ပညာတော်လှန်ရေးမုန်တိုင်း

0
41

မင်းသေ့ ရေးသည်။

ကွန်ဖြူးရှပ်က ပြောခဲ့ဖူးတယ်။ “ငါဟာ အရာရာမှာ အသိပညာရှိသူအဖြစ် မွေးဖွားလာတာမဟုတ်ဘူး။ ဒါဟာ ငါရှေးခေတ်စာအုပ်စာပေတွေကို နှစ်နှစ်ခြိုက်ခြိုက်လေ့လာပြီး အဲဒီစာအုပ်စာပေများကို တက်ကြွတဲ့စိတ်နဲ့ အပင်ပန်းခံပြီး နားလည်အောင်လုပ်ခဲ့ရတယ်” ဒီအဆိုအမိန့်ဟာ ကျွန်တော်ဆယ်ကျော်သက်ဘဝကတည်းက ခေါင်းထဲစွဲလာတယ်။

ကွန်ဖြူးရှပ်က ပြောတယ်။ “ငါဟာ အရာရာမှာ အသိပညာရှိသူအဖြစ် မွေးဖွားလာတာမဟုတ်ဘူး”တဲ့။ မွေးဖွားခြင်းမှာ ပါရမီဆိုတာကို မမြင်နိုင်ပါ။ ဘယ်လိုပဲ ပညာပါရမီရင့်သန်ခဲ့တယ်ပြောပြော၊ လက်တွေ့ဘဝမှာ အသိပညာရဖို့ လုံ့လမထုတ်ဘူးဆိုရင် အသိပညာရှိသူဖြစ်လာမှာ မဟုတ်ဘူး။ ပညာဆိုတာကို သင်ယူရမှာ ဖြတ်လမ်းဆိုတာမရှိဘူး။ ပညာအခင်းအကျင်းကောင်းကောင်းရရင် ပညာပိုရနိုင်တယ်။ ဒါပေမယ့် ရေခံမြေခံ တူမျှနေရင်တောင် လုံ့လစိုက်မှု၊ ဝီရိယထုတ်မှု၊ ဆန္ဒထက်သန်မှုကွာဟရင် ပညာရနိုင်မှု ကွာနိုင်ပါတယ်။ ပညာဆိုတာ ဖြတ်လမ်းက ယူလို့ရတဲ့အရာ မဟုတ်ဘူး။ ပညာဟာ နို့သက်ခံပြီး မှီခိုလိုက်နေရမှာလည်း မဟုတ်ဘူး။ အသိပညာရချင်ရင်အပင်ပန်းခံပြီး ဆည်းပူးရမယ်။ အသိပညာရှိခြင်းဟာ လုံ့လဝီရိယမပါဘဲ အလိုလိုဖြစ်လာတာ မဟုတ်ဘူး။

ကွန်ဖြူးရှပ်ရဲ့ အဆိုအမိန့်ဟာ ကျွန်တော့်တက္ကသိုလ်ကျောင်းသားဘဝရဲ့ တွန်းအားတစ်ခုလည်း ဖြစ်ခဲ့တယ်။ ကျွန်တော်ဟာ စာအုပ်တွေထဲ ခေါင်းတိုးပြီးတော့ အသိပညာအတွက် အိပ်မက်တွေ မက်ခဲ့ဖူးတယ်။ အခုလို နွေညတွေ။ ကျွန်တော် မှတ်မိသေးတယ်။ ပူစပ်လောင်စပ်ညတွေမှာ အခန်းကျဉ်းလေးထဲ၊ ဖယောင်းတိုင်မီးထွန်းပြီး လက်လှမ်းမီသမျှ စာအုပ်တွေကို ကျွန်တော်ရှာဖတ်ခဲ့တယ်။ စာအုပ်မဝယ်နိုင်တဲ့အခါ၊ ရှိထားတဲ့စာအုပ်တွေကို အခေါက်ခေါက်အခါခါ၊ အပြန်ပြန်အလှန်လှန်ဖတ်ခဲ့တယ်။ တချို့စာအုပ်တွေကိုဒီလိုပုံစံမျိုးနဲ့ ကြေကြေညက်ညက်ဝါးမြိုနိုင်ခဲ့တယ်။

