နမ်ပန်ငါး ရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းရေး ဒေသခံများ ဆန္ဒပြ

0
5560

တင်မျိုးငြိမ်း
ဟုမ္မလင်း၊ အောက်တိုဘာ- ၁၅

နမ်ပန်ငါးချောင်း ရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းရေးအတွက် သဝန်ဖာနိုင်းအုပ်စုမှ ဒေသခံများသည် ယနေ့နံနက်ပိုင်းက ဟုမ္မလင်းမြို့ပေါ်သို့ လာရောက်လှည့်လည် ဆန္ဒပြကြသည်။

ကိုဗစ်ကာလဖြစ်၍ ရွာပေါင်း ၁၂ ရွာမှ ဒေသခံအင်အား ၃၀ ခန့်သာ စုဝေးဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု ဆန္ဒပြအဖွဲ့က ဆိုသည်။

“နမ်ပန်ငါး ရေအားလျှပ်စစ်ကြီး ရုတ်သိမ်းပေးဖို့ရာ မြို့ပေါ်မှာ ဆန္ဒ လာထုတ်ဖော်တာပါ။ ရွာက အိုးအိမ်တွေ ရွှေ့ပြောင်းရမှာကို စိုးရိမ်တယ်။ ကျွဲ၊ နွားတွေ သေ​ေကြပျက်စီးမှာ၊ လယ်ယာတွေ ဆုံးရှုံးမှာ စိုးရိမ်တယ်။ အဲ့ဒါကြောင့် ကန့်ကွက်ဆန္ဒပြတာပါ”ဟု ဆန္ဒပြအဖွဲ့မှ ဦးမောင်သောင်းက ပြောသည်။

ရေအားလျှပ်စစ်စီမံကိန်းကြောင့် ဖြစ်လာမည့် အကျိုးဆက်များအား ဒေသခံများက လက်ခံနိုင်ခြင်းမရှိသည့်အတွက် ဆန္ဒပြရခြင်းဖြစ်သည်ဟု ဆိုသည်။

“စီမံကိန်းတစ်ခု တည်ဆောက်ရင် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရပါမယ်။ အခုက ကျွန်မတို့ သဘောမတူလည်း ဆောက်လုပ်နေပြီ။ အဲ့ဒါကြောင့် ကျွန်မတို့ ကန့်ကွက်ဆန္ဒပြရတာပါ။ ရှေ့​ေလျှာက်လည်း ရုတ်သိမ်းသွားသည်အထိ ကျွန်မတို့က ကန့်ကွက်မှာပါ”ဟု ဆန္ဒထုတ်ဖော်သူ ဒေါ်သန်းမြင့်က ပြောသည်။

နမ်ပန်ငါးရေအားလျှပ်စစ် ကန့်ကွက်ဆန္ဒပြပွဲအား ယမန်နှစ် ဩဂုတ်လတွင်လည်း ကျေးရွာအုပ်စု ၃ အုပ်စုမှ ရွာပေါင်း ၁၂ ရွာက ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး ကန့်ကွက်စာများလည်း သမ္မတရုံး၊ အတိုင်ပင်ခံရုံးစသဖြင့် ဌာနဆိုင်ရာရုံးများသို့ ပေးပို့ တိုင်ကြားခဲ့သည်မှာ ၈ ကြိမ် ရှိပြီဟု ဆိုသည်။

ဆန္ဒပြသူများသည် နမ်ပန်ငါးရေအားလျှပ်စစ်စီမံကိန်း ဖျက်သိမ်းရေး၊ ပြည်သူကို ဗဟိုပြုစီမံကိန်းများ ဖြစ်ပေါ်ရေး၊ ပြည်သူ့ဆန္ဒနှင့်မကိုက်ညီသောစီမံကိန်း ရပ်တန့်ပေးရေး၊ ပြည်သူ့ဆန္ဒနှင့်မကိုက်ညီသော ရေအားလျှပ်စစ်စီမံကိန်း အလိုမရှိ၊ သမိုင်းဝင် နားသကျိုက်စေတီပုထိုးများ မပျက်စီးရေး၊ သဝန်တိုက်နယ်ရှိ တောင်သူလယ်သမားများ၏ဘဝအား အာဏာသုံး၍ မဖျက်ဆီးရေးဟူ၍ ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။

ရေအားလျှပ်စစ်စီမံကိန်းဝန်းကျင်တွင် သဝန်ဖာနိုင်းအုပ်စု ၊ ခတောင်ပွင့်အုပ်စု၊ ဂွေးတောက်ကုန်းအုပ်စု ၃ အုပ်စုရှိ ကျေးရွာပေါင်း ၁၂ ရွာရှိပြီး လူနေအိမ်ခြေ ၁၅၀၀၊ လူဦးရေ ၁ သောင်းကျော်ခန့်သည် လယ်ယာမြေ ဧကပေါင်း ၁ သောင်းကျော်အား မှီခို လုပ်ကိုင်စားသောက်နေကြသည်။

တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွှန့်ဝင်း၏ ပြောကြားချက်အရ အဆိုပါ ရေအားလျှပ်စစ် တည်ဆောက်ခြင်းလုပ်ငန်းမှာ လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းခြင်းကို တိုင်းအစိုးရမှ တင်ဒါခေါ် လုပ်ကိုင်ခြင်းဖြစ်ပြီး ကျန်လုပ်ငန်းများအား ပြည်ထောင်စုအစိုးရထံ လုပ်ငန်းအပ်နှံထားခြင်းဖြစ်သည်ဟု ယမန်နှစ်က ဆန္ဒပြမှု၌ မေးမြန်းစဥ် ဖြေကြားထားခဲ့သည်။