လို့ ဆိုပါတယ်။ သူပြောတာက ကမ္ဘာတလွှား လေ့လာချက်တွေအရ ICT နည်းပညာမှာ ၂၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံလိုက်ရင် GDP မှာ ၁ ရာခိုင်နှုန်း တိုးတက်လာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

“ကမ္ဘာတစ်လွှား
လေ့လာချက်တွေအရ
ICT နည်းပညာမှာ
၂၀ ရာခိုင်နှုန်း
ရင်းနှီးမြှုပ်နှံလိုက်ရင်
GDP မှာ ၁ ရာခိုင်နှုန်း
တိုးတက်လာတာကို
တွေ့ရတယ်လို့ ဆိုပါတယ်”

ဟွာဝေးက ထိုင်းနိုင်ငံမှာ ၂၀၁၈ စက်တင်ဘာက ကလောက်ဒ် (Cloud) ဝန်ဆောင်မှုတွေ စတင်ခဲ့ပါတယ်။ နောက်ပိုင်း Huawei Asean Academy ကို ထူထောင်ပြီး အစီအစဉ်ပေါင်း ၃၆၇ ခုနဲ့ နည်းပညာကျွမ်းကျင်သူ ၁၀ဝ,ဝ၀ဝ ကိုသင်တန်းပေး မွေးထုတ်နေပါတယ်။

အခြားသတင်းတစ်ပုဒ်မှာတော့ ထိုင်းနိုင်ငံရေးယောင်းဒေသ အရှေ့ဖက်ကမ်း စီးပွားရေးစင်္ကြန် Eastern Economic Corridor (EEC) မှာ5G Special Zone ကို တည်ထောင်ဖို့ ပြင်ဆင်နေပါတယ်။ နည်းပညာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Xiaomi, Huawei, Cisco and VMware တို့ကလည်း ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားမှု ပြသနေပါတယ်။ ဒီဇုန်က မကြာမီကာလမှာ ကနဦး စမတ်မြို့တော် (a smart city prototype) ဖြစ်လာမယ်လို့ဆိုပါတယ်။

ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ် ပရာဝစ်ကလည်း ထိုင်းနိုင်ငံက အာဆီယံနိုင်ငံများ အကြားမှာ 5G နည်းပညာကို စီးပွားဖြစ်သုံးနိုင်တဲ့ ဖွံ့ဖြိုးတဲ့ နိုင်ငံတစ်ခု ဖြစ်လာပါလိမ့်မယ်။ (5G Technology for Commercial Use) အရှေ့ပိုင်း အထူးစီးပွားရေးဖွံ့ဖြိုးမှုဇုန် (EEC) မှာ ဒီနည်းပညာကို သုံးစွဲနေခဲ့ပါပြီ။ 5G လိုမျိုး ဒစ်ဂျစ်တယ်နည်းပညာ၊ကလောက်ဒ် (Cloud) နဲ့ အသိဉာဏ်တု နည်းပညာများ (AI technologies) က အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေပါ။ ဒါတွေအားဖြင့် ထိုင်းနိုင်ငံက ဒေသတွင်း ဒစ်ဂျစ်တယ်ဗဟိုဆုံချက် (Digital Hub) ဖြစ်လာပါမယ်လို့ ပြောခဲ့ပါတယ်။

အခြားသတင်းတစ်ပုဒ်မှာလည်း စင်ကာပူက ကမ္ဘာတလွှားက ထူးချွန်သူတွေကို ဆွဲဆောင်စည်းရုံးနိုင်ဖို့ ကမ္ဘာ့နည်းပညာ ဂေဟဗေဒ (Global Technology Ecology) ကို ဖွံ့ဖြိုးစေခဲ့သူ ၅၀ဝ လောက်ကို အထူးဗီဇာပေးမယ်ဆိုပြီး ဆွဲဆောင်စည်းရုံးနေတာ တွေ့ရပါသေးတယ်။

ကျွန်တော်တို့ဆီက သမ္မတရုံးကလည်း ဒီမနက် တင်ဒါကြော်ငြာတစ်ခုခေါ်တာ တွေ့ရပါသေးတယ်။ အီးဂါးဗားမင့်စနစ် ဖွံ့ဖြိုးစေရေး တင်ဒါခေါ်ထားတာ တွေ့ရကြောင်းပါ။