ဒေါက်တာမောင်မောင်ရဲ့ ၁၉၈၈ ခုနှစ် အရေးအခင်း (၁)

0
487

ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကစလို့ ဒေါက်တာမောင်မောင်ရဲ့ ‘မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ်အရေးအခင်း’စာအုပ်ကို ပြန်ပြီး သေချာဖတ်နေမိတယ်။ ၂၀၁၉ ခုနှစ် ဇူလိုင်လ ‘စိတ်ကူးချိုချိုစာပေ’သုတေသနသဘောနဲ့ပြောရင် ကျွန်တော့်ကို စေ့ဆော်နေတဲ့ ပဟေဠိ (Puzzles) အချို့ရှိတယ်။ ဘာတွေလဲဆိုတော့ ၁၉၈၉ တီယန်အင်မင် အရေးအခင်းဖြစ်တဲ့ ကာလမှာတောင် တရုတ်အစိုးရနဲ့ ပါတီခေါင်းဆောင်တွေက လွတ်လပ်တဲ့ ကျောင်းသား သမဂ္ဂခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သေးတယ်။

၁၉၈၉ ခုနှစ်၊ ဧပြီ ၂၉၊ မေ ၁၄၊ မေ ၁၈ မှာ ကျောင်းသားကိုယ်စားလှယ်တွေနဲ့ သုံးကြိမ်တွေ့ဖြစ်ခဲ့တယ်။ ကျောင်းသားတွေဘက်က အခု တွေ့ဆုံပွဲကို ရုပ်သံတိုက်ရိုက် ထုတ်လွှင့်ပေးဖို့ တောင်းဆိုတယ်။ အာဏာပိုင်တွေကတော့ မှတ်တမ်းတင်ထားပြီး နောက်ပိုင်းမှသာ ပြန်လွှင့်ပေးမယ်လို့ဆိုတယ်။ မေ ၁၈ ရက်တွေ့ဆုံမှုမှာ ဝန်ကြီးချုပ် လီပင်းကိုယ်တိုင် တွေ့ဆုံခဲ့တယ်။ ကျေနပ်ဖွယ်ရလဒ်တွေတော့ မရခဲ့ဘူး။ နောက်တော့မှသာ သပိတ်ကို ဖြိုခွဲ အဆုံးသတ်သွားတာ။ ဒါပေမယ့် ဘာဖြစ်လို့ မြန်မာနိုင်ငံမှာ ၁၉၈၈ တုန်းက ဆန္ဒပြသူတွေ၊ အထူးသဖြင့် ကျောင်းသား ကိုယ်စားလှယ်တွေနဲ့ အစိုးရအာဏာပိုင်တွေ ဘာဖြစ်လို့ မတွေ့ဆုံနိုင်ခဲ့ရတာလဲ။ ကျွန်တော် သိချင်နေတဲ့ အချက်။ နောက်အချက်ကတော့ နောက်ပိုင်းမှာ သပိတ်မှောက်လူထုတွေက အစိုးရကို အယုံအကြည်မရှိတော့ဘူး။ ရွေးကောက်ပွဲတွေကို စီမံဖို့ ကြားဖြတ်အစိုးရဖွဲ့စည်းပေးဖို့ တောင်းဆိုတယ်။ အစိုးရဘက်ကမလိုက်လျောနိုင်ဘဲ နောက်ဆုံး စစ်အာဏာသိမ်းတာနဲ့ အဆုံးသတ်ခဲ့တယ်။ ကြားဖြတ်အစိုးရဖွဲ့ဖို့ ဘာတွေခက်ခဲနေခဲ့တာလဲ။ မဆလပါတီက တကယ်ပဲ အာဏာကို ကုပ်ကပ်ချုပ်ကိုင်ထားဖို့ လုပ်နေခဲ့တာလား။ ဒါတွေကို သိချင်တာပါ။

