နိုင်ငံရေးပါတီတွေရဲ့ နိဂုံးလား

0
104

အောင်သူငြိမ်း ရေးသည်။

ဒီတလော ဆောင်းပါး ၂ ပုဒ် ဖတ်ရတယ်။ နောက်ပြီး မနေ့က စိတ်ပျက်ဖွယ်၊ တော်တော့်ကို အဆင့်အတန်းမရှိတဲ့ အမေရိကန်သမ္မတလောင်းနှစ်ဦး စကားစစ်ထိုးပွဲကို ကြည့်ရတယ်။

ဖတ်ရတဲ့ ဆောင်းပါး ၂ ပုဒ်မှာ တပုဒ်က နည်းနည်းကြာပါပြီ။ ဝါရှင်တန်ပို့စ် သတင်းစာက Anne Applebaum ရေးသားတဲ့ နိုင်ငံရေးပါတီတွေရဲ့ နိဂုံးလား (Is this the end of politicalparties?) ဆိုတဲ့ ၂၀၁၉၊ ဖေဖော်ဝါရီတုန်းက ဆောင်းပါးပါ။ နောက်တပုဒ်ကတော့ သိပ်မကြာသေးပါဘူး။ The Economist မှာဖော်ပြထားတဲ့အပျော်တမ်းသမားတွေက နိုင်ငံရေးကို ကယ်ရတော့မယ် (Politicians should take citizens’ assemblies seriously.) ဆောင်းပါးပါ။

အမေရိကန်ပြည်ထောင်စုကို စတင်တည်ထောင်သူ ဂျော့ဝါရှင်တန်က နိုင်ငံရေးပါတီတွေကို “အင်အားကောင်းတဲ့ တွန်းအားအင်ဂျင်”တွေလို့ ယူဆဖူးပါတယ်။ ဒါပေမယ့် သူတို့ကို “ကောက်ကျစ်တဲ့၊ ရည်ရွယ်ချက်ကြီးတဲ့၊ စညး်ကမး်မရှိကြတဲ့လူများ”က အသုံးချသွားနိုင်တယ်လို့လည်း မြင်ခဲ့ပါတယ်။

အင်္ဂလိပ်ကဗျာဆရာ အလက်ဇန်းဒါး ပုပ် (Alexander Pope) ထင်မြင်ယူဆဖူးတာကတော့ ဒီလူတွေက လူအများရဲ့ ရူးသွပ်မှုကို လူအနည်းစုရဲ့ အကျိုးအတွက် (the madness of the many, for the gain of a few) အသုံးချကြမယ်လို့ ထင်ပါတယ်။ သူတို့ ဒီလိုတွေးကြတာ သိပ်မထူးပါထူး။ ၁၈ ရာစုကတည်းလောက်က (အမေရိကန်နဲ့ဗြိတိန်မှာ မော်ဒန် ဒီမိုကရေစီ စတင်ထွန်းကားရာခေတ်) နိုင်ငံရေးတွေးခေါ် ပညာရှင်တွေအများက နိုင်ငံရေးပါတီတွေထဲက ရွေးချယ်ရခက်၊ ရွေးချယ်စရာ နည်းလွန်းတဲ့ အခြေအနေကို ရေးခဲ့ကြဖူးပါတယ်။ ဘာဖြစ်လို့ ဒီနေ့တိုင်လည်း ဒီလိုဖြစ်နေပါသေးသလဲ၊ ဆောင်းပါးရှင်က မေးခွန်းထုတ်ထားပါတယ်။

ပထမ ဆောင်းပါးရေးသူ Anne Applebaum က ၂၀၁၉ ဖေဖော်ဝါရီလမှာ ဗြိတိန်မှာ ပါတီကြီး၂ ခုကနေ ခွဲထွက်ပြီး အုပ်စုဖွဲ့လိုက်တဲ့၊ နိုင်ငံရေးပါတီ မဖြစ်သေးတဲ့ အစုတစ်ခုအကြောင်းပြောပြပါတယ်။

အဲသည်ခွဲထွက်လာကြသူတွေမှာ လေဘာပါတီက ၈ ဦးနဲ့ ကွန်ဆာဗေးတစ် ပါတီက ၃ ဦး ပါဝင်ပါတယ်။ ဒါပေမယ့် သူတို့ သီးခြားလွတ်လပ်တဲ့အစုကို ၁၄ ရာခိုင်နှုန်းသော ပြည်သူတွေက ထောက်ခံတယ်လို့ ဆိုပါတယ်။ သူတို့နှုတ်ထွက်ကြဖို့ ဆုံးဖြတ်တာက ကြာပါပြီ။ လတ်တလောအကြောင်းကတော့ ဗြိတိန် ဥရောပသမဂ္ဂကနေ ခွဲထွက်ဖို့ဖြစ်လာတဲ့ (Brexit) ပါ။

