နည်းပညာကုမ္ပဏီဈေးကွက်နှင့် ဒီမိုကရေစီအကျဘက်ခြမ်း

0
167

သက်ဆွေအေး ရေးသည်။

အမေရိကန်နိုင်ငံစီးပွားရေးမှာ ပြောင်းလဲမှုများစွာဖြစ်တဲ့အထဲက အင်တာနက်ပလက်ဖောင်းတွေ ပေါ်ထွက်ကြီးထွားလာတာထက် အရေးပါလွန်းတဲ့ ကိစ္စရယ်လို့ မရှိပါဘူး။ ကိုဗစ်ရောဂါ မဖြစ်ခင်ကတည်းက အင်အားကြီးမားတဲ့ အမေဇုံ၊ အက်ပဲ၊ ဖေ့စ်ဘုတ်၊ ဂူးဂဲနှင့် တွစ်တာတို့ဟာ ကိုဗစ်ကာလအတွင်းမှာ ပိုမိုအင်အားကြီးထွားခဲ့ပါတယ်။ လူတိုင်းရဲ့ ဘဝကလည်း စက္ကန့်မလပ် အွန်လိုင်းပေါ်မှာ ရှိနေကြပါတော့တယ်။

ဒီနည်းပညာတွေနဲ့ အဆင်ပြေနေပေမယ့်လို့ အင်တာနက် ကုမ္ပဏီကြီးတွေရဲ့ လွှမ်းမိုး အားပြင်းထန်မှုကနေ အချက်ပေးခေါင်းလောင်းသံ ပေါ်ထွက်လာပါတော့တယ်။ ယင်းကုမ္ပဏီကြီးတွေဟာ စီးပွားရေးပါဝါကို ထိန်းထားရုံသာမကဘဲ၊ နိုင်ငံရေးအရ ဆက်သွယ်မှုများအပေါ်မှာလည်း အတော်များများ ထိန်းချုပ်မှုတွေ လုပ်လာပါတော့တယ်။ ဒီအင်တာနက် ကော်ပရိတ်ကုမ္ပဏီကြီးတွေဟာ သတင်းအချက်အလက်ဖြန့်ဝေရာမှာလည်း လွှမ်းမိုးလာခြင်း၊ နိုင်ငံရေးအရွေ့တစ်ခုအပေါ် ညှိနှိုင်းမှုများကိုလည်း ခြယ်လှယ်လွှမ်းမိုးလာပါတော့တယ်။

ဥရောပသမဂ္ဂဘက်ကတော့ ဒီအင်တာနက် ကုမ္ပဏီကြီးတွေကို ဈေးကွက် လက်ဝါးကြီးအုပ်မှုမဖြစ်စေရေး ဥပဒေတွေနဲ့ တင်းကြပ်နိုင်ဖို့ ကြိုးစားနေချိန်မှာ အမေရိကန်ဘက်ကတော့ ခပ်အေးအေးစိတ်မပါတပါပုံ ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က ပြည်ထောင်စုကုန်သွယ်ရေးကော်မရှင်နဲ့ ပြည်နယ်ရှေ့နေများ ညှိနှိုင်းမှုဖြင့် ယင်း အင်တာနက်ကော်ပိုရေးရှင်းများရဲ့ လက်ဝါးကြီးအုပ်နိုင်တဲ့ပါဝါကို အလွဲသုံးစားလုပ်လာနိုင်တာကို စတင်စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ကြပါတယ်။

