နိုင်သူက သဘောထားကြီးဖို့လိုသည်

0
68
Aerial view a woman using a retro typewriter

ရှေးခေတ်က အေသင်၊ စပါတာ စသော ရောမမြို့ပြနိုင်ငံများတွင် ဂလက်ဒီယေတာဟုခေါ်သော ကျွန်များမွေးကာ လူလူချင်း တိုက်ခိုက်သတ်ဖြတ်ရသည့် ကစားပွဲများ ခေတ်စားခဲ့သည်။ အဆိုပါကစားပွဲများတွင် ထူးခြားသော ဓလေ့ရှိသည်။ အောင်နိုင်သူအနေဖြင့် ဆက်မတိုက်နိုင်တော့လောက်အောင် ရှုံးနိမ့်လဲကျသွားသူကို ကြိုက်သလို စီရင်ခွင့်ရှိသော ဓလေ့ဖြစ်သည်။ အများစုသော ဂလက်ဒီယေတာများကတော့ ရှုံးနိမ့်သွားသူများကို အရှင်ထားလေ့မရှိကြ ခေါင်းဖြတ်သတ်ပစ်ပြီး ပရိသတ်ရှေ့တွင် အောင်ပွဲခံလေ့ရှိသည်။ ပရိသတ်ကလည်း ဩဘာပေးလေ့ရှိသည်။ အဆိုပါ ဂလက်ဒီယေတာများတွင် စပါတာကပ်ဟုခေါ်သော ဂလက်ဒီယေတာတစ်ဦးကတော့ တမူထူးခြားသည်။ လက်ရုံးစွမ်းရည်ဖြင့် တိုက်ပွဲကို အနိုင်တိုက်ခိုက်သော်လည်း ရှုံးနိမ့်သွားသူများကို သတ်ဖြတ်လေ့မရှိပေ။ ထို့ကြောင့် စပါတာကပ်အား ကျွန်အချင်းချင်း လေးစားချစ်ခင်ကြသည်။ သို့ဖြင့် စပါတာကပ်သည် ဂလက်ဒီယေတာများ၏ ခေါင်းဆောင်ဖြစ်လာပြီး နောက်ပိုင်းတွင် ကျွန်ခေတ်ကို ပထမဦးဆုံးတော်လှန်သော ခေါင်းဆောင်အဖြစ် သမိုင်းဝင်ခဲ့တော့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းတွင် ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်သူများ ပေါ်ထွက်လာသကဲ့သို့ ရှုံးနိမ့်သူများလည်း ပေါ်ထွက်လာသည်။ အများထင်ထားသည့်အတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည်။ နိုင်ငံရေး ပရိယာယ်ကြွယ်၀သော ဒီချုပ်သည် မိမိတို့ နိုင်ပြီဟု သိသည်နှင့် ရှုံးနိမ့်သွားသော တိုင်းရင်းသားပါတီများကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ပြန်လည်ဖိတ်ခေါ်သော ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထိုသို့ နိုင်သူက သဘောထားကြီးလိုက်မှုသည် ကြိုဆိုရမည့် နိုင်ငံရေး ဓလေ့ကောင်းတစ်ခုလည်းဖြစ်သည်။ သို့သော် စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်သတင်းတစ်ခုကမူ ဘဝင်မကျစရာ ဖြစ်ခဲ့ရသည်။

ရွေးကောက်ပွဲမတိုင်မီက ဖြစ်ပွားခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ကိုယ်စားလှယ်လောင်းများ စည်းရုံးရေးခရီးစဉ်တွင် ရွာထဲသို့ အဝင်မခံခဲ့သော ရာအိမ်မှူးတစ်ဦးကို ရွေးကောက်ပွဲအပြီးတွင် အထွေထွေအုပ်ချုပ်ရေးဥပဒေများဖြင့် ဖမ်းဆီးပြီး ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါရာအိမ်မှူးမှာ ကိုဗစ်ကူးစက်မည်ဟူသော အကြောင်းပြချက်ဖြင့် ရွာတွင်းသို့ အဝင်မခံခဲ့ခြင်းဖြစ်သည်။ သို့သော် လမ်းပိတ်ခြင်းသည် ကိုဗစ်ကာထိန်းကုမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို ချိုးဖောက်ခြင်းဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် တရားစွဲဆို ထောင်ချခဲ့သည်။ တကယ်တမ်းပြောကြကြေးဆိုလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသူများအနေဖြင့်လည်း ရွေးကောက်ပွဲမတိုင်မီက ကိုဗစ်ကာကွယ်ရေးဗဟိုကော်မတီ၏ ညွှန်ကြားချက်များကို ဖောက်ဖျက်ကာ လူစုလူဝေးလုပ်ခဲ့ခြင်းများရှိနေသည်။

သို့ဖြစ်ရာ လက်ရှိအာဏာရပါတီအနေဖြင့်ရော ရွေးကောက်ပွဲနိုင်ပါတီ အနေဖြင့်ပါ ကြည့်လျှင် အဆိုပါ လုပ်ရပ်သည် သဘောထားကြီးကြီးထားရမည့် လုပ်ရပ်ဖြစ်နေသည်။ အဆိုပါရာအိမ်မှူးသည် မည်သည့်ပါတီကို ထောက်ခံသည်ဖြစ်စေ ဥပဒေလက်တစ်လုံးခြားလုပ်သည်ဖြစ်စေ ရွေးကောက်ပွဲအောင်နိုင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းထားသည့် တိုင်းဒေသကြီးအစိုးရအနေဖြင့် သဘောထားကြီးဖို့လိုပြီး ပြစ်ဒဏ်လျှော့ပေါ့ပေးခြင်းအားဖြင့် ရေရှည်နိုင်ငံရေးအကျိုးစီးပွားကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။

အယ်ဒီတာ