နှာရည်ယိုရွဲ လှေသဘင်ပွဲ

0
135

ချမ်းအေးလှသော နှာရည်ယိုရွဲတပို့တွဲလကြီးတွင် လှေလှော်ပွဲသဘင်ကြီးဝှဲချီး ကျင်းပမည်ဆိုသောကြောင့် စဆရကရွာတစ်ရွာလုံး လှုပ်လှုပ်ရွရွရှိလျက် ဖြစ်နေကြပေသည်။

“ဘယ်မှာလုပ်မှာတဲ့လဲ၊ မြစ်ထဲမှာလား”

“အို မြစ်ထဲမှရေမရှိတာ၊ ရေရှိတဲ့ဆီသွားလုပ်မှာ နေမှာပေါ့ဗျ”

“ဟင် ရေကဘယ်မှာများရှိလို့လဲ”

“အို ဟိုတလောက ဖန်သဂျိုးတို့ဆယ်ထားကြတဲ့ရွာထိပ်က ရေကန်ကြီးမှာလုပ်မှာတဲ့ဗျ”

“နေပါဦး ဒီလောက်ကုန်းခေါင်ခေါင်ရွာမှာ စိုက်လိုက်ရ၊ ထွင်လိုက်ရနဲ့ လှေလှော်တတ်တဲ့သူကရော ရှိလို့လားဗျ”

“အိုဗျာ လက်စလက်နအတွေ့ကြုံရှိတဲ့ရွာတွေ ဆီက ခေါ်မှာပေါ့ဗျ”

“ဆုတွေကဘယ်လိုတဲ့လဲ”

“ပထမဆု အသပြာငွေတသိန်းတဲ့”

ဤသို့ဖြင့် အသပြာငွေတသိန်းကို မက်မောကြသော စဆရကတရွာလုံး အလုပ်များလျက်ရှိကြပြီ။ ရွာအနောက်ပိုင်းက ဖန်သဂျိုးတို့အုပ်စုက လှေလှော်လေ့ကျင့်ရန် ရွာဘုံလူမူ ရေးအသင်းမှ ထမင်းချက်တဲ့ယောက်မကြီးများ ငှားလာကြသည်။ ထို့နောက်ရွာထိပ်က ဘုရားအုတ်တံတိုင်းပေါ် တန်းစီထိုင်လျက်လေ့ကျင့်ကြလေရာ ဘုရားလူကြီး ဦးနိုင်စိုးနှင့်ပက်ပင်းတိုးလေတော့သည်။

“ဟာ ဘာလုပ်ကြတာတုံးကွာ”

“ကျနော်တို့ လှေလှော်ကျင့်..ကျင့်..ကြ”

ဤတွင်လှေလှော်ခြင်းဆိုသည်မှာရေထဲတွင် လေ့ကျင့်ရကြောင်း၊ ရေပြင်ကကိစ္စရပ်များအား မြေ ပြင်ပေါ်တွင် ဆဝါးနိုင်ဖို့မလွယ်ကြောင်း၊ ရေပြင် မြေပြင်ယဉ်ကျေးမှုများပွတ်တိုက်မိခြင်းတို့ဖြစ်ပေါ် လာနိုင် ကြောင်း၊ သို့ဖြစ်၍ ပကတိအရှိတရား များကိုမျက်မှောက်ပြု လက်သင့်ခံလျက် မေးခွန်း ထုတ်ခံရဖွယ်ကိစ္စရပ်များကို ရှောင်ရှားသွေဖီကာ ရည်ရွယ်ချက်ကိုစဉ်ဆက်မပြတ်ရှေ့ရှုကြပြီးလျှင် အောင်မြင်မှုရရှိသည့်တိုင်အောင် အားထုတ်ကြိုး ပန်းကြရမည်ဖြစ်ကြောင်းဖြင့် ဘုရားလူကြီးဦးနိုင်စိုးမှ ဖန်သဂျိုးတို့အားပြောဆိုဆုံးမ နည်းလမ်းပြသရလေသည်။

