ဒရင်ကောက်ပင်

0
51

ကိုသက်နိုင် ရေးသည်။

ဟုမ္မလင်းမြို့ရောက်တော့မှ ဒရင်ကောက်ပင်တွေကို တွေ့ရသည်။ ဈေးထဲမှာ ခင်းရောင်းထားသော ဒရင်ကောက်အစည်းတွေ။ တောသည်လို့ခေါ်ရမလား ဆိုင်ထမ်းနဲ့ရောင်းသော အသည်တွေမှာလည်း ခြင်းတောင်းနှစ်လုံးမှာ ဒရင်ကောက်နုနုတွေက အပြည့်၊ မျက်စေ့အောက်မှာတင် ဝယ်လိုက်ကြတာ ခဏအတွင်း ကုန်သွားသည်။ ဒရင်ကောက်ကို စားလို့ရတယ်ဆိုတာကို အညာသား ကျွန်တော့်အတွက်တော့ အဆန်းပါ။ ဒီအရပ်မှာတော့ သူက ထင်ရှားသော ဟင်းရွက်တစ်ခု ဖြစ်လို့နေသည်။

ဒရင်ကောက်အပင်ဆိုတာ Fern အနွယ်ဝင်အပင်ဖြစ်သည်။ Fern ဆိုသည်မှာ ပန်းပွင့်သောအပင်မျိုးမဟုတ် မျိုးပွားခြင်းကို အရွက်၏အောက်ဘက် မျက်နှာပြင်ရှိ စပိုးများဖြင့် မျိုးပွားခြင်းလုပ်သောအပင် ဖြစ်သည်။ Fern အပင်များသည် အပင်လောကတွင် ပထမဆုံး ရှေးဦးအစာရေကြောရှိသောအပင်များ Pteridophyte အုပ်စုတွင်ပါဝင်သည်။ မြန်မာနိုင်ငံတွင် တယ်ရီဒိုဖိုက် မျိုးရင်း ၃၆၊ မျိုးစုပေါင်း ၁၀၄၊ မျိုးစိတ်ပေါင်း ၄၆၀ ခန့်ရှိသည် ဖန်းအပင်တွေက အအေးပိုင်းနေရာတွေမှာ အလေ့ကျပေါက်ကြသည်။

ဒရင်ကောက်တိုင်းစားမရပါ

ဒရင်ကောက်အပင်တိုင်းက စား၍မရပါ။ အချို့သော ဒရင်ကောက်အပင်တွေက စားလျှင် လူကိုအဆိပ်အတောက်ပင် ဖြစ်စေပါသည်။ သေဆုံးသည် အထိတော့ မကြားဖူးပါ။ စားသုံးတာများရင် ကိုယ်တွင်းကလီစာတွေ ထိခိုက်နိုင်ပါသည်။

သို့သော်လည်း Diplazium Esculentum အပင်ကတော့ Ferns တွေထဲမှာ စားလို့ရသည့်အမျိုးဖြစ်သည်။ ဒါ့ကြောင့် အပင်အမည်ကို English လို Vegetable term အဖြစ် ခေါ်ကြသည်။ နူးညံ့သည် စားကောင်းသည့်အမျိုး ဖြစ်သည်။ ကြော်စားသည်၊ ချက်စားသည်၊ သုပ်စားသည်၊ ပေါင်းစားသည် အမျိုးမျိုးအဖုံဖုံ လုပ်စားကြသည်။

အပင်သရုပ်

Diplazium esculentum အပင်သည် အာရှတိုက်နှင့် Oceania ဒေသများတွင်သာ တွေ့ရသည်။ ဒါ့ကြောင့်လည်း သူ့ကို မလေးရှား၊ ဖိလစ်ပိုင်၊ နီပေါ၊ အိန္ဒိယ၊ ထိုင်း၊ ဘိုယို ဒေသတွေမှာစားလို့ရသော အပင်အဖြစ် သိကြသည်။ သူတို့ဟင်းလျာတွေမှာ ဒရင်ကောက်ညွန့်နုနုက ပါလို့နေသည်။