အဲဒီအချိန်တုန်းက ကျွန်တော်က ဆေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား၊ သပိတ်ထဲ ပါဝင်ခဲ့တဲ့ တပ်သားတစ်ယောက်ပဲ။ ခေါင်းဆောင်မှု အပိုင်းထဲလည်း ကြီးကြီးကျယ်ကျယ် မပါခဲ့ဘူး။ ပြောရရင် လမ်းပေါ်တို့ အရေးအော်တဲ့အထဲက တစ်ယောက်ပါပဲ။ အဲဒီတော့ အဲဒီအချိန်က ဖြစ်ပျက်ခဲ့တာတွေကို အခုလိုအချိန်မှ ပြန်ပြီးလေ့လာ ချင်မိတယ်။ နှစ် ၃၀ လည်းကျော်ခဲ့ပြီ။ ခေတ်တွေလည်း အလီလီပြောင်းခဲ့ပြီ၊ ပြောရရင် လူသေပြန်ခွဲပြီး ဘာရောဂါဆိုတာ အဖြေရှာသလို (Postmortem Analysis) တစ်ခု လုပ်ကြည့်မိခြင်းပါပဲ။

အဲဒီမှာ စိတ်ဝင်စားဖွယ်အချက်တွေလည်း တွေ့တယ်။ ပြန်တိုက်ဆိုင် စစ်ဆေးကြည့်ဖို့လည်း လိုအပ်ပါတယ်။

အဲဒီအချိန် မတ်လ ၂ ရက် ကျောင်းသား အရေးအခင်းတွေဖြစ်ပြီးတဲ့နောက် ထောက်လှမ်းရေးတာဝန်ခံ ဗိုလ်မှူးကြီးခင်ညွန့်က ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးသင့်ကြောင်း နိုင်ငံတော်နဲ့ လမ်းစဉ်ပါတီခေါင်းဆောင်များထံ အကြံပြုခဲ့တယ် လို့ ရေးထားတယ်။ (နှာ-၅၀၃) ဒါပေမယ့် မတွေ့ဆုံ ဖြစ်ခဲ့ကြဘူး။ ဟုတ်၊ မဟုတ် မသိနိုင်ဘူး။ ဗိုလ်ချုပ်ခင်ညွန့်ရေးတဲ့ စာအုပ်တွေလည်း ကျွန်တော်ပိုက်ဆံပေး ဝယ်မဖတ်ချင်ဘူး။ ကျန်တဲ့ သူတွေဆီကလည်း ပြောသံမကြားရဘူး။ ဒါဆိုရင် လည်း ဗိုလ်ချုပ်ခင်ညွန့် အာဏာတန်ခိုးထွားစဉ် စစ်အစိုးရကာလမှာ ဘာဖြစ်လို့ သင့်မြတ်ရေး တွေ့ဆုံဆွေးနွေးမှုတွေ မလုပ်ခဲ့သလဲဆိုတာလည်း မေးခွန်းထုတ်စရာ ပြန်ရှိပြန်တယ်။

တစ်ခါ ဇွန်လ မြေနီကုန်း ကျောင်းသား အရေးအခင်းဖြစ်လာပြီး လူထုက ဝိုင်းရိုက်ထုနှက်လို့ လုံထိန်းရဲတွေ သေကြတယ်။ အဲဒီနောက်ပိုင်းမှာ အဖြစ်ကို ဒေါက်တာမောင်မောင်က ရေးထားတယ်။

‘လမ်းစဉ်ပါတီဥက္ကဋ္ဌကြီးမှ ကျောင်းသားများနှင့် ဆန္ဒပြသူများထဲ သူကိုယ်တိုင်သွားရောက်လျက် နှစ်ဦးနှစ်ဖက် ကျေအေးရာကျေအေးကြောင်း စကားပြောဆိုလိုသည့် စိတ်ဆန္ဒအား ကျွန်တော်တို့ကို ဇူလိုင်လ ၆ ရက်နေ့က ဖွင့်ဟပြောဆိုခဲ့ဖူး သည်။ သူ ထိုသို့ပြောဆိုခဲ့သည့်အပေါ် ကျွန်တော်မှ အပြည့်အဝယုံကြည်ခဲ့ပါသည်။ (နှာ- ၁၉၅) လို့ ရေးထားတယ်။ ဒါပေမယ့် လက်တွေ့မဖြစ်ခဲ့ဘူး။ လုံခြုံရေးအခြေအနေ မပေးခဲ့ဘူး။ ဒါမှမဟုတ်ရင်လည်း ကျန်သူတွေက မသင့်ပါဘူးဆိုတာမျိုး တိုက်တွန်းကြလို့လည်း ဖြစ်နိုင်တယ်လို့ ကျွန်တော် ထင်မိတယ်။

ဒေါက်တာမောင်မောင် ရေးထားတဲ့အထဲမှာ (နှာ-၁၉၄) မှာ အစောပိုင်းကာလ ကျောင်းသားများ တက္ကသိုလ်ပရိဝုဏ်အတွင်း စုရုံးကာရှိနေခဲ့စဉ် သူတို့နှင့်သွားရောက်တွေ့ဆုံရင်းနှီးစွာ စကားပြောဆိုနိုင်ခဲ့က နှစ်ဦးနှစ်ဖက် အကျိုးရှိ ကောင်းရှိခဲ့ပေမည်။ သို့ပေသော်လည်း အာဏာ ပိုင်များအနက် မည်သူကမျှ မသွားရောက်ခဲ့။ ထို အချိန်က တက္ကသိုလ်ကျောင်း စီမံအုပ်ချုပ်သူ အချို့မှာလည်း ကျောင်းသားများအား တစ်မျိုး၊ အာဏာပိုင်များသို့တစ်ဖုံ စကားအမျိုးမျိုး အလီလီပြောဆိုခဲ့ခြင်းကြောင့် ကျောင်းသားများနှင့် အာဏာပိုင်တို့အကြား စိတ်သဘောထားကွဲလွဲမှုများ ဖြစ်ပွားခဲ့သည်ဟူ၍ပင် ကောလာဟလများ ထွက်ပေါ်လာသေးသည်။ ယခုတော့ ကျောင်းသားထုကြီးလည်း အုပ်စုကွဲကာ သူတို့ကိုခေါင်းဆောင်မည့်သူနှင့် သူတို့သွားရမည့် ဦးတည်ရာရည်ရွယ်ချက်တို့ကို ရှာဖွေရင်း လမ်းမများပေါ်ဝယ် တဝေ့လည်လည်ဖြင့် လှည့်လည်နေကြပေပြီ’ လို့ ရေးထားတာ ဖတ်ရတယ်။

ပြောရရင် ဒေါက်တာမောင်မောင်ဟာ ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးလိုစိတ်ရှိတယ် ယူဆရတယ်။ ဒါဖြင့်ရင် သူ သမ္မတအဖြစ် တာဝန်ယူခဲ့ရတဲ့ ရက် (၃၀) ကာလမှာ ဘာဖြစ်လို့ ဆန္ဒပြသူ ကျောင်းသားတွေနဲ့ မဆွေးနွေးခဲ့တာပါလဲ။

ဖြစ်နိုင်တာက အစိုးရကိုယ်၌က အသက်မဝင်တော့တာလည်း ဖြစ်နိုင်တယ်။ အစိုးရအာဘော်ဖြစ်တဲ့ လုပ်သားပြည်သူ့နေ့စဉ်နဲ့ ကြေးမုံသတင်း စာနှစ်စောင်ကလည်း သပိတ်မှောက်သူတွေဘက်ကို ဘက်ပြောင်းရေးသားနေကြပြီ။ မြန်မာ့အသံ ဝန်ထမ်းတွေလည်း လမ်းပေါ်ထွက် ဆန္ဒပြနေကြပြီ။ စာအုပ်တစ်နေရာမှာတော့ မြန်မာ့အသံဝင်းထဲမှာ ကျန်ရှိ အလုပ်လုပ်နေသေးတဲ့ ဝန်ထမ်းတွေကို သမ္မတဒေါက်တာမောင်မောင်ကိုယ်တိုင် အားပေးတဲ့အကြောင်း ရေးထားတာ ဖတ်ရသေးတယ်။ အစိုးရယန္တရားကိုယ်၌က အသက်မဝင်တော့ဘဲ ဖြစ်နေလို့လည်း ဖြစ်နိုင်ပါတယ်။ အာဏာသိမ်းပြီး နောက်ပိုင်း ဗိုလ်ချုပ်ကြီးစောမောင် မိန့်ခွန်းတစ်ခုမှာလည်း အစိုးရအာဏာ အသက်မဝင်တော့တဲ့ အခြေအနေကို Defunct ဆိုပြီးဖော်ပြထားတယ်။ ‘အဲဒီအချိန်မှာ အာဏာရပါတီနဲ့ အစိုးရအဖွဲ့ဟာ ကိုယ့်တာဝန်ကို ထိရောက်စွာ ဆောင်ရွက်နိုင်စွမ်း မရှိတဲ့ အခြေအနေအထိ Defunct ဖြစ်သွားတယ်ဆိုတာ ဘယ်သူမှငြင်းလို့မရဘူး’လို့ ၁၉၈၉ ခုနှစ် နိုဝင်ဘာ ၁၀ ရက် စစ်ဦးစီးတက္ကသိုလ် သင်တန်း အမှတ်စဉ် ၄၀ သင်တန်းဆင်းပွဲ မိန့်ခွန်း (နှာ- ၅၉၇) မှာ ပြောခဲ့တယ်။

