နာဂဒေသသို့ မဲရုံစောင့်လာမည့် ဆရာ၊ ဆရာမများ Quarantine ထားမည်

0
1396

နွမ်းနွမ်း
နန်းယွန်း၊ အောက်တိုဘာ- ၁၄

နာဂဒေသ၊ နန်းယွန်းမြို့နယ် မဲရုံများသို့ တာဝန်ထမ်းဆောင်ရန် လာရောက်မည့် ဆရာ၊ ဆရာမများအား ဒေသရောက်ချိန်တွင် အသွားအလာကန့်သတ် Quarantine ထားမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

ကွာရတင်းဝင်ချိန်တွင် ဆန်၊ ဆီ၊ ဆား ထောက်ပံ့ပေးရန် ပြင်ဆင်ထားကြောင်း နန်းယွန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်က ပြောသည်။

“စားဖို့ ကိုယ့်အစီအစဥ်နဲ့ပဲ။ တကယ်လို့ ချက်စားမယ်ဆို ဆန်၊ ဆီ ထောက်ပံ့ပေးမယ်။ ဝယ်စားလို့လည်းရတယ်။ တနိုင်း သို့မဟုတ် ရှင်ဗွေယန်မှာ ဒီက ကားနဲ့ သွားကြိုမယ်”ဟု ၎င်းက ပြောသည်။

နန်းယွန်းမြို့နယ်သို့ ပြန်လာမည့် တာဝန်ကျ ဆရာ၊ ဆရာမမှာ ၃၄၀ ဦးဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင်းမှ ဆရာ၊ ဆရာမများသာ ဖြစ်သည်။

ထိုဆရာ၊ ဆရာမများ မလာပါက လုပ်ထုံးလုပ်နည်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နန်းယွန်းမြို့နယ်ပညာရေးမှူးရုံး ဒုပညာရေးမှူး ဦးနီချိုက ပြောသည်။

“တိုင်းခြားဆို လာစရာမလိုဘူး။ တိုင်းအတွင်းမှာရှိတဲ့ ဆရာ၊ ဆရာမတွေ အားလုံးလာရမယ်။ မလာရင် လုပ်ထုံးလုပ်နည်းအရ အရေးယူမယ်”ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း နယ်ပေါင်းစုံမှ လာရောက်ကြမည်ဖြစ်၍ စိုးရိမ်မှုများရှိသည်ဟု ဒေသခံများက ဆိုသည်။

“လုပ်ငန်းကိစ္စနဲ့လာတာတော့ ဟုတ်တာပေါ့။ ခုက ကိုဗစ်ကာလနဲ့ဆိုတော့ စိုးရိမ်တယ်”ဟု နန်းယွန်းမြို့နယ် နာဂရိုးရာယဥ်ကျေးမှုကော်မတီ အတွင်းရေးမှူး ဦးကျင်းဆောင်က ပြောသည်။

နန်းယွန်းမြို့နယ်ပညာရေးမှူးရုံးမှ အောက်တိုဘာလ ၁၅ ရက် အရောက်လာရန် စာထုတ်ပြန်ထားသော်လည်း နာဂဒေသသည် လမ်းခရီး အခက်အခဲများရှိနေပြီး အချို့မှာ မိမိတာဝန်ကျသော နေရာသို့ သွားရန်ပင် ၄ ရက်ခန့် ကြာမြင့်နိုင်ကြောင်း သိရသည်။

ပြန်လာမည့် ဆရာ၊ ဆရာမများကို ကွာရတင်းထားရန် ပြင်ဆင်နေကြောင်း၊ ပဏာမကျန်းမာရေးစစ်ဆေးမှုသာ လုပ်မည်ဖြစ်ပြီး Swab များယူရန်မှာ တိုင်းညွှန်ကြားချက်ရှိမှသာ ယူမည်ဟု နန်းယွန်းမြို့နယ်ဆရာဝန် ဦးမျိုးသန့်က ပြောသည်။

နန်းယွန်းမြို့နယ်တွင် မဲရုံ ၈၂ ရုံရှိပြီး မဲရုံများ၌ တာဝန်ထမ်းဆောင်ရမည့် ဆရာ၊ ဆရာမ ၆၉၁ ဦး ဖြစ်သည်။