ရွာလယ်က မမိတင့်တို့အဖွဲ့ကျတော့တမျိုး။ ရွာထိပ်ဇရပ်ကကုတင်ကြီးပေါ်တွင် လူစုကြလျက် “အောင်မလေး ဆရာတော်ဘုရားရဲ့၊ မိတင့်တို့ကိုစိတ်ချကာအသာထားလို့ အတိတ်လှကမ္ဘာ အသာလှမ်းကာ ကြွမြန်းတော်မူပြီလားဘုရာ့” ဟု ဆိုကာ ဧရင်ကျူးနေကြသည်ကို ရွာဦးကျောင်း ဆရာတော်မှကြားသိရသဖြင့် လှေလှော်ပြိုင်ပွဲဆိုသည်မှာ ဧရင်ကျူးကြခြင်းမဟုတ်ကြောင်း၊ ရေထဲတွင်တကယ်ပြိုင်ဆိုင်လှော်ခတ်ကြခြင်းဖြစ်ကြောင်း စသဖြင့် ပြောဆိုဟောကြားဆုံးမတော်မူရလေသည်။ရေနဲ့ဝေးသောရွာသူရွာသားများပေမဟုတ်လော။

သို့ဖြင့် လှေသဘင်ပွဲကြီးနီးကပ်လာပြီ။ သူကြီး မင်းဦးစိန်ဖိုးကွန့်လည်း ဒိုင်များရွေးခြင်း၊ ရေလမ်းကြောင်း ချခြင်း၊ လှေများစစ်ဆေးခြင်း၊ တီးကြမှုတ်ကြမည့် မောင်မြင့်မောင်တို့၏”ရွာသားများ”တီး ဝိုင်းတော်ကြီးအားချဉ်းကပ်စည်းရုံးသိမ်းသွင်း ချော့မော့တာဝန်ပေးခြင်း စသဖြင့်အလုပ်များလျက်ရှိပြီ။ ဤလှေလှော်ပွဲသဘင်ကြီး စည်ကားသိုက်မြိုက် အောင်မြင်မှဖြစ်မည်။ မြို့ကလူကြီးများပါလာ ရောက်ကြမည်မဟုတ်လော။ လှေသဘင်ပွဲကြီး စည်ကားခမ်းနားလေ သူဝင်ငွေကောင်း အဲလေ သူဂုဏ်တင့်လေမဟုတ်လား။ ဒါတောင် ဒိုင်တွေ ရွေးတော့အဖုအထစ်ကလေး အနည်းငယ်ဖြစ်ရ သေးသည်။ ရွာထဲကပန်းချီဆရာကြီးဦးသိန်းထွန်းအေးက သူဒိုင်လုပ်မည်ဟု သူ့ကိုယ်သူအဆိုတင် သွင်းသည်။ သီပေါဘုရင်လက်ထက် လှေပြိုင်ပွဲများတွင် ကြီးကြပ်ရသော သတိုးသီဟဗလမင်းခေါင် ကျော်ထင်မှာ သူ့ဘိုးဘေးတစ်ဦးဖြစ်သဖြင့်သူ့အနေ နှင့် လှေပြိုင်ပွဲဒိုင်အဖြစ် လုပ်ကိုင်လိုပါကြောင်း အဆိုတင်သွင်းရာ “ရေရောကူးတတ်ရဲ့လား”ဟု သူကြီးမင်းကမေးမှ ရေမကူးတတ်ပါကြောင်း ဝန်ခံရင်း နောက်ဆုတ်သွားလေသည်။ယခုဆိုလျင် လှေသဘင်ပွဲကြီးဆင်ရင်ကျင်းပပြုလုပ်ရန်အဆင် သင့်ဖြစ်နေပေပြီ။

ဖန်သဂျိုးတို့ လှေလှော်လေ့ကျင့်ရေးအုပ်စုတွင်တော့ ပြဿနာအနည်းငယ်ရှိနေသည်။ ဇာတ်လမ်းက သူကြီးမင်း၏တူ မောင်မောင်ချက်က စသည်။ မဇ္ဈိမပြည်ကြီးတွင် ပြင်းထန်သောရောဂါ တမျိုးဖြစ်ပေါ်နေကြောင်း၊ ဗိုင်းရပ်မှတဆင့် ကူးစက်နိုင်ကြောင်း၊အသက်ကိုပင်အလွယ်တကူ နုတ်ယူသွားနိုင်သည့် ကြောက်မက်ဖွယ်ကူးစက် ရောဂါကြီးဖြစ်ပါကြောင်း၊ နိုင်ငံအချို့သို့ ကူးစက် ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ သေဆုံးသူအရေ အတွက်လည်း များများလာပါကြောင်း၊ ကမ္ဘာ့ကစောင့်ကြည့်နေရသည့်ကပ်ရောဂါသဖွယ် ဖြစ်လာနိုင်ကြောင်း စသဖြင့် မောင်မောင်ချက်မှ ပြောဆိုရှင်းပြလျက်ရှိသည်။