အောက်တိုဘာလတုန်းက တရားရေးဌာနဟာ ဂူးဂဲကို လက်ဝါးကြီးအုပ်မှုနဲ့ တရားစွဲခဲ့ပါတယ်။ နည်းပညာကုမ္ပဏီကြီးတွေကို ဝေဖန်သူတွေထဲမှာ အခုဆိုရင် ဒီမိုကရက်တွေပါဝင်လာပါတယ်။ သူတို့က ပြည်တွင်း၊ ပြည်ပက အစွန်းရောက်တွေရဲ့ နည်းပညာခြယ်လှယ်မှုကို ကြောက်လာလို့ ပါဝင်လာပါတယ်။ နောက်ရီပတ်ပလီကင်တွေလည်း ပါဝင်လာပါတယ်။ ဒီအချိန်မှာ အရေးအကြီးဆုံးဖြစ်ရပ်တစ်ခုက လူထုလွှမ်းမိုးနိုင်စွမ်းရှိတဲ့ ဥပဒေပညာရှင်များ ပါဝင်လာနေတဲ့ပညာတတ်တို့ရဲ့ လှုပ်ရှားမှုတစ်ခု ပေါ်ထွက်လာပါတယ်။ ဒီနည်းပညာ ပလက်ဖောင်းတို့ရဲ့လွှမ်းမိုးမှုကို ရင်ဆိုင်ဖြေရှင်းဖို့ လက်ဝါးကြီးအုပ်မှုကာကွယ်တဲ့ဥပဒေကို ပြန်လည်သုံးသပ် အဓိပ္ပာယ်သတ်မှတ်ဖို့ ကြိုးစားလာကြပါတယ်။

နည်းပညာကုမ္ပဏီကြီးတွေဟာ ဒီမိုကရေစီအပေါ် ခြိမ်းခြောက်မှုရယ် ဖြစ်လာတာကိုနားလည်လက်ခံလာကြတာ တစ်နေ့တခြားများလာနေပေမယ့် ဘယ်လို တုံ့ပြန်ရမှန်းမသိ ဖြစ်နေကြရပါတယ်။ တချို့ ပြောလာတာဆိုရင် ဖေ့စ်ဘုတ်နဲ့ ဂူးဂဲကို ဖြိုခွဲဖို့ထိ လိုတယ်ပြောလာပါတယ်။ တချို့တော့ ဒီနည်းပညာကုမ္ပဏီတွေရဲ့ အချက်အလက်အလွဲသုံးစား အမြတ်ထုတ်မှုကို ကန့်သတ်ပေးနိုင်တဲ့ ပိုမိုတင်းကျပ်တဲ့စည်းမျဉ်းတွေချမှတ်ဖို့ တောင်းဆိုလာကြပါတယ်။ နောင်အနာဂတ်အတွက် သိပ်ရှင်းလင်းတဲ့ နည်းနာမရှိဘူးဆိုရင် ဝေဖန်သူများစွာကလည်း ဒီနည်းပညာကုမ္ပဏီတွေ ကိုယ့်ဘာသာ စည်းမျဉ်းချမှတ်သတ်မှတ်ဖို့ ဖိအားပေးတဲ့ကိစ္စတွေမှာ ပါဝင်လာမှာ မဟုတ်တော့ပါဘူး။ အန္တရာယ်များတဲ့ ကွန်တင့်တွေကို ဖြုတ်ချဖို့ တိုက်တွန်းအားပေးရာမှာလည်း ပါဝင်လာမှာမဟုတ်တော့ပါဘူး။ ဒါပေမဲ့ ဘယ်သူမှ သတိမထားမိသေးတဲ့အချက်က ဒီနည်းပညာ ပလက်ဖောင်းတွေမှာ တင်ပြထားတဲ့ နိုင်ငံရေးနဲ့ ပတ်သက်ရာ အန္တရာယ်တွေက စီးပွားရေးဆိုင်ရာထက် ပိုမိုလေးနက် ထိခိုက်မှုတွေဖြစ်စေတယ်ဆိုတာပါ။