အပင်က နှစ်ရှည်ခံ အပင်မျိုးဖြစ်သည်။ ထောင်မတ်သော မြေအောက်ပင်စည်ရှိသည်။ အပေါ်ဘက်မှာ အကြေးခွံလေးများဖုံးထားသည်။ ရွက်ညှာ အခြေက အနက်ရောင်သန်းပြီး Scale များနဲ့ ဖုံးထားသည် အရွက်ပုံစံ Frond u 1.5 cm ရှိပြီး Pinnae u 8 cm လောက် ရှည်သည်။ ပြင်းထန်မှုမရှိသော အဆိပ်အနည်းငယ်သာပါပြီး ကြီးမားသော ဘေးထွက်ဆိုးကျိုးမရှိပါဘူး။ Extract Ualpha Glucosidase Inhibitory Activity ရှိနေပါတယ်၊ ဆေးဖက်ဝင်သော အရာလည်း ဖြစ်သည်။

ဒရင်ကောက်စားရင်

ဒရင်ကောက်စားရင် ကိုယ်အလေးချိန်ကျစေသည်။ ရောဂါကူးစက်မှု တားဆီးနိုင်သည်၊ကျန်းမာသော သွေးဖိအားကိုရစေသည်၊ ဇီဝဖြစ်စဉ်ကို တိုးမြှင့်နိုင်သည်။ ကင်ဆာဖြစ်ခြင်းကို လျှော့ချပေးနိုင်သည်။ အမြင်အာရုံ ကောင်းစေသည်။ မျှတသော အာဟာရဓာတ်ကိုပေးနိုင်သည်။ အချို့ကလည်း အရွယ်နုပျိုစေသည်လို့ အယူအဆနဲ့ စားကြ။ အရွက်အနုကို စားလို့ရသလို ကြိတ်ဖတ်လုပ်ပြီး အနာများပေါ်မှာ အနာအုံဆေးအဖြစ်လည်း အသုံးပြုနိုင်သေးသည်။

အချို့အရပ်ဒေသမှာတော့ ဒရင်ကောက်ကို”ကောက်ကောက်ညွန့်”လို့ ခေါ်ကြသည်။ ဒီနှစ်ခု တူ၊ မတူကတော့ သုတေသနလုပ်ရဦးမှာပါ၊ အဆိပ်အတောက်ဖြစ်မယ်ထင်ရင် ရေနွေးဖြောလိုက်ရင် အတော်အသင့် ပြေပျောက်စေသည်။ အဆိပ်အတောက်ပါသော အပင်က သိသာပါသည်။ အနည်းငယ်ကြမ်းတမ်းသည့် သဘောရှိသည်။ အမွှေးကြမ်းတွေပါတတ်သည်။ စားလို့ရသည့်အပင်က အတော်ကိုနူးညံ့သည်။ ဒါပေမဲ့ဒေသခံများကို မေးမြန်းပြီးစားတာက အသင့်လျော်ဆုံးပါ။

ဘယ်လိုစားကြမလဲ

အချို့ကလည်း ပြုတ်ပြီးသားကို ခရမ်းချဉ်သီးချက် နှမ်းလှော်ထောင်း၊ သံပုရာသီးနဲ့ သုပ်စားကြသည်။ အချဉ်ကြောင့် အချွဲပျောက်ပြီးအရသာပိုရှိလာသည်။ အချို့ကလည်း ပဲပုပ်လေးပါထည့်ပြီးပေါင်းစားကြသည်။ အချို့ကြတော့လည်း ဒရင်ကောက်နဲ့ ဝက်ရိုးကို ဟင်းရည်လုပ်သောက်သည်။ ကြက်သွန်ဖြူနီ၊ ငရုတ်သီး၊ ငရုတ်ကောင်း၊ ပဲငပိ၊ ပဲငံပြာရည်၊ မြေပဲဆံထောင်း၊ အရသာမှုန့်များနဲ့ စီမံထားသော ဒရင်ကောက်ကြော်က သားသတ်လွတ်ပေမည့် အရသာရှိလှသော ဟင်းတစ်မည်ဖြစ်လို့နေပါသည်။ ကဲ…မိတ်ဆွေများရော ဘယ်လိုစားပါသလဲ။

ဒီအပင်တွေကို ဟုမ္မလင်းက ဒေသခံများ ဆက်လက်သုတေသန ပြုကြရမှာပါ။ ဈေးအပြန်ရလာသော အတွေးစလေးတစ်စကနေ…။