တချို့စာအုပ်တွေကို ကျွန်တော်ဖတ်တဲ့အခါ ကျွန်တော် နားမလည်ခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်ဆက်ဖတ်တယ်။ နောက်တော့ ကျွန်တော်ဖတ်ရင်း နားလည်လာတယ်။ ဒီစာအုပ်ကို နားလည်ဖို့၊ရှေ့မှာ စာအုပ်ပေါင်း လေး၊ ငါး ဆယ်အုပ်ကို အကြေအလည်နားလည်ထားပြီးမှ ဒီစာအုပ်ကို ကိုင်နိုင်လိမ့်မယ်ဆိုတာ။ စာအုပ်တွေဟာ ကျွန်တော်ကိုခြောက်ခြားစရာ အိပ်မက်တွေ မက်စေခဲ့တယ်။ မိုက်ရူးရဲတိုးဝင်ဖို့၊ နယ်ပယ်တစ်ခုခုမှာ ရူးသွပ်ဖို့ ဖိုထိုးပေးခဲ့တယ်။ ကျွန်တော့်မှာ ပြင်းပြသော ရူးသွပ်မှုတွေကို နှစ်ပေါင်းများစွာ မွေးဖွားလာနိုင်ခဲ့တယ်။

စာဖတ်တဲ့အခါမှာ နားမလည်တာတွေ ကြုံရတယ်။ ဒါပေမယ့် အပင်ပန်းခံဖတ်တာကို မလုပ်ရင် လူဟာ အပျော်ဖတ်စာပေအဆင့်မှာပဲ ရပ်နေလိမ့်မယ်။ လူတစ်ယောက်ဟာ စိတ်ပျော်ဖို့ စာဖတ်ရမှာ ဖတ်ချင်တဲ့နည်းနဲ့ ကြိုက်သလိုဖတ်ခွင့်ရှိတယ်။ ဒါပေမယ့် နယ်ပယ်တစ်ခုခုမှာ ထူးထူးချွန်ချွန်၊ ပေါက်ပေါက်မြောက်မြောက်နဲ့ လောက်လောက်လားလား တစ်ဖက်ကမ်းခတ် တတ်သိချင်တယ်ဆိုရင်တော့ အပျော်ဖတ် အဆင့်နဲ့ မရဘူး။ အပျော်ဖတ် ဝါသနာအဆင့်နဲ့ မရဘူး။ သူများတကာတို့နားမလည်နိုင်တဲ့ အကြောင်းအရာတွေကို အပင်ပန်းခံ လေ့လာဖတ်ရှုရမယ်။ လူသာမန်တို့ နားလည်ဖို့ခက်တဲ့ အကြောင်းအရာတွေကို နာရီပေါင်းများစွာ စိတ်အလုပ်ပေးပြီး ဝီရိယထုတ် စွဲမြဲစွာ လေ့လာရမယ်။ ဒီလိုမှ မဟုတ်ရင် စာအုပ်စာပေကနေတစ်ဆင့် မြင့်မားတဲ့အသိဉာဏ်ကို မရနိုင်ဘူး။ နက်နဲတဲ့ပညာကို မရနိုင်ဘူး။

မြန်မာစကားပုံ တစ်ခုရှိတယ်။ “ရခဲမှ ရတနာ၊ သိခဲမှ ပညာ”တဲ့။

လူတကာတို့ သိနားလည်နေတာကို ကိုယ်က သိနားလည်နေတာဟာ တကယ့်ပညာ မဟုတ်သေးဘူး။ သူများတကာလည်း မြင်နိုင်တဲ့အရာကို ကိုယ်လည်းမြင်နိုင်တာ အမြင်အာရုံစူးရှတာ မဟုတ်ဘူး။ သူများတကာ မသိနားမလည်တာကို သိနားလည်မှပညာဖြစ်တယ်။ ဗဟုသုတဆိုတာ ဒီခေတ်မှာ လွယ်တယ်။ အသိဉာဏ်ကတော့ ခက်တယ်။ ပညာကတော့ပိုခက်တယ်။

ဉာဏ်ဆိုတာက “အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားသိတာ”ဖြစ်တယ်။ ပညာဆိုတာကတော့ “အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်တာ” ဖြစ်တယ်။ ဉာဏ်နဲ့ ပညာဟာ တူသလိုလိုနဲ့ မတူဘူး။ ပညာဆိုတာ သိနားလည်တဲ့အဆင့်မှာ ရပ်နေတာမဟုတ်ဘူး။ လက်တွေ့လုပ်နိုင်တာကို ခေါ်တာဖြစ်တယ်။ လက်တွေ့ကျင့်သုံးနိုင်တာကို ခေါ်တယ်။ လက်တွေ့ကျင့်ကြံနိုင်တာကို ခေါ်တယ်။ သိတဲ့အဆင့်နဲ့ လုပ်နိုင်တဲ့အဆင့်မတူပါဘူး။

