ပင်စိမ်းနက်နဲ့ ကျန်းမာရေး

0
135

နေပြည်တော် ပရဆေးဥယျာဉ်ထဲရောက်တော့ ပင်စိမ်းနက်အပင်လေးတွေတွေ့လို့ မှတ်တမ်းတင်ဖြစ်တယ်။ အရင်ကလည်း တင်ခဲ့ဖူးပါတယ်။ တချို့ကလည်း ဒီအပင်ကို ကုလားပင်စိမ်းလို့ ခေါ်ကြတယ်။ အရောင်က အစိမ်းရောင်မဟုတ်ဘဲ မဲမဲညိုညိုဆိုတော့ အမည်နဲ့ လိုက်ဖက်လှတယ်။ ဒီအပင်လေးတွေက သဘာဝအရိုင်းအနေနဲ့ တွေ့ရခဲတယ်။ အများစုကတော့ အခုလို တခုတ်တရ စိုက်ထားကြတာများပါတယ်။ သူတို့ပေါက်ရင်လည်း အစုအဝေးလိုက် ပေါက်ကြတာများတယ်။ ဟင်းချက်စရာထဲ ထည့်ချက်စားသော ပင်စိမ်းနဲ့ မျိုးစိတ် Species မတူပါဘူး။

ပင်စိမ်းနက်ဆိုတာ

ပင်စိမ်းနက်ခေါ် ကုလားပင်စိမ်းဟာ ပင်စိမ်းပင်နဲ့ ပုံစံတူပါတယ်။ ဒါပေမဲ့ အရွက်အကိုင်းတွေကအစိမ်းရောင် ဒါပေမဲ့ တခါတရံ နီညိုရောင်သန်းပါတယ်။

ဒီအပင်ကို မြင်ဖူးကြသူ များမှာပါ။ ဒါပေမဲ့သူ့အကြောင်း ထဲထဲဝင်ဝင်သိသူ နည်းလှတယ်။ ပင်စိမ်းနက်ကို ဘာသာရေးအတွက်သာမက ဆေးဝါးအနေနဲ့ စိုက်ပျိုးကြပါတယ်။ လူမျိုးစုတွေဟာ အပင်ကိုကိုးကွယ်မှုကနေ အသက်ရှည်ခြင်းကို ရနိုင်တယ်လို့ယုံကြည်ကြတယ်။

Taxonomic descriptions

တစ်နှစ်ခံပင်မျိုးဖြစ်ပြီး တစ်ခါတရံ လူတရပ်နီးပါး ရှိတတ်တယ်။ ပင်စည်တွေက နီညိုရောင်သန်းပြီး လေးထောင့်ဆန်ဆန် ရှိကြတယ်။ အရမ်းလည်း ကိုင်းဖြာကြတယ်။ တစ်ပင်လုံး ဂလင်းအမွှေးတွေရှိပြီး ရနံ့ပြင်းပါတယ်။ အရွက်တွေက ရွက်ဆိုင်ထွက်ပြီးရွက်နားက Serrate ပုံ ရှိကြတယ်။ ပန်းခိုင်ကထိပ်ထွက် Terminal Verticillaster ပန်းခိုင် ဖြစ်တယ်။ ပန်းလေးတွေက ပန်းရောင်ဖြစ်တယ်။ လိင်စုံနှစ်ခြမ်းညီ အထက်တည်မပွင့် ဖြစ်တယ်။ ပွင့်ခံရွက် Bracts က နီညိုရောင်ဖြစ်ကာ ဘဲဥပုံစံ ရှိတယ်။ ပွင့်ဖတ်အုံ Calyx မှာ ပွင့်ဖတ် ၅ ခုပါပြီး ပြွန်ကဖောင်းနေတယ်။ Corolla က ပန်းရောင် Bilabiate ဖြစ်ကာ အဝိုက် ၅ ခု ပါတယ်။ ဝတ်ဆံဖို ၄ ခုပါတယ်။ အရွယ်မညီ Didynamous ဖြစ်တယ်။ Style က အောက်ခြေထွက် Gynobasic ဖြစ်တယ်။ အသီးက Nutlet ဖြစ်ပြီး အစေ့လေးစေ့ ပါပါတယ်။

“တစ်နှစ်ခံပင်မျိုးဖြစ်ပြီး
တစ်ခါတရံ လူတရပ်နီးပါး
ရှိတတ်တယ်။
ပင်စည်တွေက
နီညိုရောင်သန်းပြီး
လေးထောင့်ဆန်ဆန်
ရှိကြတယ်။ အရမ်းလည်း
ကိုင်းဖြာကြတယ်။ တစ်ပင်လုံး
ဂလင်းအမွှေးတွေရှိပြီး
ရနံ့ပြင်းပါတယ်”