တချို့က လက်တွေ့ကျတဲ့ နည်းတစ်ခု ပြောလာပါတယ်။ ဒီနည်းပညာ ကုမ္ပဏီတွေရဲ့ အခန်းကဏ္ဍကို အင်တာနက်ပေါ် တင်လိုက်တဲ့ ကွန်တင့်ရဲ့ အစောင့်တာဝန်ကနေ ဖယ်ရှားလိုက်ပါ။ တခြားသော အဖွဲ့ကို တာဝန်ပေးလိုက်ပါဆိုတာမျိုး ပြောလာပါတယ်။ ဒီအချက်ကတော့ နည်းပညာကုမ္ပကြီးတွေကို ဖြိုချလိုက်ပါဆိုတဲ့ စိတ်ကူးယဉ်စကားထက်တော့ လက်တွေ့နဲ့ နီးစပ်လို့ ထိရောက်မှုရှိနိုင်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ခေတ်သစ်ဈေးကွက် လက်ဝါးကြီးအုပ်မှု တိုက်ဖျက်ရေး ဥပဒေဟာလွတ်လပ်စီးပွားရေးဈေးကွက် ပညာရှင်များ၊ ဥပဒေပညာရှင်များနှင့်အတူ ၁၉၇၀ ပြည့်လွန်နှစ်များအတွင်းက ပေါ်ထွက်လာခဲ့ပါတယ်။

၁၉၇၅ ခုနှစ်ခန့်က ရှေ့နေချုပ် ရောဘတ်ဘော့ခ်က ဈေးကွက်လက်ဝါးကြီးအုပ်မှု တိုက်ဖျက်ရေးဥပဒေဟာ တစ်ခုတည်းသော ရည်ရွယ်ချက်ထားသင့်တယ်။ အဲဒါကတော့ စားသုံးသူအကျိုးစီးပွားကို အမြင့်ဆုံးထိ ချဲ့ထွင်နိုင်ရေးလို့ ပြောခဲ့ပါတယ်။ အကြောင်းကတော့ ကုမ္ပဏီတွေသိပ်ကြီးမားလာရင် ပြိုင်ဘက်တွေထက် စွမ်းဆောင်ရည်သာသွားမယ်။

ဒါကြောင့် ဒီကုမ္ပဏီငယ်တွေကိုဖြိုခွဲဖို့ ကြိုးစားမှုမျှန်သမျှကို အပြစ်ပေးရမယ်လို့ဆိုပါတယ်။ ဒီလိုပြောတဲ့ ပညာရှင် ချီကာဂိုစီးပွားရေးပညာရပ်ဂိုဏ်းက လေဆယ်ဖဲယား ချဉ်းကပ်မှုတွေပဲဖြစ်ပါတယ်။ ဒီဂိုဏ်း (School) ကို နိုဘယ်ဆုရပညာရှင်Milton Friedman နဲ့ George Stigler တို့ကဦးဆောင်ပါတယ်။ ဒီလူတွေရဲ့အမြင်က စီးပွားရေးစည်းမျဉ်းတွေကို သံသယနဲ့ ကြည့်တတ်တဲ့သူတွေပါ။ ဒီဂိုဏ်းကပဲ လက်ဝါးကြီးအုပ်မှု တိုက်ဖျက်ရေးဥပဒေကို စီးပွားရေးအကျိုးစီးပွား ချဲ့ထွင်ရေးအတွက်လည်း ထည့်ရေးဆွဲသင့်တယ်လို့ ဆိုရှိပါတယ်။ နောင်မှ ပြန်တင်းကျပ်ဖို့ ပြောပါတယ်။ပြောရရင် ဒီဂိုဏ်းရဲ့ အတွေးအခေါ်က အရမ်းအောင်မြင်ပါတယ်။ ခေတ်အဆက်ဆက်က တရားသူကြီးတွေ ရှေ့နေတွေ၊ တရားရုံးချုပ်တွေထိ လွှမ်းမိုးနိုင်လောက်အောင် ပါဝါရှိခဲ့ပါတယ်။

