ပရီဗန်းရှင်းအစ်စ်ဘက်တားသန်းကျူးဝါး

0
48

ညီညီဇေယျ ရေးသည်။

(၁)

တကမ္ဘာလုံးစိုးရိမ်နေကြတဲ့ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းအတွက် မောင်မောင်ချက်ကိုယ်တိုင်ဦးဆောင်ပြီး ရွာမှာပြင်ဆင်နေကြပြီဆိုတဲ့ သတင်းထွက်လာတော့ သူကြီးမင်းက ရွာမှာမရှိဘူး။ နေပြည်တော်ရောက်နေရတယ်။ ရပ်ရေးရွာရေးကိစ္စဝိစ္စတွေအတွက် နေပြည်တော်ရောက်နေရသလားဆိုရင် မဟုတ်ဘူးလို့ပဲပြောရမယ်။ သူကြီးကတော် ဒေါ်ရွှေမှုန်သူဇာအိကိစ္စအတွက်ရောက်နေရတာတဲ့ကိုး။

ဒေါ်ရွှေမှုန်သူဇာအိ ဆိုတာကလည်း သာမန်ညောင်ညမှ မဟုတ်ခဲ့ပဲ။ ဦးစိန်ဖိုးကွန့်နဲ့မရခင်ကတည်းက သူကြီးသမီးအဖြစ် ရွာထဲမှာ ခေါင်းမော့ရင်ကော့နေခဲ့တာကလား။ ရုပ်ကလည်းချောတော့ အရွယ်ရောက်လာတော့လည်း ရွာရဲ့ကွမ်းတောင်ကိုင်ဖြစ်လာ။ ပိုးကြပမ်းကြတဲ့ကာလသားများ ဆိုတာကလည်း အုပ်ချုပ်ရေးမှူးလုပ်ချင်တဲ့ရာ အိမ်မှူးများလိုတယ် ပေါများလှသတဲ့။ ငယ်ဂုဏ်အရွယ်ဂုဏ်အလှဂုဏ်တွေနဲ့ဆိုတော့ မရွှေမှုန်သူဇာအိကလည်း ထောက်ပံ့ကြေးစာရင်းကိုင်ရတဲ့ရပ်ကွက် ရုံးကစာရေးကြီးလို ခပ်ချေချေပဲတဲ့ကိုး။ သည်လို ဆွေဂုဏ်မျိုးဂုဏ်ဂုဏ်ပေါင်းစုံနဲ့ကြီးပြင်းလာရပြီး သူကြီးကတော်ဆိုတဲ့ ဂုဏ်ပါထပ်တိုးရထားလေတော့

“ဒမယ် ရွှေမှုန်တဲ့ဟေ့ တစ်မှုန်တည်းရှိတယ်”ရယ်လို့ ဖြစ်လာတော့တာပါပဲ။

တစ်ခါသားတော့ တစ်မှုန်တည်းရှိတယ်ဆိုတဲ့ သူကြီးကတော် ဒေါ်ရွှေမှုန်သူဇာအိနဲ့ ရွာထဲကဘုန်းကြီးလူထွက်လူပျိုကြီး ကိုနိုးဝေတို့ ရွာလည်လမ်းမှာ ထိပ်တိုက်တွေ့မိကြသတဲ့။

(၂)

ကိုနိုးဝေဆိုတာကလည်း ဒီရွာသား၊ ဒီရွာဇာတိဆိုပေမယ့် အောက်ပြည်အောက်ရွာမှာ ဘုန်းကြီးဝတ်ပြီး ကျောင်းထိုင်ကိုယ်တော်ကြီးရယ်လို့ သုံးနှစ်သုံးမိုးနေခဲ့ဘူးသေးတဲ့သူ။ ဘယ့်နှယ်ကြောင့်လူထွက်ပြီး ရွာပြန်ရောက်လာတယ်တော့ မသိကြရဘူး။ ရွာရောက်ကတည်းက အရက်မူးနေတာက များတာပါပဲ။ နေပြည်တော်က မင်းပေါက်စိုးပေါက် ဝန်ကြီးဝန်က လေးမူးမတ်ပြာတာတွေထဲမှာ သူ့ဒကာဒကာမတွေလက်ညှိုးထိုးမလွဲရှိတယ်လို့ မူးလာရင်ပြောလေ့ရှိတယ်။ အဲဒီနေ့ကတော့ ကိုနိုးဝေကလည်း မူးလာတယ်။ သူကြီးကတော် ဒေါ်ရွှေမှုန်သူဇာအိကလည်း ရွာအနောက်ပိုင်းကပြန်အလာ ဘာတွေ စိတ်အခန့်မသင့်ဖြစ်လာတယ်မသိဘူး ပါးစပ်ကပွစိပွစိပေါ့လေ။ နှာခေါင်းစည်းမတ်စ်ကလည်း တတ်မထားဘူးတဲ့။ ထုံးစံအတိုင်း

“ရွှေမှုန်တဲ့ဟေ့ တစ်မှုန်တည်းရှိတယ်” ရယ်လို့ မြည်တွန်တောက်တီးရေရွတ်လာတာတဲ့ကိုး။ ဒါကို ကိုနိုးဝေက မူးမူးနဲ့

“နှစ်မှုန်ရှိရင် ဘရပ်ရှ်နဲ့တိုက်ပစ်လိုက်ပေါ့ ဒကာမကြီးနှယ်” လို့ သွားပြောမိတာတဲ့ကိုး။

အဲဒါ သူ့လိုသူကြီးကတော် ဖတ်စ်လေဒီကို မထေမဲ့မြင်ပြု စောင်းချိတ်ထေ့ငေါ့ပြောဆိုရမလားဆိုပြီး ငြင်းကြခုန်ကြပြောဆိုရန်ဖြစ်ကြရင်း တရားတဘောင်တွေစွဲတဲ့အထိ ဖြစ်လာတော့တာပဲ။ အကျယ်ကျယ်မငြိမ်းဖွယ်ဖြစ်နေလိုက်တာ အခုဆို နေပြည်တော်ထိ ရောက်ကြရရောမဟုတ်လား။ အဲဒါနဲ့ သူကြီးမင်းကိုယ်တိုင် နေပြည်တော်ရောက်နေရတော့တယ်။ ဒီလိုအချိန်မှာပဲရွာမှာကိုဗစ်ကပ်ရောဂါ တတိယလှိုင်းအတွက် မောင်မောင်ချက်ဦးဆောင်ပြင်ဆင်နေကြပြီ ဆိုတော့ သူကြီးမင်းခမြာ ဝမ်းသာရရှာတယ်။ သူမရှိပေမယ့်လည်း ရပ်ရေးရွာရေးမှာ အားကိုးရသူတွေရှိပေတာကိုး။

(၃)

သူကြီးမင်းရွာပြန်ရောက်လာပါပြီ။ သူ့ရွာရဲ့ ကိုဗစ်တတိယလှိုင်းအတွက် ပြင်ဆင်ထားမှုတွေကိုကြည့်လိုမြင်လိုလှပြီ။ သူ့တူမောင်မောင်ချက်ရဲ့ မန်းနေ့ချ်မန့်ကိုလည်း ယုံပြီးသားကိုး။ သို့ပေမယ့်ရွာအဝင် စစ်ဆေးရေးဂိတ်မှာ လူရှိမနေတာ၊ ရွာထဲကဆိုင်တွေဈေးတွေမှာလည်း မတ်မတတ်ကြပဲ သွားလာရောင်းဝယ် ဖောက်ကားနေလိုက်ကြတာ ဘာကပ်ရောဂါမှ ဖြစ်မနေတဲ့အတိုင်းဆိုတော့ သူကြီးမင်းမှာ သိပ်ဘဝင်မကျလှပေဘူးတဲ့။ မောင်မောင်ချက်အားကျိုးမန်တက် လုပ်ကိုင် ခဲ့တာလည်း အရိပ်အမြွက်တော့ ကြားထားတယ်။ စည်းရုံးရေးကလည်း ကောင်းလှတယ်၊ ရွာတောင်ပိုင်းက မိုးကာဆိုင်က ကိုဖိုးဌေးတို့အစ၊ ကျမ်းမာရေးမှူး၊ ကြက်ခြေနီတို့အဆုံး အကုန်လုံးပါဝင်တိုင်ပင် လုပ်ကိုင်ကြတာတဲ့ကိုး။ အားကိုးရတဲ့မောင်မောင်ချက်ပါ တကားရယ်လို့ သူကြီးမင်းမှာ ဝမ်းမြောက်ရရှာသတဲ့။

“မောင်မောင်ချက်ကိုသွားခေါ်စမ်းဟေ့”

ရောက်လာပါပြီ။

“ကိုင်း မင့်ရဲ့ တတိယလှိုင်းအတွက် ကြိုတင်ပြင်ဆင်ထားတာတွေ ပြောပြစမ်းပါဦး”

“ပြောပြတာထက် ဘယ်လိုဆိုတာ ရှင်းလင်းပြသခြင်လို့ ရွာထဲကိုလိုက်ကြည့်ပါ သူကြီး၊ လာပါ”

ကွာရင်တိုင်းစင်တာတွေကို ဘယ်လိုစနစ်တကျ ကြိုတင်ပြင်ဆင်ထားမလဲ၊ ကုသရေးအတွက် နေရာဆောက်လုပ်ပြင်ဆင်ထားတာ ပြမှာလား၊ ရွာသူရွာသားတွေကို ဘယ်လိုပညာပေး စည်းရုံးပြောဆိုထားပါလိမ့်၊ သတင်းအချက်အလက်တွေ အချိန်နဲ့တပြေးညီ ထုတ်ပြန်ဖို့၊ ထိတွေ့လူနာတွေ သယ်ယူပို့ဆောင် နေရာချထားကြဖို့ လူအင်အားတွေ ဘယ်လိုစုဆောင်းအဆင်သင့်ဖြစ်နေကြမလဲရယ်လို့ အားရပါးရတွေးတောရင်း မောင်မောင်ချက်ခေါ်ရာနောက် သူကြီးမင်းဝမ်းသာအားရ လိုက်ပါလာတယ်။

ရွာလယ်ဇရပ်ရောက်လာပြီ။

“ဒီမှာ ပြင်ဆင်ထားတာတွေပါသူကြီး”

“ဟင် ဒါ….ဒါတွေက”

“ဟုတ်တယ်သူကြီး၊ ဒါ မော်ကျူရီဘက်လို့လည်းခေါ်တယ်၊ ဒက်ဘော်ဒီဘက်လို့လည်း ခေါ်တဲ့အိတ်တွေပေါ့”

“ဟာ အ..အလောင်းထည့်တဲ့အိတ်တွေပဲကွ”

“ဟုတ်တယ်လေသူကြီး၊ ကာကွယ်ရေး စည်းကမ်းတွေကို ဘယ်သူကမှ ကောင်းကောင်းမလိုက်နာကြ၊ ဂရုလည်းမစိုက်ကြနဲ့ ကာကွယ်ရေးလုပ်ပေးလို့မရမှတော့ သေရင်ထည့်ဖို့အိတ်တွေပဲ ပြင်ဆင်ထားရမှာပေါ့။ ဒါ ကျမ်းမာရေးဌာနကသတ်မှတ်ထားတဲ့ အတိုင်းအတာ၊ အရည်အသွေးနဲ့ရွာမှာတင် ချုပ်လုပ်ထားတဲ့အိတ်တွေပဲ။ လိုရင်လိုသလိုထပ်ချုပ်ဖို့ လူအင်အားရော ကုန်ကြမ်းရော အဆင်သင့်ရှိပါတယ်။ ပထမအဆင့်အနေနဲ့ တစ်အိမ်ထောင်ကို တစ်အိတ်နှုန်း ကြိုတင်ပေးဝေထား…ထား”

“ဟေ့ကောင် မောင်မောင်ချက်၊ နိမိတ်မရှိ နမာမရှိကွာ၊ အလောင်းထည့်စရာအိတ်တွေ ရွာထဲဝေရမယ်ရယ်လို့”

“သူတို့ကမှ မ လိုက်နာကြ…..”

“တော် စမ်း”

“နိုင်ငံတကာစံချိန်မှီအိတ်တွေဖြစ်…..”

“တော်”

(၄)

ခုဆိုရင် ရွာအဝင်မှာ စစ်ရေးဂိတ်နဲ့ ရွာလယ်မှာ ကြူစင်တာနဲ့ ဆေးကုစရာနေရာကလည်း ရွာအလယ်တန်းကျောင်းမှာ အဆင်သင့်၊ လူတိုင်းကလည်း မတ်တတ်ကြ၊ လက်ဆေးကြ၊ ဈေးတွေဆိုင်တွေကလည်း လက်ဆေးကန်တွေ အကာအရံတွေနဲ့ စနစ်တကျဖြစ်လို့။ တရွာလုံးရဲ့စိတ်မှာလည်း တတိယလှိုင်းမကလို့ ဘာလာလာဆိုတဲ့ ကျမ်းမာရေးအသိတွေ ရှိကုန်ကြပါပြီ။ ဟုတ်တယ်လေ ဘယ်သူမှ အိမ်ထောင်စုဇယားပြပြီး ဒက်ဘော်ဒီအိတ်ကြီးမထုတ်ချင်ကြဘူးမဟုတ်လား။

ကျမ်းမာပျော်ရွှင်ကြပါစေ။