“ဟုတ်ပါ့မလားကိုမောင်ချက်ရာ”

“ဂေဇက်သတင်းထောက်ချုပ်မှူးကြီး ဦးသေတ္တာ ပြောပြတာပဲကွာ၊ စဉ်းစားကြည့်ပေါ့”

ယုံကြရပြီလေ။ ဦးသေတ္တာဆိုတာ သည်နယ်တခွင်တော့ သူကြီးလောက်နီးနီးသြဇာရှိသူ မဟုတ်လား။

“ခုမင်းတို့လှော်မယ့် လှေတွေ၊ လှော်တက်တွေဟာ မဇ္ဈိမတိုင်းကဝယ်ထားတာတွေကွ”

“ဟာ ရောဂါကူးနိုင်တာပေါ့”

“ဒါပေါ့ကွ၊ ဒီလိုအချိန်ဟာ လူစုလူဝေးကိုရှောင်ရမယ်၊ လက်ခဏခဏဆေးရမယ်၊ ကိုယ်ခံအား ကောင်းအောင်နေရမတဲ့ကွ”

ဤသို့ဖြင့် ဤသတင်းမှာ ဦးဖိုးတော ထန်းရေ ဆိုင်အစ၊ ဒေါ်ဂွက်မအကြော်ဖိုအလယ်၊ မမိဆယ် လယ်တဲအဆုံး အားလုံးပြန့်နှံ့သွားလေတော့သည်။

နှာရည်ယိုရွဲတပို့တွဲလ၏ မဟာလှေလှော်ပြိုင်ပွဲသဘင်ကြီး ဝှဲချီးကျင်းပမည့်နေ့သို့ရောက်လာပြီ။ အသံချဲ့စက်က လှေလှော်သီချင်းသံများလည်း ပျံ့လွင့်နေသည်။

“လောင်းလှေလှော်လေ့ မောင်ကြီးရေ”

“လှော်သလေ့လေ့၊ လှော်သလေ့လေ့”

သူကြီးမင်းဦးစိန်ဖိုးကွန့်ကြွလာပြီ။

“ဟင် မောင်မြင့်မောင်တို့တီးဝိုင်းက ဘယ့်နှယ် ဖြစ်ကြ”

ဟုတ်သည်။ “ရွာသားများ”တီးဝိုင်းတော်ကြီး တစ်ဖွဲ့လုံးမှာ စင်ပေါ်တွင် ပလတ်စတစ်အကြည် စကြီး အုပ်ခြုံထားကြလျက်တီးနေကြရာ ဘာသံမှ မကြားရပေ။

“ဟာ လှေလှော်ပြိုင်မယ့်အဖွဲ့တွေ ဘယ်လို ဖြစ်ဖြစ်”

ကြည့်လော့စာရှုသူ။ မိုးကာအကျီများဝတ်၊ လက်အိတ်များစွပ် မျက်မှန်မည်းကြီးတပ်လျက် နှာခေါင်းစည်းများစီးကာ မိုးစီးတွတ်ပီဖိနပ် ကိုယ်စီနှင့် လှေလှော်သားများမဟုတ်လော။

“ဟာ ဘယ်လိုဖြစ်ကုန်ကြ”

“မှန်ပါ ရောဂါပိုးကူးစက်ခံရမှာစိုးလို့တဲ့ဘုရာ့”

“ဘာ…ဘာရောဂါ”

“ကိုကာကိုလာ ဆိုလား၊ကိုရိုနာဆိုလား၊ တိုယို တာဆိုလားဘုရား”

“ဘာ ဘယ်သူကပြောပြော”

“သူကြီးမင်းတူ မောင်မောင်ချက်ပါ”

“တယ် ဒီကောင်”

ဤသို့ဖြင့် ထိုနေ့ကလှေသဘင်ပွဲကြီးမှာ လှော်မရ၊ ပြုမရ၊ လူကလည်း မလာရဲကြသဖြင့် မစည်ကား တီးဝိုင်းနဲ့ လှေလှော်သား၊ သူကြီးမင်းကတပါးတည်းနှင့် မြို့ကလူကြီးများ စိတ်ပျက်သွားကြရှာ သည်ဟူလေသည်။

နှာရည်ယိုရွဲတပို့တွဲ၏တစ်ခုသောလှေပွဲသဘင် တော်ကြီးအကြောင်းပါပေ။

ကာလံဒေသံအဂ္ဂံဓနံ၊

သဗ္ဗေသတ္တာကမ္မနှစ်ရွာ

LEAVE A REPLY

Please enter your comment!
Please enter your name here