ဒါပေမယ့် ဒေါက်တာမောင်မောင်ကိုယ်တိုင် ပြန်ဖော်ပြထားတာတွေလည်း ရှိတယ်။

‘ကျောင်းသားအုပ်စု တစ်ခု၊ နှစ်ခုမှ ကျွန်တော့်ထံ လာရောက်တွေ့ဆုံ ဆွေးနွေးနိုင်ရေး ဆက်သွယ်လာကြသည်။ သို့သော် ထိုဆက်သွယ်မှုများသည် ကျွန်တော့်ထံ သွယ်ဝိုက်သောလမ်းကြောင်းများမှတဆင့် ရောက်လာသည်ဖြစ်ရာ ကျွန်တော်မှ သူတို့အား လက်ခံတွေ့ဆုံပါမည့်အကြောင်း တုံ့ပြန်ဖိတ်ခေါ်သော အခါတွင်မူ သူတို့မရှိကြတော့။ သူတို့ပဲ စိတ်ပြောင်းသွားသည်ဖြစ်နိုင်သလို၊ ဆူပူဆန္ဒပြလူအုပ်ကြီးမှ သူတို့အား ဝါးမျိုသွားလိုက်သည်လည်း ဖြစ်နိုင်ပေသည်’ (နှာ- ၁၉၄)

အဲဒါအပြင် ၁၉၈၈ သပိတ်ကာလ အမေရိကန်နိုင်ငံ အောက်လွှတ်တော်အမတ် စတီဖင် ဂျေဆိုလာ့ဇ် ရန်ကုန်ရောက်လာတယ်။ သမ္မတ ဖြစ်သူ ဒေါက်တာမောင်မောင်နဲ့ တွေ့ရတယ်။ (စက်တင်ဘာ ၄၊ ၁၉၈၈) အဲဒီမှာ ဆိုလာ့ဇ်နဲ့ ပြောရာမှာလည်း ‘ကျွန်တော့်ထံ ကျောင်းသား လူငယ်အချို့မှ အရေးတကြီး ဆက်သွယ်ခဲ့ကြောင်း၊ ကျောင်းသားအစစ်အမှန်များ ဖြစ်ကြသည့် အလျှောက် သူတို့၏ခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံရန် ကျွန်တော့်ဘက်မှ အဆင်သင့်ရှိခဲ့ကြောင်း၊ သို့သော်လည်း နာမည်ကြီး အထင်ကရဆိုသည့်တိုင် သူတို့အချင်းချင်း ညီညွတ်မှုမရှိသော လူပုဂ္ဂိုလ်တို့နှင့် တွေ့ဆုံခြင်းမှာမူ အကျိုးရှိလိမ့်မည်မထင်ကြောင်း၊ ကျွန်တော်မှ သူတို့လူထုပရိသတ်ကို ဘာတွေပြောဆိုနေသည်ကို သိသလို၊ သူတို့အနေဖြင့်လည်း ကျွန်တော်တို့ဘာတွေ လုပ်ကိုင်၊ ပြောဆိုနေသည်ကို သိကြပါကြောင်း၊ သို့အတွက် ၎င်းတို့နှင့် တွေ့ဆုံရန်မလိုအပ်ဟု ယူဆပါကြောင်း ရှင်းပြခဲ့သည်’လို့ ရေးထားတာလည်း ဖတ်ရတယ်။ (နှာ-၄၅၂-၄၅၃)

LEAVE A REPLY

Please enter your comment!
Please enter your name here