ဒီဇိုင်းနာဘုတ်ဘုတ်နဲ့ တွေ့ဆုံခြင်း

0
3184

အိအိဖြိုး မေးသည်။

“အနည်းဆုံး ထမင်းစားရင်တောင် ခေါင်းထဲမှာ အလုပ်အကြောင်းပဲ စဉ်းစားတဲ့အထိကို ကြိုးစားခဲ့တာပါ”

ဒီဇိုင်းနာ ဘုတ်ဘုတ်လို့ ပြောလိုက်ရင် မုံရွာမြို့ရဲ့ အမျိုးသမီးထုကြားမှာသာမက ရန်ကုန်၊ မန္တလေး မြို့ကြီးများအထိ ဒီဇိုင်းနာလောကမှာ ရေပန်းစားသူတစ်ယောက်ပါ။ အမျိုးသမီးတစ်ယောက်ရဲ့ အောင်မြင်မှုကိုသွားရာ လျှောက်လမ်းမှာ ဘယ်လိုအခက်အခဲအတားအဆီးတွေ ရှိနေခဲ့တာလဲ၊ ဘယ်လိုကျော်ဖြတ်ရင်ဆိုင်ခဲ့တာလဲ၊ ဘယ်လိုအားကျအတူယူစရာ၊ လေးစားစရာတွေ ရှိနေလဲဆိုတာကို မုံရွာဂေဇက်က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

MGZ – ပထမဆုံး အန်တီဘုတ် ဒီဇိုင်းနာလောကထဲ စပြီးရောက်လာခဲ့ပုံလေး ပြောပြာပါဦးရှင့်။

DBB – ငယ်ငယ်ကတည်းက ရူးသွပ်ခဲ့တယ်။ ဝါသနာပါတာ။ ၈ တန်းလောက်မှာ ကိုယ့် အင်္ကျီ၊ ဘောင်းဘီတွေ ချုပ်ဝတ်တတ်ပြီ။ အရေးအခင်းနဲ့ကျောင်းပိတ်တော့ သင်တန်းတက်ဖြစ်ခဲ့တယ်။ အရင်တည်းက Designer အလုပ်ကို လုပ်ကိုင်ခဲ့ပေမဲ့ မတင်မိုးလွင်နဲ့ မုံရွာမှာ Show လုပ်ပြီးတဲ့နောက်ပိုင်း Designer လောကထဲကို ခြေစုံပစ်ဝင်ခဲ့တာပါ။

MGZ – ဒီဇိုင်းနာဘုတ်ဘုတ်ဆိုတဲ့ ဆိုင်ကို ဘယ်အချိန်မှာ စပြီးထူထောင်ခဲ့လဲ။

DBB – လွန်ခဲ့တဲ့ ၂၅ နှစ်လောက်ကတည်းက ကိုယ်တစ်ယောက်တည်းစခဲ့တာ။ နောက်သင်တန်းသူတွေက လာသင်၊ ပြီးတော့ ကျွန်မဆိုင်မှာ ပြန်လုပ်ရင်းနဲ့ ဝန်ထမ်းတွေ များလာတာပါ။

MGZ – မုံရွာမှာသာမက တစ်နိုင်ငံလုံးအထိ ဒီဇိုင်းနာဘုတ်ဘုတ်ဆိုတဲ့ အောင်မြင်အောင် ဘယ်လိုကြိုးစားခဲ့ရလဲ။

DBB – အောင်မြင်အောင်ဆိုရင် ယှဉ်ပြိုင်နေမှ ဖြစ်မယ်လေ။ သူများနဲ့မပြိုင်ခင် ကိုယ့်ကိုယ်ကိုယ် အရင်ပြိုင်နေရတယ်။ မနေ့က ငါကဘယ်လို Design တွေဖန်တီးခဲ့လဲ ဒီနေ့ငါကရော ဘယ်လို Design တွေ ဖန်တီးရမလဲဆိုပြီး အမြဲစဉ်းစားနေခဲ့တာအနည်းဆုံးထမင်းစားရင်တောင် ခေါင်းထဲမှာအလုပ်အကြောင်းပဲ စဉ်းစားတဲ့အထိကို ကြိုးစားခဲ့တာပါ။ အထည်တစ်ထည်ကို သူတို့ပေးဝယ်တဲ့ပိုက်ဆံနဲ့တန်အောင် လုပ်ပေးတယ်။ စိတ်တိုင်းမကျမချင်း လုပ်ပေးပါတယ်။ စိတ်ရှည်လက်ရှည်နဲ့ ဝန်ဆောင်မှုပေးခဲ့တဲ့အတွက် ဒီလိုဖြစ်လာတာပါ။

MGZ – အဲလိုကြိုးစားခဲ့တဲ့အချိန်မှာ အန်တီဘုတ်ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေရှိခဲ့ရင် ပြောပြပေးပါဦး။

