နည်းပညာလောကအပေါ် ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရိုက်ခတ်မှုများ

0
164

အခုအချိန်မှာ တကမ္ဘာလုံးကို ကူးစက်ပျံ့ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရဲ့ ရိုက်ခတ်မှုဟာ ကမ္ဘာ့ စီးပွားရေးဈေးကွက်နဲ့ တခြားသော အရေးပါတဲ့ နေရာတွေမှာ ရိုက်ခတ် ရုံတင်မကဘဲ နည်းပညာလောကကိုလည်း ရိုက်ခတ်နေပါတယ်။ စက်ရုံပေါင်းများစွာဟာလည်း ဗိုင်းရပ်စ်ကြောင့် ပိတ်ပစ်လိုက်ရတဲ့ အခြေအနေတွေရှိသလို စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ ခရီးသွားမှုတွေ၊ နည်းပညာကုမ္ပဏီကြီးတွေက နှစ်စဉ်ပြုလုပ် နေကျဖြစ်တဲ့ Event တွေလည်း ရပ်နား ခဲ့ရပါတယ်။

COVID-19 ဟာ တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့က စတင်တွေ့ ရှိခဲ့တဲ့ ဗိုင်းရပ်စ်အသစ်တစ်ခုဖြစ်ပြီး ရောဂါလက္ခဏာကတော့ နမိုးနီးယားနဲ့ ဆင်တူတဲ့ ရောဂါဖြစ်ပါတယ်။ ရောဂါပိုးအသစ်ရဲ့ အခြေအနေအမှန်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO ဆီကိုတော့ ပြီးခဲ့တဲ့နှစ် ၂၀၁၉ ဒီဇင်ဘာ ၃၁ မှာပဲ ရောက်ရှိခဲ့တာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ်ဟာ ဆားစ်ရောဂါ၊ မားစ်ရောဂါနဲ့ ဆင်တူတဲ့ ရောဂါတစ်ခုဖြစ်လို့ သိပ္ပံပညာရှင်များက အဖြေထုတ်ခဲ့ကြပါတယ်။ အခုအချိန်မှာတော့ COVID-19 ကြောင့် တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် လူပေါင်း ၃၂၀ဝ ကျော် သေဆုံးပြီဖြစ်သလို နိုင်ငံပေါင်း ၆၀ ကျော်မှာ ရောဂါပိုးကူးစက်ခံထား သူပေါင်း ၉၄၀ဝ၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရဲ့ နည်းပညာ ကုမ္ပဏီကြီးတွေအပေါ် ရိုက်ခတ်မှုတွေထဲက တချို့ဖြစ်ပါတယ်။

Facebook

Facebook ဟာ ကိုရိုနာဗိုင်းရစ်ကြောင့် Facebook ကုမ္ပဏီရဲ့အကြီးမားဆုံးပွဲကြီးလို့ဆိုရမယ့် F8 developer conference ပွဲကို ဖျက်သိမ်းခဲ့ပါတယ်။ အဆိုပါ ပွဲဟာ Facebook ကုမ္ပဏီရဲ့ နှစ်စဉ်ကျင်းပနေကျ ပွဲကြီးတစ်ပွဲဖြစ်ပြီး Facebook နဲ့ သက်ဆိုင်တဲ့ developers တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ဆွေးနွေးနေကျ ပွဲတစ်ပွဲဖြစ်ပါ တယ်။

လူပေါင်း လေးထောင်လောက် ရရှိမယ်လို့ ခန့်မှန်းထားတဲ့ မတ်လအတွင်းမှာ ကျင်းပမယ့် ဈေးကွက်ရှာဖွေရေး ထိပ်သီးအစည်းအဝေးကို ဖျက်သိမ်းခဲ့ပါတယ်။

Facebook ပေါ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ကြော်ငြာမှန်သမျှအတွက် အခကြေးငွေမယူခဲ့ပါဘူး။ Oculus VR headset ထုတ်လုပ်မှုဟာလည်း နောက်ကျဖွယ်ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်နေပါတယ်။ Search Bar မှာ ကိုရိုနာဗိုင်းရပ်စ်လို့ ရှာဖွေလိုက်ချိန်မှာ WHO ဆီက ထုတ်ပြန်ချက်ကိုပဲ အတည်ယူဖို့ လမ်းညွှန်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကို ကုသပေးနိုင်တယ်ဆိုတဲ့ ကြော်ငြာမှန်သမျှ တားမြစ်ပိတ်ဆို့ခဲ့ပါတယ်။

Facebook ရဲ့ ဆီယဲ့တယ်ရုံးမှာ ရှိတဲ့လူတစ်ယောက်ဟာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်းကို ကြေငြာခဲ့ပါတယ်။

Facebook ရုံးကိုလည်း ခေတ္တခဏ ပိတ်ထားခဲ့ပြီး ဝန်ထမ်းတွေကိုတော့ မတ် ၃၁ ရက်နေ့အထိ ရုံးတက်စရာ မလိုဘဲ အိမ်ကနေ အလုပ်လုပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။