ဘာဖြစ်လို့ ပါတီတွေက သူတို့ ခွဲထွက်လာကြပါသလဲ။ ဗြိတိန်နိုင်ငံရဲ့ ပါတီကြီး ၂ ခုက နည်းပေါင်းစုံနဲ့ အစွန်းတစ်ဖက်ဆီကို ရောက်လာကြတယ်လို့ ဆောင်းပါးရှင်က ဖော်ပြပါတယ်။ လေဘာပါတီ ခေါင်းဆောင်မှုနဲ့ အောက်ခြေထုကမက်စ်ဝါဒ အတွေးအခေါ်နဲ့ လက်ဝဲစွန်း ပိုရောက်လာပါတယ်။ အခုအစီအစဉ်ကို ပြဿနာရှိတယ်၊ ဂျူး ဆန့်ကျင်ရေး (anti-Semitic) အပါအဝင် လျှို့ဝှက်ပူးပေါင်းကြံစည်မှုလို့ မြင်တယ်။ လေဘာပါတီက နှုတ်ထွက်ခဲ့ပြီး ခေါင်းဆောင်ဟောင်းတဦးက သူ့ပါတီကို ပြန်ပုံဖော်ပြတာက “အော်ဂလီဆန်ချင်စရာ ကောင်းလောက်အောင် အင်စတိကျုရှင်းသဘောအရကို လူမျိုးရေး” ဖြစ်နေတယ်လို့ဆိုပါတယ်။ နောက်လက်တွေ့ကျသလိုလို ရှိပေမယ့် ကွန်ဆာဗေးတစ်ပါတီကတော့ အယူအဆဟောင်းကိုပဲ စွဲထားပြီး၊ လကျာ်စွန်း လူနည်းစုပါတီခေါင်းဆောင်တွေကတော့ နိုင်ငံအကျိုးထက်စာရင် ပါတီညီညွတ်ရေးကိုပဲ ပိုလို့ ဦးစားပေးနေကြတယ်လို့ ဆိုပါတယ်။ ကွန်ဆာဗေးတစ်(တိုရီ) ပါတီက ထွက်လာသူ ခေါင်းဆောင်တစ်ဦးပြောတာကတော့ “လက်ကျာ်သမားတွေ၊ ခေါင်းမာဂိုဏ်းသားတွေ၊ ဥရောပဆန့်ကျင်ရေးအုပ်စုက အခုအခါမှာ ကွန်ဆာဗေးတစ်ပါတီကို ဦးဆောင်နေကြတယ်”လို့ ပြောပါတယ်။ အဲဒီအချိန်မှာပဲ ပါတီ ၂ ခုက အဖွဲ့ဝင်တွေက အလိမ်အညာ တိုက်ခိုက်မှုတွေ၊ အစွန်းရောက်အမြင်၊ အမုန်းတရား ပွားစေတဲ့ တိုက်ခိုက်မှုတွေ အပြန်အလှန် လုပ်ကြပါတယ်။ ဒါကြောင့်ပဲ လူနည်းစုကလေးက နှုတ်ထွက်လာကြပါတယ်။

“နိုင်ငံရေးပါတီတွေဆိုတာက ဆယ်စုနှစ်များမဟုတ်၊
နှစ်ပေါင်းရာနဲ့ချီပြီး (နှစ် ၂၀၀ ကျော်) နိုင်ငံရေးအယူဝါဒ၊
မူဝါဒများနဲ့ ဖွဲ့စည်းဖွံ့ဖြိုးခဲ့ကြတာပါ။ ရွေးကောက်ပွဲ
သက်တမ်းအကြိမ်ကြိမ်လည်း ဖြတ်သန်းရှင်သန်ခဲ့ကြပါတယ်။”

အမေရိကန်နိုင်ငံလိုမှာပဲ၊ ဗြိတိန်မှာလည်းပါတီတွေက ပြည်သူတွေ ထင်မြင်ယူဆချက်တွေကို စုစည်းပေးတဲ့ တကယ့် အစစ်အမှန် အင်စတိကျုရှင်းတွေ၊ “ကျယ်ပြန့်တဲ့ လှုပ်ရှားမှု”တစ်ခုလို့ မြင်ထားကြပါတယ်။ သူတို့က လူထုတွေ၊ အလုပ်သမားသမဂ္ဂ၊ ချပ်ဘာသာရေးအုပ်စုတွေ၊ မတူခြားနားတဲ့ ကြန်အင်လက္ခဏာ (identity) တွေကို နိုင်ငံရေးအရ ပါဝင်ခွင့်ပေး၊ နားထောင်ပြီး ကိုယ်စားပြုဖို့ ကြိုးစားကြပါတယ်။

