နီ၊ ဝါ၊ ပြာခြင်းနဲ့ ရှမ်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စိန်ခေါ်ချက်

0
143

တလောက အိန္ဒိယ အရူနာချာပရာဒေ့ရှ် ပြည်နယ်က ဒုတိယဝန်ကြီးချုပ်ဦးဆောင်တဲ့ ပြည်နယ်အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ ဆုံဖြစ်တယ်။ သူတို့က ပူတာအိုမှာလုပ်တဲ့ ကောင်းမှုလုံစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်နဲ့ အဲမှာ အရူနာ နယ်ပရာဒေ့ရှ် အစိုးရကလှူထားတဲ့ သာသနိကဆိုင်ရာ အဆောက်ဦးတွေ ဖွင့်ပွဲအတွက်လာရင်း အပြန် ရန်ကုန်မှာ ဆုံဖြစ်တာပါ။

အိန္ဒိယဖွား တိုင်းခမ်းတီ ( ခန္တီးရှမ်း ) လူမျိုး ဖြစ်တဲ့ ပြည်နယ်ဒုတိယဝန်ကြီးချုပ်ဟာ တရုတ်နယ်စပ်နားမှာရှိတဲ့ အရှေ့မြောက်ပြည်နယ်ရဲ့ အစဉ်အဆက် မဟာရာဂျာအဆင့်ရ စော်ဘွား အနွယ်တော်တဦးလည်း ဖြစ်တယ်။ သူတို့ ကိုယ်စားလှယ်အဖွဲ့မှာ ပါလာတဲ့ ပြည်နယ်အဆင့်ဝန်ကြီးအချို့ဟာ ခန္တီးရှမ်း လူမျိုးတွေ ဖြစ်နေတာလည်း သတိထားမိတယ်။

အိန္ဒိယရဲ့ ACT East ဆိုတဲ့ ပေါ်လစီမှာ အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရေးမြှင့်တင်ရေးဆိုင်ရာ မူဝါဒထဲမှာ အပြန်အလှန် ယဉ်ကျေးမှု ဆက်နွယ်မြှင့်တင်ရေးပါတာကြောင့်လည်း လူမျိုးစုချင်းတူညီတဲ့ ကချင်ပြည်နယ်ထဲက ပူတာအိုဒေသကို စေလွှတ်ဟန်လည်းတူပါတယ်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းမြောက်ပိုင်းတို့နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ အရူနာချာ ပရာဒေ့ရှ်မှာ ခန္တီးရှမ်း ၊ ဂျင်းဖော ( ဆင်ဖို Singpho ) အပြင် လူမျိုးစု ၅၀ နီးပါးလောက် နေထိုင်တာပါ။ ခန္တီးရှမ်းအနွယ်တွေ ကတော့ လူဦးရေ ၂ သောင်းလောက်ရှိပြီး လူမျိုးစု ၅၀ လောက်ရှိနေတဲ့အတွက် ဘာသာစကားဆိုင်ရာ လူမျိုးစု ပေါ်လစီကိုတော့ သူတို့ပြည်နယ်မှာ မကျင့်သုံးဘဲ အင်္ဂလိပ်၊ ဟင်ဒီတို့ကိုပဲ ရုံးသုံးအဖြစ် သုံးတာတွေ့ရတယ်။ အိန္ဒိယရဲ့ တချို့ပြည်နယ်တွေမှာတော့ ဒေသန္တိယ ဘာသာစကားတေွကိုလည်း ရုံးသုံးအဖြစ် သုံးနိုင်တာပါ။

တောင်ဘက်က အာသံပြည်နယ်မှာလည်း သူတို့နဲ့အနွယ်ချင်း အတန်ငယ်နီးစပ်တဲ့ အဟုမ်ရှမ်းတွေရှိတယ်။ ကသည်းတွေနဲ့အတူ အတိတ်က ရှိခဲ့တဲ့ အဟုမ်ဘုရင့်နိုင်ငံတော်ဆိုင်ရာ သမိုင်းဖက်တွယ်မှုတွေ၊ လူမျိုးရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေးအရ နစ်နာတယ်ဆိုပြီး လက်နက်ကိုင် သူပုန်ထမှုတွေလည်း လုပ်ကြတယ်။

အာသံပြည်နယ်မှာတော့ Assamnese နဲ့အတူ အဟုမ် ဘာသာစကားလည်း အသုံးပြုနေကြတယ်။ ဒါပေမယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ပတ်သက်ရင် လွတ်လပ်ရေးရပြီးပြီးချင်း ပါကစ္စတန် ခွဲထွက်မှုနဲ့ ကြုံဖူးတဲ့ အိန္ဒိယက အထူးသတိထားတာတွေ့ရပြီး ခွဲထွက်ရေးတောင်းတဲ့ သူပုန်တွေနဲ့ ပဋိပက္ခတွေလည်း ရှိနေဆဲဖြစ်တာတွေ့ရတယ်။