အရှင်နာဂသိန်ဆေးကျမ်းထဲမှာ

ပင်စိမ်းနက်ရဲ့ ဂုဏ်နှင့်စွမ်းရည်ကို အခုလို ဖော်ပြထားပါတယ်။ အပင်သည် ခါး၏၊ စပ်၏၊ ပူ၏၊ ဝိပါကစပ်၏၊ ဝမ်းမီးတောက်၏၊ နှလုံးကိုအကျိုးပြု၏၊ နူနာဆီးအောင့်၊ သွေးဖောက်ပြန်ခြင်း၊ခြေသလုံးနာကျင်ခြင်း၊ ပန်းနာရင်ကြပ်၊ ချောင်းဆိုးချေဆပ်၍မွန်ခြင်း၊ ပိုးရောဂါ၊ အော့အန်ခြင်း၊အနံ့မကောင်းခြင်းနှင့် နံဘေးအောင့်ခြင်းရောဂါတို့ကို ပျောက်ကင်းစေတယ်လို့ ဆိုထားပါတယ်။

အိန္ဒိယရိုးရာမှာတော့ ဒီအပင်ကို တူလ်ဆီ Tulsi လို့ခေါ်ကြပြီး အလွန်ထင်ရှားလှတယ်။ နောက်ပြီး ဒီအပင်ဟာ ဘာသာရေးအရ ကိုးကွယ်ခြင်းနှင့်ဆိုင်သော အပင်တစ်ပင် ဖြစ်လို့နေပါတယ်။ နတ်ဘုရားမတစ်ဦးကဲ့သို့ မှတ်ယူကာ ဝတ်ပြုကိုးကွယ်ခံရသော အပင်လည်း ဖြစ်တယ်။ ဒါတင်မက အာယုဗေဒ ဆေးဝါးတစ်ခုကဲ့သို့လည်း အသုံးပြုကြသောအပင်ဖြစ်တယ်။ Tulsi အပင်တစ်ပင်လုံးဟာ အိမ်မှာစိုက်ထားရင် အိမ်သုံးဆေးဝါးပင်တစ်ပင်လိုလည်း အသုံးပြုနိုင်တယ်။

Tulsi အရွက်တွေကို “Tea” လက်ဖက်ရည်လိုသောက်နိုင်တယ်။ လက်ဖက်ရည်အတော်များများမှ ာအဓိက ပါဝင်ပစ္စည်းအနေနဲ့ Tea Company တွေမှာ သုံးကြတယ်။ အအေးမိ၊ ချောင်းဆိုး၊ အဖျားဝင်ရင် Tulsi Tea သောက်ခြင်းဖြင့် သက်သာစေတယ်။

ငှက်ဖျားရောဂါ၊ Miyadi Fever၊ အအေးမိ၊ ချောင်းဆိုးနေရင် Tulsi အရွက်ကြိတ်ရေ၊ Adrak (Ginger) Juice ဂျင်း၊ Kali Mirch (Peppercorns) ငြုတ်ကောင်းစေ့ သုံးမျိုးအရောက ရောဂါများကို သက်သာပျောက်ကင်းစေတယ်။ သုံးမျိုးအရောကို ပျားရည်နဲ့ရောပြီး လျှာနဲ့လျက်ရင်လည်း ရောဂါတွေ သိသိသာ သက်သာစေတယ်။ အရွက်ပြုတ်ရည်ကို Black Salt နဲ့ရောကာသုံးရင် အဖျားဝင်၊ ချောင်းဆိုး၊ အအေးမိတာတွေ သက်သာစေတယ်။

Vomiting အော့အန်နေရင် Tulsi အရွက်က အကောင်းဆုံးဆေး ဖြစ်ပါတယ်။ ပင်စိမ်းနက်အရွက်ကြိတ်ထားသောအနှစ်၊ ပူဒီနာ၊ စမုံနက်အစေ့အရောကို သောက်ရင် အော့အန်ခြင်းကိုချက်ချင်းသက်သာစေပါတယ်။

ကလေးငယ်တွေမှာ ဖြစ်တတ်သော သန်ရောဂါအတွက် အရွက်ရဲ့ Juice နဲ့ သကာရည်ကို ရောပြီးစားရင် သက်သာစေတယ်။

ဆီးချိုရောဂါအတွက် ဒီအပင်ရဲ့အရွက် ၁၀ ရွက်နဲ့ Gudmar အပင်ရဲ့ ( Gymnema Sylvestre) အရွက် ၁၀ ရွက် အရောကို မနက်တိုင်း ရေနဲ့သောက်ရင် သက်သာစေတယ်။ နေ့စဉ်အရွက် ၄ ရွက် ၅ ရွက် စားစေခြင်းဖြင့် နှလုံးရောဂါကို သက်သာပျောက်စေတယ်လို့ သိရပါတယ်။

ကဲဘယ်လောက်များ ဆေးဖက်ဝင်လိုက်ပါသလဲ။ ဒီအပင်တစ်ပင်ကို စိုက်ထားရင် ရမည့်အကျိုးအမြတ်က မနည်းပါဘူး။ စိုက်ရပျိုးရတာလည်း အလွန်လွယ်ပါတယ်။ သဘာဝဆေးဖက်ဝင် ကုလားပင်စိမ်းလေးအကြောင်းကို မျှဝေလိုက်ပါတယ်။ အိမ်မှာ စိုက်ထားသင့်သော သဘာဝတိုင်းရင်းဆေးပင်တစ်ပင်ပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here