အခုလို တကယ့် အင်စတီကျုရှင်းတွေက အားနည်းလာတဲ့အခါ လူတွေက အွန်လိုင်းကအမြင်တွေကိုပဲ ယူလာကြပါတော့တယ်။ အဲဒီအပေါ် အခြေခံ တဖက်နဲ့တဖက် တိုက်ခိုက်၊ ဆဲဆို၊ အမုန်းပွားတာသာ ဖြစ်လာပါတော့တယ်။ စာရေးသူ Anne Applebaum ရေးတာကတော့ ဒီအခါမှာ ပင်မရေစီးကြောင်းထဲက နိုင်ငံရေးပါတီတွေက “ဘာအနှစ်မှ မရှိတော့တဲ့ ယာဉ်တွေ၊အာဏာရဖို့ သက်သက်သာ ဖွဲ့စည်းထားတဲ့ အဖွဲ့” ဖြစ်လာပါတော့တယ်။ သတင်းရပ်ဝန်းကိုလည်း ဒေါသနဲ့ အစွန်းရောက်တရားတွေနဲ့ ဖွဲ့စည်းထားတဲ့ အယ်ဂိုရစ်သမ် (Algorithms) များကသာ အုပ်ချုပ်စီမံသလို ဖြစ်လာတော့တယ် ဆိုပါတယ်။ ဒါကို ဒေါသထွက်နေတဲ့၊ အစွန်းရောက် လူနည်းစုက ချုပ်ကိုင်ဖို့ ကြိုးစားကြပါတော့တယ်။

မေးခွန်းရှိတာကတော့ လူနည်းစု အုပ်စုက”အလယ်ဗဟိုအုပ်စု” ဖြစ်ပါစေ။ သူတို့ကလုံလောက်တဲ့ မဲကို ဆွဲဆောင်နိုင်ပါ့မလား။ ဆွဲဆောင်နိုင်သည် ဆိုဦးတော့ “ခေတ်သစ်မော်ဒန်၊ ကိစ္စအားလုံးအတွက် စုစည်းထားတဲ့နိုင်ငံရေးပါတီ” တစ်ခုအဖြစ် အစားထိုးနိုင်ပါ့မလားဆိုတာပါပဲ။

နိုင်ငံရေးပါတီတွေဆိုတာက ဆယ်စုနှစ်များမဟုတ်၊ နှစ်ပေါင်းရာနဲ့ ချီပြီး (နှစ် ၂၀ဝ ကျော်)နိုင်ငံရေး အယူဝါဒ၊ မူဝါဒများနဲ့ ဖွဲ့စည်း ဖွံ့ဖြိုးခဲ့ကြတာပါ။ ရွေးကောက်ပွဲ သက်တမ်းအကြိမ်ကြိမ်လည်း ဖြတ်သန်းရှင်သန်ခဲ့ကြပါတယ်။ အကယ်၍ နိုင်ငံရေးအယူဝါဒတွေ၊ မူဝါဒတွေကလူအများကြိုက် မဖြစ်နိုင်တော့တဲ့အခါ၊ ဘယ်လိုဖြစ်ကြမှာပါလဲ။ အသစ်သော အဖွဲ့အစည်းများ၊ သို့မဟုတ် အွန်လိုင်းကွန်ရက်များက အစားထိုးနိုင်လေမလား။ ဘယ်လိုဖြစ်မယ်ဆိုတာ ဘယ်သူမှမခန့်မှန်းနိုင်ပါဘူး။ အခုထိတိုင်တော့ နိုင်ငံရေးကမဲမှောင်နေဆဲ၊ သိပ်ပြီး နက်နဲရှုပ်ထွေးနေဆဲလို့ စာရေးသူက ရေးထားပါတယ်။

The Economist က အပျော်တမ်းသမားတွေက နိုင်ငံရေးကို ကယ်ရတော့မယ် (Politicians should take citizens’ assemblies seriously.) (စက်တင်ဘာ ၁၉၊ ၂၀၂၀) ဆောင်းပါးမှာတော့ အလွတ်သဘောနဲ့ အုပ်စုငယ် နိုင်ငံသားစုဖွဲ့မှုများ (citizen assemblies) နဲ့ အခြားသော deliberative groups (အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှု အုပ်စုများ) က ဘယ်လိုအကျိုးရှိပုံကို ဖော်ပြထားပါတယ်။ နောက်မှပဲ ရေးပါတော့မယ်။