ချီကာဂို အတွေးခေါ်ဂိုဏ်းရဲ့ ဆယ်စုနှစ်ပေါင်းများစွာ လွှမ်းမိုးလာပြီးတဲ့နောက်မှာ စီးပွားရေးပညာရှင်တွေက ဒီချဉ်းကပ်မှုကို ပြန်လည်သုံးသပ်ဖို့က လုံလောက်တဲ့ အခွင့်အရေးတွေ ရလာခဲ့ကြပါတယ်။ စီးပွားရေးပညာရှင်တွေ လေ့လာရာက တွေ့လာတဲ့အချက်က အမေရိကန်စီးပွားရေးဟာ ပိုမိုစုစည်းမိလာပြီး တဖြေးဖြေး ကြီးထွားလာတယ်လို့ဆိုပါတယ်။ ဘယ်နေရာတွေမှာလည်းဆိုတော့ လေကြောင်းကုမ္ပဏီတွေ၊ ဆေးဝါးကုမ္ပဏီတွေ၊ ဆေးရုံ၊ သတင်းမီဒီယာ လုပ်ငန်းတွေ၊ နည်းပညာနယ်ပယ်တို့မှာ ဖြစ်လာတာပါ။ တဆက်တည်းစားသုံးသူမှာတော့ အခံဘက်ကပဲဖြစ်တယ်လို့ဆိုပါတယ်။

နောက်ပေါ်လာတဲ့ ချီကာဂို ပညာရှင်ဂိုဏ်းက ပြောလာတာကတော့ လက်ဝါးကြီးအုပ်မှုတိုက်ဖျက်ရေး ဥပဒေကို အင်တိုက် အားတိုက်တင်းကြပ်သင့်လာပြီလို့ ဆိုပါတယ်။ လက်ဝါးကြီးအုပ်မှု တင်းကြပ်ရေးက လိုအပ်လာပြီ၊ ဘာလို့လဲဆိုတော့ စည်းမျဉ်းစည်းကမ်းနဲ့ မထိန်းချုပ်တဲ့ဈေးကွက်ဟာ လက်ဝါးကြီး အုပ်တာ ပေါ်ထွက်လာရင် မတားဆီးနိုင်ဖြစ်တတ်တယ်၊ ယှဉ်ပြိုင်မှုဆန့်ကျင်တဲ့ လက်ဝါးကြီးအုပ်မှုတွေ အခြေတကျဖြစ်လာတာရင်လည်း တားဆီးနိုင်မှာ မဟုတ်ဖူးလို့ ဆိုပါတယ်။ ဈေးကွက် လက်ဝါးကြီးအုပ်မှုတိုက်ဖျက်ရေး ဥပဒေဖြစ်တဲ့ Sherman Act ဟာ ကနဦးပေါ်ထွက်ခဲ့ပြီး စီးပွားရေး တန်ဖိုးတွေ၊ နိုင်ငံရေး တန်ဖိုးတွေကိုလည်း ကာကွယ်ဖို့ပါဝင်ပါတယ်။

ဒါပေမယ့်ပေါ့လေ ခေတ်တွေကြာလာတော့ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေ ပေါ်လာရာက ဒီနည်းပညာပလက်ဖောင်းတွေက စီးပွားရေးပါဝါနဲ့ ချိတ်ဆက်လာတယ်၊ ဆက်သွယ်ရေးဆိုင်ရာထိန်းချုပ်မှုတွေ လုပ်လာပါတယ်။ ဒါကြောင့်ပဲစီးပွားရေး လုပ်နေကြတဲ့ နည်းပညာကော်ပိုရိတ်ကြီးတွေဟာ အလိုလို ဒီလိုပညာရှင်များရဲ့ပြစ်မှတ်ဖြစ်လာပါတယ်။ နိုင်ငံရေးသမားတွေဘက်ကရော။

နည်းပညာကုမ္ပဏီကြီးတွေဟာ ဒီမိုကရေစီဖန်ရှင်ကောင်းကောင်းလည်ပတ်နေတဲ့အပေါ် အရင်ကမတွေ့ဖူးတဲ့ ခြိမ်းခြောက်မှုမျိုးနဲ့ ခြိမ်းခြောက်လာပါတယ်။ အရင်ကရှိခဲ့တဲ့ အနေအထားနဲ့ ဒစ်ဂျစ်တယ် နည်းပညာက ခွဲခြားလိုက်တာကတော့ သေချာပါတယ်။

