ပိုဆိုးတဲ့ ဥတုကပ်ဘေး လာဦးမည်

0
114

အောင်သူငြိမ်း ရေးသည်။

ဥတုကပ်ဘေး ဖောက်ပြန်ပြောင်းလဲမှုရဲ့ ဆိုးရွားပြင်းထန်မယ့် သက်ရောက်မှုတွေကို မျှော်မှန်းဖို့ခက်ပါလိမ့်မယ်။ ကယ်လီဖိုးနီးယား၊ အိုရီဂွန်၊ ဝါရှင်တန်တို့မှာ ဖြစ်ခဲ့တဲ့ တောမီးလောင်ကျွမ်းမှုတွေထက်လည်း ဆိုးပါလိမ့်မယ်။

ဒါမှမဟုတ် အမေရိကန်ပြည်ထောင်စု ပင်လယ်ကွေ့ (Gulf coast) ကို တိုက်ခိုက်ဖို့ ချဉ်းကပ်လာတဲ့ ဟာရီကိန်းမုန်တိုင်းတွေထက်လည်း ဆိုးပါလိမ့်မယ်။ အချိန်တိုင်း ပင်လယ်ကွေ့ဒေသကို ဖျက်ဆီးတိုက်ခိုက်ခဲ့ပါတယ်။ အခုအခါမှာ လူသေကြေစေနိုင်လောက်တဲ့ အပူလှိုင်းတွေကို အိန္ဒိယ၊ ပါကစ္စတန်၊ ဥရောပမှာ အသေပျောက်များတဲ့ ရေလွှမ်းမိုးမှုတွေ အရှေ့တောင်အာရှမှာ တွေ့ကြုံနေခဲ့ရပါတယ်။ ဒါထက်ဆိုးတာတွေလာပါဦးမယ်။

အာတိတ်ပင်လယ်က ရေခဲတွေ အလျင်အမြန်အရည်ပျော်နေမှု အန္တရာယ်က အလွန်အမင်းကြီးပြီး တခုတည်းနဲ့ကို လူသားတွေဖြစ်တည်မှုကို ခြိမ်းခြောက်နေပါတယ်။

အဲဖရက် ဟစ်ချ်ကော့ (Alfred Hitchcock) ရဲ့ရုပ်ရှင်ကို ပြန်ပြောရရင် ဥတု ကပ်ဘေးဗုံး “bomb” က အချိန်တခုမှာ ကမ္ဘာကြီး ပူနွေးလာမှုနှုန်းရဲ့ နှစ်ဆဖြစ်သွားနိုင်ပါတယ်။ သူက ချိန်ကိုက်ဗုံးတခုလို တစ်တောက်တစ်တောက်နဲ့ စိတ်ပူပန်စရာ ရွေ့လျားပြောင်းလဲနေပါတယ်။ စက်တင်ဘာလတိုင်း အာတိတ်ပင်လယ်ပေါ်က ရေခဲတောင်တွေက အနိမ့်ဆုံးအနေအထားကို ပြောင်းလဲလာနေပါတယ်။ အရင်ကတော့ ကာလကြာရှည် အမှောင်လွှမ်းနေမှုနဲ့ အပူချိန်ကျဆင်းနေမှုကြောင့် တိုးများလာခဲ့ဖူးပါတယ်။ အခုမှာတော့ သိပ္ပံပညာရှင်တွေက အရင်နှစ်က အခြေအနေနဲ့ နှိုင်းယှဉ်နေရပါပြီ။

ဒီရလဒ်တွေက အားလုံးအတွက် တုန်လှုပ်စရာပါ။ အခုနှစ်မှာ ကိုလိုရာဒိုပြည်နယ်၊ ဘိုးလ်ဒါးက နှင်းနဲ့ရေခဲတိုင်းတာရေး အမျိုးသားဒေတာစင်တာ (National Snow and Ice Data Center) က အာတိတ်အလယ်ခေါင်မှာ ယခင်ကာလတွေထက်ပိုပြီး တိုင်းတာမှုတွေလုပ်ခဲ့ပါတယ်။ တိုင်းတာချက်တွေအရ ၂၀၁၈-၂၀၁၉ မှာ အာတိတ်ဒေသ ