ပရန္နဝါ ရွက်နုညှာကို

0
87

မုန်းကို ရေးသည်။

ပရန္နဝါရွက်နုညှာကို ဝါးပြာထည့်ကျို အိုးနားတိုနှင့် ဟူသော ကဗျာကလေးကို ကျွန် တော်တို့အားလုံး သင်ခဲ့ဖူး၊ ကြားခဲ့ဖူးကြသည်။ အဆိုပါ ကဗျာထဲမှ ပရန္နဝါရွက်အ ကြောင်းကိုတော့ သိသူနညး်သည်။ ထို့ကြောင့် ယခုအပတ်တွင် ပရန္နဝါရွက်အကြောင်း ရှာဖွေဖောက်သည်ချလိုက်ရပါသည်။

ပရန္နဝါသည် မြေတွင် ဖြန့်ပေါက်သော နွယ်ပင်မျိုးဖြစ်သည်။ အပွင့်ကိုလိုက်၍ အပင်သုံးမျိုး ခွဲခြားကြသည်။ အဖြူ၊ အနီ၊ အညိုဖြစ်၍ အားလုံးဆေးဖက်ဝင်သည်။

မြန်မာနိုင်ငံ မြေပြန့်အနှံ့အပြားတွင် သဘာဝအလျောက် အလေ့ကျပေါက်သောအပင် ဖြစ်သည်။

ဥတုဘောဇနသင်္ဂဟကျမ်းအရ ပရန္နဝါသည် ခါး၏၊ စပ်ရှားရှားရှိ၏၊ ပူ၏၊ အသက်ကို ရှည်စေ၏။ နှလုံးရောဂါ၊ ဖောရောင်ခြင်း၊ ပန်းနာ၊ လေ၊ သလိပ်ရောဂါတို့ကို ပျောက်ကင်းစေနိုင်၏။ ဝမ်းမီးကို တောက်စေ၍ ဝမ်းသက်စေပြီး ဆီးကိုရွှင်စေသည်။ ချွေးကို ထွက်စေ၍ ရေဖျဉ်းရောဂါကို နိုင်သော သတ္တိရှိ၏ဟု သတ်မှတ်ထားသည်။

ပရန္နဝါသည် အရွက်၊ အမြစ်မှာ အထူးဆေးဖက်ဝင်ပြီး ၎င်းတို့ကို အောက်ပါအတိုင်း အသုံးပြုနိုင်သည်။

၁။ ပရန္နဝါရွက်ရည်ကို နို့နှင့်ရောသောက်က ဆီးအောင့်ရောဂါ၊ ဆီးပူညောင်းကျရောဂါ၊ ပန်းသေရောဂါနှင့် အဖျားရောဂါတို့ကို ပျောက်ကင်းစေရုံမျှမက အသက်ကိုရှည်စေ၍ လူကို နုပျိုအားတိုးစေနိုင်၏။

၂။ အရွက်ကို ငါးကြင်းသားနှင့် ချက်စားပါက ကိုယ်တစ်ခြမ်းသေရောဂါ ပျောက်၏။

၃။ မီးဖွားပြီးစ အမျိုးသမီးများ နို့မထွက်လျှင် ပရန္နဝါရွက်ကို ဟင်းခါးချက်သောက်ခြင်းဖြင့် နို့ လျင်မြန်စွာထွက်ပြီး နို့နာ၊ နို့ကိုက်နှင့် သကျည်းကိုက်ရောဂါများလည်း ပျောက်ကင်းစေ၏။

၄။ ပရန္နဝါရွက်ကို ငါးပနော်နှင့် ကြော်ချက်စားခြင်း၊ ဟင်းချိုသောက်ခြင်းဖြင့် နှလုံးရောဂါ၊ အဆုတ်ရောင်၊ အူရောင်ရောဂါ၊ ကိုယ်ဖောကိုယ်ရောင်ရောဂါ၊ ရေဖျဉ်း၊ မြင်းသရိုက်၊ လေနာ သလိပ်နာ၊ အစာမကြေရောဂါများ ပျောက်၏။

၅။ ခန္ဓာကိုယ်ပြင်ပ၌ ရောင်ရမ်းခြင်းများအတွက် အရွက်ကိုထုထောင်း၍ ကြပ်စည်းပေးရ၏။

“ပရန္နဝါသည် အရိုးဖြူ၊ အရိုးနီဟူ၍
နှစ်မျိုးရှိသည်။ အရိုးနီသည်
သွေးအား ပိုကောင်းသည်။
အရိုးဖြူသည်
လေအားပိုကောင်းသည်။
ပရန္နဝါသည် လူ့ခန္ဓာကိုယ်
သွေးအား၊ လေအား
ထိုနှစ်ပါး အားကြီးနှစ်ရပ်ကို
ပေးနိုင်စွမ်းသော ထူးသည့်
အပင်တစ်မျိုးဖြစ်သည်။”

အမြစ်ကို အသုံးပြုပုံမှာ

၁။ အမြစ်မှုန့်ကို သကြားနှင့် စားသောက် ချောင်းခြောက်ဆိုးခြင်းနှင့် ကြက်ညှာချောင်းဆိုးခြင်းများ ပျောက်၏။ ပျားရည်နှင့် လျက်ပေးသော် ပန်းနာရောဂါ ပျောက်၏။

