ပါတီကိုမကြည့် လူကိုကြည့်ရတော့မည့် စည်ပင်ရွေးကောက်ပွဲ

0
99
Aerial view a woman using a retro typewriter

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင်တော့ စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုလုံးသည် လူကိုမကြည့်ဘဲ ပါတီကိုကြည့်ကာ မဲပေးခဲ့ကြသောကြောင့် တိုင်းရင်းသားပါတီများပင် နေရာမရခဲ့ပေ။ ထို့ကြောင့် ပြည်သူက ရွေးချယ်သောအစိုးရသည် ပါတီအရောင်အသွေး မကွဲပြားတော့ဘဲ ပါတီတူလွှတ်တော်နှင့် ပါတီတူအစိုးရတို့သာ ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။ အားသာချက်အနေဖြင့် အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုမြန်ဆန်လာမည်ဖြစ်သကဲ့သို့ အားနည်းချက်အနေဖြင့် အထိန်းအထေ အားမကောင်းတော့ဘဲဖြစ်လာပေမည်။ မည်သို့ပင်ဆိုစေ အစိုးရသစ်တက်အပြီး ရက်ကိုးဆယ်အတွင်း ကျင်းပမည့် နောက်ထပ်ရွေးကောက်ပွဲတစ်ခုက စိတ်ဝင်စားစရာကျန်ရှိနေသေးသည်။

တိုင်းဒေသကြီးအတွင်း မြို့ရွာများဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကထိန်းကျောင်းမည့် စည်ပင်ဥပဒေသစ်အရ ပေါ်ထွက်လာသော ရွေးကောက်ပွဲများဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲများတွင် ရွေးချယ်ခံရသူတို့သည်လည်း လွှတ်တော်နှင့် အစိုးရကို ထိန်းကျောင်းမည့် တတိယအင်အားစုများ ဖြစ်လာနိုင်ချေရှိသောကြောင့်ပင်။ ဥပဒေအရ စည်ပင်ကော်မတီတွင် လူထုရွေးချယ်ရမည့်နေရာ လေးနေရာရှိရာ ပါတီနောက်ခံများနှင့်သော်လည်းကောင်း တစ်သီးပုဂ္ဂလသော်လည်းကောင်း ယှဉ်ပြိုင်ရွေးကောက်ခံကြမည်ဖြစ်သည်။ ထိုရွေးကောက်ပွဲတွင်လည်း လူကိုကြည့်ရွေးမလား၊ ပါတီကိုကြည့်ရွေးမလားဟူသော မေးခွန်းတစ်ရပ်တစ်ကျော့ပြန် လာဦးမည်ပင်။

ယခုရွေးကောက်ပွဲမှာမူ မိမိတို့မြို့နယ်ကို တိုးတက်အောင် သန့်ရှင်းလှပအောင် ဆောင်ရွက်မည့်သူများကို ရွေးချယ်ခြင်းဖြစ်သဖြင့် နိုင်ငံကို အုပ်ချုပ်မင်းလုပ်မည့်သူများ ရွေးချယ်သော နိုင်ငံရေးရွေးကောက်ပွဲနှင့် အနှစ်သာရ ကွဲပြားမည်ဖြစ်ပြီး မြို့နယ်ကို တိုးတက်အောင် ဖော်ဆောင်မည့်သူများကို မြို့နယ်သူ၊ မြို့နယ်သားများက စနစ်တကျ စိစစ်ရွေးချယ်ရမည့်ပွဲလည်း ဖြစ်သည်။ ထိုသို့ရွေးချယ်ရာတွင်တော့ အစိုးရဖွဲ့မည့် အုပ်စုမဟုတ်သလို တိုင်းဝန်ကြီးဖြစ်မည့် အုပ်စုလည်းမဟုတ်သဖြင့် ပါတီနောက်ခံဟူသော အခန်းကဏ္ဍသည် သိပ်အရေးပါတော့မည် မဟုတ်ပေ။ ထို့ပြင် ဒေသခံများ ဝင်ရောက်ပြိုင်ဆိုင်ကြမည်ဖြစ်သောကြောင့် ကိုယ့်ဒေသကောင်းကျိုး တကယ်ဖော်ဆောင်မည့်သူများသည်လည်း ပါတီနောက်ခံပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ လုပ်ရပ်နှင့်ပင် သက်သေပြကြရမည့်ပွဲလည်း ဖြစ်သည်။

ထို့ကြောင့် အစိုးရသစ်ဖွဲ့အပြီး ရက်ပေါင်း ၉၀ အတွင်း ကျင်းပရမည်ဖြစ်သော တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီး၏ စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲတွင်တော့ နိုင်ငံရေးရွေးကောက်ပွဲကဲ့သို့ ပါတီနောက်ခံကို ကြည့်စရာမလိုတော့ဘဲ ကိုယ့်မြို့နယ်အတွက် အမှန်တကယ်ဆောင်ရွက်ပေးမည်ဟု ယုံကြည်ရသူလူကိုသာကြည့်၍ ရွေးကောက်တင်မြှောက်ပါမှသာ ကိုယ့်မြို့နယ်ကိုတိုးတက်အောင် ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။

အယ်ဒီတာ