လူတွေဟာ စာအုပ်စာပေအပေါ် ခုံမင်ဖို့ ခက်တယ်။ ဒီခေတ်မှာ အာရုံများစရာတွေ သိပ်များတယ်။ နေ့စဉ်လိုလို ကိုယ့်နံဘေးက အရာတွေက ကိုယ့်အာရုံကို လွှမ်းမိုးထားတယ်။ ချုပ်ကိုင်ထားတယ်။ ကိုယ့်ဘဝကို ကိုယ့်နံဘေးက အာရုံတွေကပဲ ချုပ်ကိုင်ထားတယ်။ ကိုယ့်ပတ်ဝန်းကျင်က အာရုံတွေရဲ့သဘောကို နားမလည်ရင်၊ အာရုံတွေရဲ့ ပြုစားခြင်းကို ခံရတယ်။ အာရုံတွေရဲ့မြူဆွယ်မှုနောက်ကို လိုက်နေပြီး၊ လူဟာ အသိဉာဏ်ရဲ့ ဘယ်အဆင့်အတန်းကိုမှ ပေါက်ရောက်မှာ မဟုတ်ဘူး။ ကိုယ့်နံဘေးက အာရုံတွေရဲ့သဘာဝကို ကောင်းကောင်း နားလည်သင့်တယ်။ နားလည်ရမယ်။

စာအုပ်စာပေအပေါ် ဝါသနာထုံတဲ့သူ တစ်ယောက်ဖြစ်ဖို့ ခက်တယ်။ သာမန်လူတစ်ယောက်ဟာ စာအုပ်စာပေဖတ်ရှုမှုအပေါ် အရူးအမူးခုံမင်တဲ့သူ တစ်ယောက်ဖြစ်ဖို့ မလွယ်ပါဘူး။ ဒီအယူအဆနဲ့ ပတ်သက်ပြီး ကွန်ဖြူးရှပ်ပြောခဲ့ဖူးတဲ့ အဆိုအမိန့်တစ်ခုရှိတယ်။ “ရွာငယ်ဇနပုဒ်တစ်ခုမှာ မိသားစုဆယ်ခုသာရှိတယ်။ တာဝန်သိတတ်တဲ့၊ ယုံကြည်ထိုက်တဲ့လူကိုတွေ့ဖို့ မခက်ခဲပါဘူး။ ဒါပေမယ့် စာပေလေ့လာသင်ကြားဖို့ နှစ်သက်တဲ့သူမျိုးတော့ တွေ့နိုင်မှာ မဟုတ်ဘူး”တဲ့။

ဒါဟာ ဘာကိုပြသလဲ။ တောရွာဇနပုဒ်တစ်ခုကိုသွားရင် ယုံကြည်ထိုက်တဲ့သူ၊ ရိုးသားတဲ့သူကို တွေ့ဖို့မခက်ခဲဘူး။ ဒါပေမယ့် စာအုပ်စာပေကိုလေ့လာဖတ်ရှုဖို့ နှစ်သက်တဲ့သူမျိုးတော့ တွေ့နိုင်ဖို့ ခဲယဉ်းတယ်လို့ ပြောတာ။ ဒီခေတ်မှာလည်း ဒီသဘောပါ။ ရွာတစ်ရွာမှာ ဖြစ်ဖြစ်၊ မြို့တစ်မြို့မှာ ဖြစ်ဖြစ် စာအုပ်စာပေကို ရူးရူးသွပ်သွပ်နဲ့ ခုံခုံမင်မင်ရှိပြီး အစဉ်တစိုက်လေ့လာလိုက်စားနေတဲ့သူက ရှားလိမ့်မယ်။

ဒီခေတ်မှာ ဆက်သွယ်ရေးတွေ ခေတ်မီလာလို့၊ လူတွေဟာ ယခင်ကထက် ပိုပြီးစားနိုင်သောက်နိုင်လာလို့၊ လူတော်တော်များများမှာလည်း ဝင်ငွေပိုလျှံလာလို့ စာအုပ်တွေကို ပိုပြီးဝယ်စုနိုင်တဲ့သူ များလာပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလို စာအုပ်တွေကို ချစ်မြတ်နိုးစွာ ဝယ်ယူသူတွေထဲကတောင် စာအုပ်ကို အစဉ်တစိုက်ရူးသွပ်စွာသဲကြီးမဲကြီး အငမ်းမရ ဖတ်ရှုလေ့လာနေသူကတော့ အတော်ရှားပါလိမ့်မယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ စာဖတ်သူများလာဖို့ လိုတယ်။ စာဖတ်သူများလာရုံနဲ့ မရသေးဘူး။ စာကို အရည်အသွေးအခြေပြု ဖတ်လာနိုင်တဲ့ လူတန်းစားဖြစ်ထွန်းဖို့ လိုတယ်။

စာအုပ်စာပေကို ဝယ်ယူစုဆောင်း လာတာဟာ အဆင်တန်ဆာ အဆင့်ထက် ပိုသင့်တယ်။ ပကာသနတစ်ခုထက် ပိုသင့်တယ်။ စာအုပ်ကို ခုံခုံမင်မင်အငမ်းမရ တကယ်ဖတ်တဲ့သူကတော့စာအုပ်ကို ရှေ့ထားပြီး Show မထုတ်နေဘူးလို့ထင်တယ်။ စာကို တကယ်ဖတ်တဲ့သူတွေ များလာမှကောင်းမယ်။ စာအုပ်စာပေပေါ် အခြေပြုပြီး တိုင်းပြည်မှာ အသိဉာဏ်အရည်အသွေးကိုမြင့်အောင်လုပ်ဖို့ လိုတယ်။

တကယ်တော့ စာပေဆိုတာ ပညာရေးရဲ့ခက်မတစ်ခု ဖြစ်ပါတယ်။ စာပေနဲ့တက္ကသိုလ်ပညာရေး၊ ကျောင်းတွေကနေ မပေးနိုင်တဲ့ အသိဉာဏ်တွေကိုပေးနိုင်တယ်။ တက္ကသိုလ်နဲ့ စာပေဟာရန်ဖက် မဟုတ်ဘူး။ မိတ်ဖက်ဖြစ်တယ်။ ကျောင်းနဲ့စာပေဟာ ရန်သူမဟုတ်ဘူး။ မိတ်ဆွေဖြစ်တယ်။ လက်ရှိ မြန်မာပြည်က မိဘဆရာတွေကို ကြည့်လိုက်ပါ။

ကိုယ့်ရဲ့ တပည့်သားမြေးတွေထဲမှာစာအုပ်စာပေကို ခုံခုံမင်မင် ရူးရူးသွပ်သွပ် ဖတ်နေသူတွေ့ရင် လိုလိုလားလား အားပေးအားမြှောက်လုပ်သူထက်၊ ကဖျက်ယဖျက်လုပ်တဲ့ မိဘဆရာက ပိုများပါတယ်။ဆရာတွေရဲ့ အသိဉာဏ်အဆင့်အတန်းကို မမြှင့်ရင် ပညာရေးအရည်အသွေးကို မမြှင့်နိုင်ဘူး။ မိဘတွေရဲ့ အသိဉာဏ် အဆင့်အတန်း နိမ့်နေရင် နိုင်ငံတော်က ပညာရေးစနစ်ကို ဘယ်လောက်မြှင့်မြှင့် မြှင့်လို့ မရပါဘူး။

မြန်မာပြည်က မိဘဆရာတွေဟာ ကျောင်းမှာ အဆင့်ကောင်းကောင်းရဖို့နဲ့ တကယ်အသိတရားရှိဖို့ ဆိုတာကို ကွဲကွဲပြားပြား နားမလည်ဘူး။ ခွဲခွဲခြားခြားမသိဘူး။ အသိဉာဏ် နုပ်နည်းလွန်းတဲ့ ဆရာ၊ မိဘတွေ မြန်မာပြည်မှာအများကြီး ကြွင်းကျန်ရစ်နေသေးတယ်။ ဒါတွေကို အသိဉာဏ်တော်လှန်ရေးလှိုင်းလုံးနဲ့ တိုက်စားပစ်ရမယ်။ ပညာတော်လှန်ရေးမုန်တိုင်းနဲ့ တိုက်စားပစ်ရမယ်။

စာအုပ်စာပေ ဖတ်ရှုမှုမှာ မိဘဆရာတွေရဲ့ အားပေးအားမြှောက်မှုမရရင်တောင်၊ စာဖတ်ပေဖတ် လူငယ်သားသမီးတွေရဲ့ ဝါသနာဗီဇကို ကဖျက်ယဖျက် မလုပ်သင့်ပါဘူး။ အသာတကြည်လိုက်လျော စောင့်ကြည့်ထိန်းကျောင်းပေးသင့်ပါတယ်။ စာအုပ်စာပေအပေါ်မှာ အချိန်တိုင်း ရူးသွပ်ဖို့ ဆိုတာတော်ရုံပါရမီနဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။ ဘဝဘဝက အထုံအလေ့အကျင့်မများခဲ့ရင် ပေါ့ပျက်ပျက်နဲ့ လတ်လျားလတ်လျားနဲ့ နေ့စဉ်ဘဝဟာ ဖင်လှည့်ခေါင်းလှည့်နဲ့ အလိုလို ကုန်ခမ်းသွားမှာဖြစ်တယ်။