ဒါပေမယ့် မြန်မာမှာလို တလျှောက်လုံး နှိမ်နင်းတာမျိုးမဟုတ်ဘဲ နိုင်ငံရေးအရ စေ့စပ်ဆွေးနွေးလိုက်လို့ ပြည်နယ်တွေမှာ ပြည်နယ်အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတရားစီရင်ခွင့်တို့မှာလုပ်ပိုင်ခွင့် ပိုရသွားတဲ့အတွက် လက်နက်ကိုင်လမ်းစဉ် စွန့်ခဲ့တဲ့ ပြည်နယ်တွေလည်း ရှိခဲ့တာပါ။

ဘာပဲပြောပြော ဒေသန္တာရ အဆင့်ပဲဖြစ်ဖြစ်၊ ဒေသအဆင့်ပဲဖြစ်ဖြစ် အုပ်ချုပ်ရေးအရ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ထိုက်တန်တဲ့ အစုအဖွဲ့တွေကို ဒီမိုကရေစီအရ ဖယ်ချန်ထားခံရတာမျိုးမဖြစ်အောင် အိန္ဒိယရဲ့ အဆက်ဆက်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ နိုင်ငံရေးယဉ်ကျေးမှုက အတန်အသင့် ထက်ပိုတဲ့အဆင့်ထိ စီမံခန့်ခွဲကာ ပဋိပက္ခတွေ လျော့ပါး ဖြေရှင်းနိုင်ခဲ့တာတွေ တွေ့ရမှာဖြစ်တယ်။

ပြည်နယ် ဒုဝန်ကြီးချုပ်နဲ့ ဆုံဖြစ်တဲ့ ညစာစားပွဲမှာ ထွေရာလေးပါး စကားပြောဖြစ်ရင်း မြန်မာပြည်က လူဦးရေ အချိုးအစားနဲ့ ရှမ်းလူဦးရေ အရွယ်အစားအကြောင်း စကားစပ်ဖြစ်ကြတယ်။ ဗမာက လူဦးရေ စုစုပေါင်းရဲ့ ၆၈ ရာခိုင်နှုန်း လောက် ရှိနေပြီး ရှမ်း Tai အနွယ်တွေက ၉ ရာခိုင်နှုန်းလောက်ရှိနေတဲ့အကြောင်း ဒါပေမယ့် ကွာခြားချက်က နိုင်ငံရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး တို့မှာ အိန္ဒိယလောက် Enlighten policy မြန်မာမှာ မရှိတဲ့အတွက် ပြည်ထောင်စုအဆင့်လွှတ်တော်မှာ လူမျိုးအရ ရှမ်းက ဒုတိယ အများဆုံးဖြစ်နေပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Internal) အဆင့်တောင်မရှိတဲ့အကြောင်း စာရေးသူက ပြန်ပြောဖြစ်တယ်။

အိန္ဒိယကိုကြည့်ရင်လည်း Internal Selfdetermination လောက် လက်ခံပေမယ့် ခွဲထွက်ရေး လွတ်လပ်ရေးလောက်အထိ တာသွားနိုင်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မျိုးကို သူတို့အနေနဲ့ ပါကစ္စတန် ကိစ္စပြီးနောက်ပိုင်းမှာ အထူးသတိထားနေခဲ့ပြီး တားမြစ်ထားတာပါ။ (ဥပမာ ဂျမူး ကက်ရှ်မီးယား၊ နာဂလန်း လိုကိစ္စ )

အနိမ့်ဆုံး ဒုဝန်ကြီးချုပ် Chow Na Mein နေတဲ့ ပြည်နယ်ကိုကြည့်ရင် လူမျိုးစုတွေဟာ သူတို့ရဲ့ ရပ်ရွာဒေသခရိုင် ပြည်နယ်လို အဆင့်ဆင့်အလိုက် အုပ်ချုပ်ရေးဆိုင်ရာ မဏ္ဍိုင်မှာ ပါဝင်နေကြတာတွေ့ရပါတယ်။

Radical ဖြစ်တဲ့ တခြားရှမ်းအနွယ်ဖြစ်တဲ့ အဟုမ်တွေပါနေတဲ့ ULFA ပုန်ကန်မှုမျိုး (ခွဲထွက်ရေးဆိုင်ရာ ကိုယ်ပိုင်ပြဌာန်းခွင့် တောင်းဆိုမှု External Selfdetermination) နဲ့ တခြားရှမ်းအနွယ်တွေ ဆက်စပ်မှာလည်း သတိထားတဲ့အတွက် လူဦးရေ ၂ သောင်းလောက်ပဲရှိတဲ့ ခန္တီးရှမ်းတွေ ဟာ ပြည်နယ်အဆင့်မှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တွေမှာ နေရာများများရယူနိုင်ကြသလား ( Internal Self determination အရ ) ဒါမှမဟုတ် Performance ကြောင့်နေရာရသလား စဉ်းစားစရာ ဖြစ်စေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here