အပင်

၁။ ပရန္နဝါကို ကြိတ်မှန်ရွက်နှင့် ရောသောက်သော် မီးယပ်ရောဂါပျောက်၏။

၂။ ဒန့်ကျွဲစေ့နှင့်ရော၍ စားခြင်း၊ လိမ်းခြင်းပြုသော် ပွေးနာ ပျောက်၏။

၃။ မအိုဆေးအဖြစ်

ပရန္နဝါပါးပါးလွှာ၊ သကာပျားရည်နှင့် စပ်၊ ဒန့်သလွန်ပွင့်အုန်းဆံရင့် ချင့်၍ လျော်အောင် စပ်၊ မင်းတုန်းမင်းခေါင် သူသုံးဆောင်၊ ဘုန်းရောင်နေသို့တက်၊ ဒန္တာသံ မှိုနှက်၊ အသံ ကရဝိတ်ငှက်၊ ကေသာ ပိတုန်းရောင် နက်္ဒဟူ၍ ဖော်ပြထားသည်ကို တွေ့ရသည်။

ပရန္နဝါသည် အရိုးဖြူ၊ အရိုးနီဟူ၍ နှစ်မျိုးရှိသည်။ အရိုးနီသည် သွေးအားပိုကောင်းသည်။ အရိုးဖြူသည် လေအားပိုကောင်းသည်။ ပရန္နဝါသည် လူ့ခန္ဓာကိုယ်သွေးအား၊ လေအား ထိုနှစ်ပါး အားကြီးနှစ်ရပ်ကိုပေးနိုင်စွမ်းသော ထူးသည့်အပင် တစ်မျိုး ဖြစ်သည်။

ပရန္နဝါ နှစ်မျိုးလုံးသည် ဝမ်းမီးတောက်စေသည်။ အရိုးဖြူ၊ အရိုးနီ နှစ်မျိုးလုံးကို ကြက်ဥနှင့် ကြော်စား၊ အညွန့်စိမ်းစိမ်းစိုစိုကို ငပိချက်နှင့် တို့စားကြသည်။

ပရန္နဝါ နှစ်မျိုးလုံး၊ ပရန္နဝါဥကို အမှုန့်ပြု၍ ပျားရည်နှင့် တေစားလျှင် ခွန်အားတိုးသည်။ ပရန္နဝါကို ထောပတ်နှင့် ကြော်စားလျှင် အာဟာရဓာတ် ပြည့်ဝကျန်းမာသည်။

ထနး်လျက်နှင့် ကျိုသောက်ပါက ခွန်အားသန်မာသည်။ သကြားနှင့်ကြော်စားပါက အကြောအားသန်သည်။

ပရန္နဝါကို နုပ်နုပ်စင်းပြီး ကြက်သွန်ကြော်နဲ့ သုပ်စားပါက အားအစွမ်းထက်ပါသည်။

ငုံးဥနှင့်ကြော်စားလျှင် စွမ်းအားထက်မြက်လှပါသည်။ ဘဲဥနှင့်ကြော်စားလျှင် ခန္ဓာကိုယ်ကြံ့ခိုင်သန်မာသည်။ ပုစွန်ဆိတ်နှင့်ကြော်စားလျှင် လျင်မြန်ဖျတ်လတ်သည်။

ငါးနှင့်ကြော်စားလျှင် သန်မာထွားကြိုင်းသည်။

ပရန္နဝါဥကို တောကြက်ဥနှင့်ကြော်စားပါက အားအင်တိုးပွားစေသည်၊ ကြက်သားနှင့်ကြော်စားပါက စိတ်ဆန္ဒထက်သန်စေသည်။

ပရန္နဝါဥကို ထန်းလျက်နှင့် ကြော်စားပါက ခွန်အားဗလကောင်းစေသည်။ ပရန္နဝါဥကို ပါးပါးလွှာ သကာရည်၊ ပျားရည်နှင့် ရောစားလျှင် ကာမအားကို ဖြစ်စေပါသည်။

ပရန္နဝါဥကို ဒန့်သလွန်ပွင့်နှင့် ဆတူရောနှော၍ နှမ်းဆီနှင့်ကြော်စားပါက အမျိုးသားတို့၏ အားအစွမ်းကို တိုးပွားစေသည်။

ပရန္နဝါဥကို ပါးပါးလှီး ဒန့်သလွန်မြစ်၊ အုန်းသီးဆံ (အရင့်) သကာပျားရည် စုပေါင်း ရောနှော ကျိုချက်ပြီး နံနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ် နေ့စဉ်မှန်မှန်မှီဝဲပါက အမျိုးသား အားဆေးအဖြစ် အသုံးဝင်သည်။

မသိသူ ကျော်သွား သိသူ ဖော်စား ဟူသကဲ့သို့ နိုင်ငံအဝှမ်း အလေ့ကျ ပေါက်သော ပရန္နဝါပင်သည် ဤရွေ့ ဤမျှ ဆေးအသုံးကျပါကြောင်း ရှာဖွေစုစည်း တင်ပြလိုက်ရပါသည်။

ကိုးကား – Mymc မြန်မာ့ ဆေးဘက်ဝင်အပင်များ ဥတုဘောဇန သင်္ဂဟကျမ်း

LEAVE A REPLY

Please enter your comment!
Please enter your name here