တစ်ချက်တည်းပဲ ပြောကြည့်ရမယ်ဆိုရင်အချက်အလက် (data) ဆိုတာ အရာရာအတွက်ဖြစ်လာတယ်၊ ဈေးကွက်ဖြစ်လာတယ်၊ ငွေကြေးဖြစ်လာတယ်။ ဥပမာ- နည်းပညာကုမ္ပဏီ အမေဇုန်၊ ဂူးဂဲဆိုပါစို့။ သူတို့ကို သုံးစွဲသူ သန်းပေါင်းများစွာရဲ့ အချက်အလက်တွေကို စုစောင်းထားပြီး သူတို့ ဈေးကွက်အသစ်တစ်ခုကို ရွေ့လိုက်သလို၊ ဒီလိုအချက်အလက်ပေါင်းများစွာ ပိုင်ဆိုင်မှုမရှိတဲ့ကုမ္ပဏီတွေကို အလွယ်လေးနဲ့ အနိုင်ယူနိုင်ပါတယ်။

နောက်တစ်ချက်ပြောရရင် ဒီလိုကုမ္ပဏီတွေဟာ ကွန်ရက်သက်ရောက်မှုလို့ ခေါ်တဲ့အပေါ်ကနေ အလွန်အမင်းကို အကျိုးအမြတ်ထွက်နေတာမျိုးပါ။ ပြောချင်တာက ကွန်ရက်က ကြီးလေလေ သူ့ကိုသုံးစွဲသူဘက်က အကျိုးရှိလေလေပါ။ ဒီကွန်ရက် သုံးစွဲသူဆီကနေ တုန့်ပြန်မှုတွေရယူပြီး ဈေးကွက်ကို လွှမ်းမိုးနိုင်ဖို့ ကြိုးစားနိုင်ပါတယ်။နည်းပညာကုမ္ပဏီတွေဟာ သမရိုးကျ ကုမ္ပဏီတွေနဲ့မတူတဲ့အချက်က သူတို့ဟာ ဈေးကွက်ဝေစုအတွက် ယှဉ်ပြိုင်မှုမလုပ်ကြပါဘူး။ ကိုယ့်ဈေးကွက်အတွက် ကိုယ့်ဘာသာပြိုင်နေတာမျိုးပါ။ ကိုယ့်ဘာသာ ခြေကုတ်ရအောင် တည်ဆောက်ယူတယ်၊နောက်ထပ်ယှဉ်ပြိုင်မှု မဖြစ်လာအောင် ဖန်တီးကြတာမျိုးပါ။ နည်းပညာကုမ္ပဏီတွေဟာ အလားအလာရှိတဲ့ ပြိုင်ဘက်ဆိုရင်လည်း ဆွဲစားပစ်လိုက်ပါတယ်။ ဥပမာ- Facebook က Instagram နဲ့ WhatsApp ကိုဝယ်ပြီး ဆွဲစားပစ်လိုက်တာမျိုးပါ။

တရားရေးဘက်က မေးစရာရှိလာတဲ့ အချက်ဟာ ကြီးကျယ်လှတဲ့ နည်းပညာကုမ္ပဏီကြီးတွေက စားသုံးသူအကျိုးကို လျော့ပါးလာစေသလားဆိုတာပဲဖြစ်တယ်။ ဒီကုမ္ပဏီကြီးတွေက နည်းပညာထုတ်ကုန်ပေါင်း သောင်းခြောက်ထောင် ပေးလာတယ်။ ဥပမာ-ရှာဖွေရေးပုံစံတွေ၊ မေးလ်ပို့စရာတွေ၊ လူမှုကွန်ရက်အကောင့်တွေ ဖြစ်ပါတယ်။ စားသုံးသူဘက်ကလည်း ဒီလိုထုတ်ကုန်တွေအပေါ်မှာ အရမ်းတန်ဖိုးထားကြတယ်။ သူတို့ရဲ့ပရိုက်ဘေစီ (Privacy) ကိုတောင် စွန့်လွှတ်ပေးအပ်ရင်း ပိုက်ဆံပါပေးလာကြပါတယ်။