DBB – အတိုက်အခိုက်တွေကို ခံရတာ သဘာဝပဲလေ။ ဒီဇိုင်းနာလောကမှာလည်းတိုက်ခိုက်တာ ခံရတာတွေပါတယ်။ ဒါပေမဲ့ ကိုယ်ဝါသနာပါတဲ့၊ ကိုယ်ရူးသွပ်တဲ့အလုပ်ကို လုပ်နေရတာဖြစ်တဲ့အတွက် အဲဒီအခက်အခဲတွေက ကိုယ့်အတွက် တွန်းအားဖြစ်တယ်။ ငါ့အောင်မြင်မှုတွေကို သက်သေပြ နိုင်ရမယ်ဆိုတဲ့ စိတ်နဲ့ပဲသည်းခံခဲ့တာပါ။

MGZ – ဆိုင်ခွဲတွေရော ဖွင့်ထားတာရှိလား။ သင်တန်းပေးခဲ့ရတဲ့ သင်တန်းသူဘယ်လောက်လောက်ရှိလဲ။

DBB – ဆိုင်က Ocean မှာ ဖွင့်ထားပါတယ်။ ရန်ကုန်နဲ့ မန္တလေးက Customer တွေကလည်း အဲ့မြို့တွေမှာ ဆိုင်ဖွင့်ပေးဖို့ တောင်းဆိုနေကြတာ အဲ့ဒါတွေလည်း ဖွင့်နိုင်ဖို့ကြိုးစားနေပါတယ်။ သင်ပေးခဲ့ဖူးတဲ့ သင်တန်းသူက အများကြီးပဲ၊ ရာနဲ့ချီရှိပါတယ်။

MGZ – အန်တီဘုတ်လက်ရာကို မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပေးတာရှိလား။

DBB – သမီးလေးရှိပါတယ်။ သူ့ကို နိုင်ငံခြားမှာ ဒီဇိုင်းနာပညာတွေသင်လွှတ်မယ်။ ကိုယ့်ရဲ့လက်ရာအမွေကို လက်ဆင့်ကမ်းပေးမယ်။ တပည့်တွေလည်းရှိတယ်။

MGZ – အန်တီဘုတ်ရဲ့ ဒီဇိုင်းတွေနဲ့ပတ်သက်ပြီး ဝယ်ယူတဲ့သူတွေအပေါ်ထားတဲ့ဆောင်ပုဒ်လေးရှိရင် ပြောပြပါ။

DBB – ကိုယ်ထားတဲ့စေတနာက ဘယ်မှမရောက်ဖူးလို့တွေးပြီး စေတနာမှန်ရင် အကျိုးပေးပါတယ်လို့ပဲ ခံယူထားပါတယ်။

MGZ – မုံရွာကနေ တခြားဘယ်မြို့တွေရော မှာတာတွေ ပို့ရလဲရှင့်။ ဘယ်လိုဝန်ဆောင်မှုတွေပေးလဲ။

DBB – ဝန်ဆောင်မှုကတော့ တစ်နိုင်ငံလုံးပို့ပါတယ်။ တခြားနိုင်ငံကနေ မှာကြတာတွေလည်း ရှိပါတယ်။ မုံရွာကနေ မြန်မာပြည်အနှံ့အပြားအပြင် အင်္ဂလန်၊ စင်ကာပူ၊ အမေရိကန်၊ ဘန်ကောက်တို့ထိ ပို့ရပါတယ်။ ကိုယ့်ရဲ့အထည်ကို ဝတ်တဲ့အချိန်မှာ ဝယ်ယူသူ စိတ်တိုင်းကျအောင် ဝန်ဆောင်မှုပေးပါတယ်။

MGZ – လက်ရှိကြိုးစားနေတဲ့ လူငယ်တွေအတွက် စကားလက်ဆောင်လေး ပြောပေးပါဦးရှင့်။

DBB – ကိုယ်လုပ်မှ ကိုယ်ရမှာပါပဲ။ ကိုယ်စွမ်းရှိသလောက်ကြိုးစားဖို့ပဲ လိုပါတယ်။ ကိုယ်ဝါသနာပါတဲ့အလုပ်သာ တစိုက်မတ်မတ်လုပ်ရင် ဘယ်လောက်ပဲအခက်အခဲတွေ အတိုက်အခိုက်တွေရှိရှိ တွန်းအားတစ်ခုလို ပြောင်းလဲသွားပြီး အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်နိုင်မှာပါ။ လူငယ်တွေက ကိုယ်ဝါသနာပါတဲ့အလုပ်ကလေးကို လုပ်ပါ။ဝါသနာမပါဘဲ ငွေရဖို့တစ်ခုတည်းသာ လုပ်နေရရင် အဆင်ပြေမှာမဟုတ်ဘူး။ အဓိကတော့ ကိုယ်ဝါသနာပါတာကို ကြိုးစားပါ။

MGZ – ကျွန်မမေးတဲ့မေးခွန်းတွေအပြင် အန်တီဘုတ်အနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါလဲရှင့်။

DBB – အန်တီက အသင်းအဖွဲ့တွေနဲ့ပေါင်းပြီး မသန်စွမ်းကလေးတွေအတွက် သင်တန်းပေးတယ်။ မိဘမဲ့၊ မတတ်နိုင်တဲ့ကလေးတွေ၊ ပညာမသင်နိုင်တဲ့ကလေးတွေကို ပရဟိတအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်ပေးသွားဖို့ရှိပါတယ်။

MGZ – အခုလိုအချိန်ပေးဖြေကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။