နန်းယွန်း-ရှင်ဗွေယန်လမ်း မြေပြိုမှု ချက်ချင်း လမ်းဖော်ပေးနေ

0
106
လမ်းမိုင် ၃၀ ကျော်သာ ရှိသော်လည်း နှစ်စဉ် မိုးရာသီတိုင်း တောင်ပြိုမှုများကြောင့် သွားလာရေး ခက်ခဲနေဆဲဖြစ်သည်။

နွမ်းနွမ်း
နန်းယွန်း၊ သြဂုတ် – ၂၄

နာဂဒေသ နန်းယွန်းမြို့နှင့် ကချင်ပြည်နယ် ရှင်ဗွေယန်မြို့သို့ ဆက်သွယ်ထားသည့်လမ်းပိုင်းတွင် မြေပြိုမှုများ မကြာခဏဖြစ်နေကြောင်း ဒေသခံများနှင့် ခရီးသွားများက ပြောသည်။

မိုးတွင်းကာလတွင် တောင်ပြိုမှုများကြောင့် လမ်းပိတ်၍ ကားဖြင့် သုံးနာရီကြာသာ သွားရသည့်လမ်းသည် နာရီများစွာကြာမြင့်တက်ကြောင်း ခရီးသွားများက ဆိုသည်။

နန်းယွန်းမြို့နယ် လမ်းဦးစီးဌာနဦးစီး ဦးနိုင်လင်းထွန်းက “ဖြစ်ဖြစ်ချင်း ကွင်းလမ်းတွေ အသုံးပြုနေတယ်။ မိုးတွေများလို့ ထပ်ပြိုတာဖြစ်ရင် ဘေလီတံတားထိုးပေးမယ်။ အဲဒီအတွက် ပစ္စည်းတွေ အဆင်သင့် စုဆောင်းထားတယ်၊ ဒီနေ့ပြို မနက်ဖြန် ချက်ချင်းပြင်တယ်၊ လောလောဆယ်တော့ တစ်ရက်လုံးကြီးပိတ်သွားတယ်တော့မရှိဘူး၊ ခရီးသည်တွေ အဆင်ပြေအောင် ရွှေ့ပေးတာတွေလုပ်ပေးပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါလမ်းတွင် လမ်းပြိုကျမှုနှင့်တောင်ပြိုကျမှု ၈ နေရာရှိပြီး တံတားထိုးရန် လိုအပ်သည့် နေရာများ၌ ဘေလီတံတားထိုးရန် ပြင်ဆင်ထားကြောင်း လမ်းဦးစီးဌာန ဦးစီးက ဆိုသည်။

“အမြဲတမ်း တောင်ပြိုတဲ့နေရာတွေရှိတယ်။ နာရီပိုင်းအတွင်း ပြိုမယ့်ဟာတွေလည်းတွေ့ရတယ် ကျောက်တုံးကြီးတွေ ပြုတ်ကျတာတွေရော ရင်တထိတ်ထိတ်ပဲသွားရတာ၊ တောင်တွေလမ်းတွေ ပြိုနေဆဲပဲ။ တော်တော်လေးခက်ခဲတယ်။ ခရီးသွားတွေအတွက်”ဟု ဒေသခံဆရာမ ဖုန်းလိုင်က ပြောသည်။

မိုးတွင်းကာလ မိုးများ၍ လမ်းပြိုခြင်း၊ တောင်ပြိုခြင်းတို့ဖြစ်ပြီး လမ်းဦးစီးအနေဖြင့် မိမိဌာနတွင် လမ်းပြင်ရန် စက်ယန္တရားမျာမရှိ၍ ငှားရမ်းအသုံးပြုရကြောင်း၊ သတင်းချက်ချင်းမသိနိုင်မှုများရှိကြောင်း ဦးစီး ဦးနိုင်လင်းထွန်းက ပြောသည်။

မိုးများသောဒေသဖြစ်၍ လမ်းများကို ခံနိုင်ရည်ရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ ကားမောင်းလာသည့် သက်တမ်းတွင် လမ်းပြိုမှုသည် ယခုနှစ်တွင် အများဆုံးဖြစ်ကြောင်း နန်းယွန်း-ရှင်ဗွေယန် လိုင်းကားပြေးဆွဲနေသူ ယာဉ်မောင်း ဦးလူကျော်က ပြောသည်။

“မိုးက မနားတော့ အခက်အခဲတွေအများကြီးပဲရှိတယ်။ ကျောက်တွေ ရှင်းပြီး လာခဲ့ရတယ်၊ လမ်းကိုစေတနာပါပါ ပြင်ပေးရင်တော့ ကောင်းတာပေါ့”ဟု ၎င်းက ပြောသည်။

တောင်ပြိုမှုများ၊ လမ်းပြိုမှုများ ရှိခဲ့ပါက လမ်းဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြားပေးရန် စက်ယန္တရားမရှိမှုမှာ အဓိကပြဿနာ ဖြစ်နေသော်လည်း အမြန်ဆုံးဆောင်ရွက်ရန် ပြင်ဆင်ထားသည်ဟု လမ်းဦးစီးက ပြောသည်။ အဆိုပါလမ်းသည် နန်းယွန်းမြို့နယ်အတွက် အဓိကကုန်သွယ်ရေးလမ်းဖြစ်ပြီး ကချင်ပြည်နယ်နှင့် ဆက်သွယ်ထားပြီး ၃၁ မိုင် ရှည်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here