နာဂရှိ တောင်ယာခင်းများ ငမြောင်တောင်ပိုးကျနေ

0
88
မိုးအဆက်မပြတ်ရွာနေသောကြောင့် ဆေးဖျန်းရန်နှင့် ပိုးသတ်ဆေးဝယ်ရန် တောင်သူများ ခက်ခဲနေသည်။ ဓာတ်ပုံ-နွမ်းနွမ်း

နွမ်းနွမ်း
နန်းယွန်း၊ မေ-၁၈

နာဂဒေသ ဒုံဟီးမြို့ရှိ ကျေးရွာတချို့၌ တောင်ယာခင်းများတွင် ငမြောင်တောင်ပိုးကျ၍ သီးနှံများ ပျက်စီးနေကြောင်း ရောင်ကွန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခီရမ်းက ပြောသည်။

အဆိုပါဒေသ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ ရွှေ့ပြောင်းတောင်ယာဖြစ်ပြီး ပြောင်းဖူးများကို စိုက်ပျိုးခြင်းဖြစ်သည်။ ရောင်ကွန်ကျေးရွာရှိ ပြောင်းခင်းများအားလုံးနီးပါး ပိုးကျနေပြီး မထိန်း ချုပ်နိုင်ပါက ပိုဆိုးမည့်အခြေအနေရှိနေကြောင်း၊ ဒေသအုပ်ချုပ်ရေးပိုင်းမှ ပိုးသတ်ဆေး ၄ ဘူးနှင့် ဆေးဖျန်းပုံး ၂ ပုံး ထောက်ပံ့ပေးထားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။

” ပြည်သူတွေက စိုးရိမ်ပူပန်နေရတယ်၊ ဒီတိုင်းဖြစ်မယ်ဆို ငတ်ကုန်မယ်၊ ထမင်းငတ်ရုံပဲ” ဟု ဦးခီရမ်းကပြောသည်။

ငမြောင်တောင်ပိုးသည် ပေါက်ပွားမှု အားကောင်းသောကြောင့် နှိမ်နင်းရာတွင် လက်ဖြင့် ကောက်ယူပစ်ခြင်း၊ မီးပြာထည့်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းများဖြင့် နည်းလမ်းပေါင်းစုံဖြေရှင်းရမည်ဟု နန်းယွန်းမြို့နယ် စိုက်ပျိုးရေးဌာန ဦးစီးဦးမျိုးမြင့်ကပြောသည်။

လက်ရှိတွင် ပိုးသတ်ဆေးဖျန်းပေးခြင်း၊ ပညာပေးလုပ်ပေးခြင်းနှင့် လက်ကမ်းစာစောင်များပေးခြင်းများ ပြုလုပ်ပေးနေကြောင်းသိရသည်။

“အဖူးတွေကို ကိုက်စားတာ၊ အပင်တွေလည်း ပျက်နိုင်တယ်၊ အများစုက တောင်ယာလုပ်ကြတယ်၊ ပိုးမွှားတွေကျရင် တော်တော်ခက်ခဲတယ်၊ သွားလာရေးအခက်ခဲတစ်ခုခုဖြစ်ရင် လွယ်လွယ်ကူကူ မထိန်းချုပ်နိုင်ဘူး၊ ဒီရာသီက ကြိုးစားရမယ့်အနေအထား ထိန်းချုပ်ဖို့ခက်တယ်၊ သွားလာရေးတွေရော ခက်ခဲတယ်” ဟု နန်းယွန်းမြို့နယ် စိုက်ပျိုးရေးဦးစီး ဦးမျိုးမြင့်က ပြောသည်။

မိုးအဆက်မပြတ် ရွာနေသော ကြောင့် ဆေးဖျန်းရန်ခက်ခဲကြောင်း၊ ပိုးသတ်ဆေးဝယ်ရန်ပင် အခက်အခဲများရှိကြောင်း တောင်ယာပိုင်ရှင် ဦးမောင်ဝင်းက ပြောသည်။

“တော်တော်ဆိုးဆိုးရွားရွားဖြစ်နေလို့၊ အညွှန့်တွေစားတာ၊ ဆေးဖျန်းတော့ အဆင်ပြေတယ်၊ မိုးရွာနေတော့ ဆေးဖျန်းဖို့က အဆင်မပြေဘူး၊ မိုးရေထဲဖျန်းရင်မသေဘူး”ဟု ၎င်းကပြောသည်။

ရောင်ကွန်းရွာ၊ ကြားဝမ်ရွာ စသော ကျေးရွာများတွင် ပိုးကျနေပြီး ယခု ပိုးကျမှုသည် သုံးနှစ်အတွင်း အဆိုးဆုံးဖြစ်ကြောင်း တောင်သူများက ပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here