နိုင်ငံခြားပြန်များ ရောဂါခြေချုပ် မလိုက်နာပါက အရေးယူမည်

0
96

နိုင်ငံခြားမှ ပြန်လာသူများ ရောဂါခြေချုပ်အတွက် သတ်မှတ်နေရာများတွင် နေထိုင်ရမည်ဖြစ်ပြီး မလိုက်နာပါက ထိရောက်စွာအရေးယူမည်ဟု စစ်ကိုင်းတိုင်းအစိုးရအဖွဲ့မှ ယနေ့ညတွင်ထုတ်ပြန် ကြေညာလိုက်သည်။

မုံရွာမြို့သို့ ဝင်ရောက်လာသော နိုင်ငံခြားပြန်များအား နန္ဒဝန်ရပ်ကွက် တန်ဖိုးနည်းအိမ်ယာ အဆောက်အဦး ၂ လုံးတွင် ခေတ္တနားနေစောင့်ဆိုင်းရန် စီစဉ်ထားသည်ဟုဆိုသည်။ ၎င်းတို့ကို နေအိမ်တွင် ၁၄ ရက်မထားဘဲ သတ်မှတ် နေရာ၊ ဆေးရုံ (Facility Quarantine) တွင် အထူးစောင့်ကြည့်၍ အသွားအလာကန့်သတ်ခြင်းများလုပ်မည်ဟု ထုတ်ပြန်သည်။

လိုက်နာခြင်းမရှိပါက ၁၉၉၅ ခုနှစ် ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေ၊ ၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေတို့ ဖြင့် ထိရောက်စွာ အရေးယူမည်ဟု ပြောဆိုထားသည်။ ယင်းအပြင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ အနေဖြင့် မိမိတို့နေရပ်အတွင်း နိုင်ငံခြားပြန်များ ရှိပါက စစ်ဆေးစာရင်းပြုစုပေးပို့ရန် ညွန်ကြားထားကြောင်း သိရသည်။

မုံရွာမြို့ အဝင်၊ အထွက်နေရာများတွင်လည်း ကိုယ်ပူချိန်တိုင်းတာ စစ်ဆေးခြင်းများကို ကျန်းမာရေးအဖွဲ့၊ ယာဉ်ထိန်းရဲနှင့် လူမှုရေးအသင်းအဖွဲ့များမှ မတ်လ ၂၄ ရက်မှ စ၍ လုပ်ဆောင်နေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here