Apple

Apple အတွက်တော့ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါကူးစက်ပျံနှံ့မှုဟာ အထိနာစေတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ Apple ရဲ့ ထုတ်ကုန်တော်တော်များများဟာ တရုတ်နိုင်ငံမှာရှိတဲ့ စက်ရုံတွေမှာ ထုတ်လုပ်တာကြောင့် စက်ရုံတွေ ပိတ်ပစ်လိုက်ရတာကြောင့် ထုတ်လုပ်ရေးလုပ်ငန်းမှာ အထိနာစေခဲ့ပါတယ်။ အခုတော့ Apple ဟာ Apple ထုတ်ကုန်များအတွက် တရုတ်နိုင်ငံမဟုတ်တဲ့ အခြားနိုင်ငံတွေဆီကနေ ပစ္စည်းတွေကို မှာယူဖို့ အပြင်းအထန်ကြိုးစားနေရပါတယ်။

တရုတ်နိုင်ငံမှာ ဖွင့်ထားတဲ့ Apple Store ဆိုင်ပေါင်း ၄၂ ဆိုင်ကို ပိတ်ပစ်ခဲ့ရပါတယ်။ အဆိုပါ ၄၂ ဆိုင်ထဲက တစ်ဆိုင်ကတော့ Apple ထုတ်ကုန်တွေကို အများဆုံးရောင်းချနေတဲ့ ဆိုင်ကြီး တစ်ဆိုင်ဖြစ်ပြီး တရုတ်ဈေးကွက်ကို အဓိက ဖြန့်ဖြူးနေတဲ့ ဆိုင်ကြီးပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ Apple ထုတ်ကုန်တွေကို အများဆုံးသုံးစွဲတဲ့ နိုင်ငံထဲက တစ်ခုဖြစ်ပါတယ်။

တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ Apple ရုံးတွေ၊ ဆက်သွယ်ရေးစင်တာတွေ ပိတ်ပစ်ခဲ့ရပါတယ်။

Apple ဝန်ထမ်းတွေကို ရောဂါပိုး ပျံ့နှံ့နေတဲ့ အဓိကနိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနဲ့ အီတလီနိုင်ငံတို့ဆီ ခရီးသွားခွင့် ပိတ်ပင်ခဲ့ပါတယ်။

Google

ကိုရိုနာရောဂါပိုးကူးစက်ခံထားရ သူတွေ့ရှိတဲ့ ဆီယဲ့တယ်ဒေသမှာရှိတဲ့ ဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်ကြဖို့ ညွှန်ကြားခဲ့ပါတယ်။

တရုတ်ပြည်မကြီး၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်မှာရှိတဲ့ ရုံးတွေကို ပိတ်ထားခဲ့ပါတယ်။

တရုတ်နဲ့ ဟောင်ကောင်မြို့တို့ဆီကို စီးပွားရေးအရ ခရီးသွားလာခြင်းကို ပိတ်ထားခဲ့ပါတယ်။

တရုတ်နိုင်ငံက ပြန်လာတဲ့ ဝန်ထမ်းတွေကို နေအိမ်မှာပဲ ၁၄ ရက်လောက် နေဖို့မှာကြားခဲ့ပါတယ်။

ဧပြီမှာ ပြုလုပ်မယ့် Google News Initiative Summit ပွဲကို ဖျက်သိမ်းခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က လူသုံးသောင်းလောက် တက်ရောက်ခဲ့တဲ့ cloud conference ပွဲကို ဖျက်သိမ်းခဲ့ပြီး အွန်လိုင်းပေါ်က တစ်ဆင့်ပဲ ကျင်းပတော့မှာပါ။

နှစ်စဉ်ကျင်းပနေကျ ပွဲကြီးတစ်ပွဲ ဖြစ်တဲ့ I/O developer ညီလာခံကို ဖျက်သိမ်းခဲ့ပါတယ်။

Google ရဲ့ နယူးယောက်ခ်နဲ့ ဆန်ဖရန်စစ္စကိုရုံးတို့မှာ ဧည့်သည်ဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ လူကိုယ်တိုင်လာရောက်ဖြေဆိုရတဲ့ အလုပ်အင်တာဗျုးမှန်သမျှလည်း ဖျက်သိမ်းခဲ့ပြီး ကိုရီးယားနဲ့ တရုတ်ဝန်ထမ်းတွေကိုတော့ အိမ်ကနေပဲ အလုပ်လုပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။

Amazon

အွန်လိုင်းအခြေစိုက် ဈေးရောင်းဈေးဝယ် Website တစ်ခုဖြစ်တဲ့ Amazon မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကို ကုသပေးနိုင်တယ်၊ ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ ဆေးဝါးတွေ၊ ပစ္စည်း အရောင်းစာရင်း ၁ မီလျံကျော်ကျော်ကို ဖြုတ်ချခဲ့ပါတယ်။

Mask၊ လက်ဆေးရည်စတဲ့ ဗိုင်းရပ်စ် ကာကွယ်ရေးပစ္စည်းတွေကို ဈေးတင်ရောင်းတဲ့လူတွေရဲ့ ပစ္စည်းတွေကို ဖြုတ်ချခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here