စားသုံးသူဟာ ကြော်ငြာသူကိုတောင် ပစ်မှတ်ထား ကြော်ငြာခွင့်ပေးတဲ့အထိ ဖြစ်လာပါတယ်။ ဒါ့အပြင် ဒီနည်းပညာ ပလက်ဖောင်းပေါ်ကစွပ်စွဲမှုလို တလွဲဖြစ်စေတဲ့ကိစ္စတွေကို ချက်ချင်းကာကွယ်ပေးရင်း စီးပွားရေးအရ စွမ်းဆောင်ရည်ရှိတဲ့သဘောဖြစ်လာပါတယ်။ ဥပမာ- အမေဇုန်ကုမ္ပဏီဟာ ပြဿနာရှိလို့ လက်လီဆိုင်တွေ ပိတ်ချလိုက်ရပါတယ်။ ဒါပေမယ့် စားသုံးသူပေါင်းများစွာအတွက် တန်ဖိုးဖြတ်မရတဲ့ ဝန်ဆောင်မှုကိုတခြားဘက်ကနေ ပေးနေရပါတယ်။ (ဘာလို့လည်း ပါပါတယ်။)

နည်းပညာကုမ္ပဏီကြီး တစ်ခုဟာ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ယှဉ်ပြိုင်မှုတစ်ခုအတွက် တက်သစ်စကုမ္ပဏီလေးကို ဝယ်ယူလိုက်တဲ့ စွပ်စွဲချက်အပေါ် ပြောရတာ အတော်ခက်ပါတယ်။ ဒီတက်သစ်စကုမ္ပဏီဟာ နောင်တစ်ခေတ်မှာ Apple လို၊ Google လို ဖြစ်လာမလား၊ သူ့ဘာသာလွတ်လွတ်လပ်လပ် ရပ်တည်နေနိုင်မလား၊ ဆွဲစားလိုက်တဲ့ ကုမ္ပဏီဆီက စီမံခန့်ခွဲမှုနဲ့ အရင်းအနှီးမရလို့ ပျက်စီးသွားလေမလားပေါ့။

နည်းပညာကုမ္ပဏီကြီးတွေရဲ့ စီးပွားရေးကိစ္စတွေကို ဇက်သတ်ထိန်းရတာက သိပ်ခက်ခဲပါတယ်။ ဒါပေမယ့် သေချာပေါက် ယုံကြည်စရာကောင်းတဲ့အချက်တစ်ခုတော့ ရှိတယ်။ နိုင်ငံရေးပါ။ အင်တာနက်ပလက်ဖောင်းဟာ စီးပွားရေးကိုထိခိုက်ပျက်စီးစေတာထက် နိုင်ငံရေးကို ထိခိုက်ပျက်စီးစေတာက အံ့သြဖွယ်အတိုင်းအတာ ဖြစ်ပါတယ်။ ဒီအင်တာနက်ပလက်ဖောင်းရဲ့ တကယ့်အန္တရာယ်က ဈေးကွက်ကို ပုံပျက်သွားစေတဲ့အချက်တင်မကပါဘူး။ ဒီမိုကရေစီကိုပါ ထိခိုက်ခြိမ်းခြောက်လာနေပါတယ်။ တချို့သော နိုင်ငံများရဲ့ ရွေးကောက်ပွဲတွေကို ရလဒ်ပြောင်းသွားစေသလို၊ လူမှုအုံကြွမှုတွေဖြစ်စေသလို၊ လူထုယုံကြည်မှုတွေ ဘက်ပြောင်းစေတဲ့ထိဖြစ်တယ်လို့ဆိုပါတယ်။

(ယခုစာစုကို Francis Fukuyama, Barak Richman, Ashish Goel တို့ သုံးယောက်ပေါင်းပြီး ဇန်နဝါရီလအတွက် ကြိုတင်ထုတ်ဝေတဲ့ Foreign affair မဂ္ဂဇင်းမှာရေးသားထားတဲ့အထဲက တချို့ကိုအဆင်ပြေအောင် ထုတ်နှုတ်ဘာသာပြန် ရေးသားထားပါတယ်။)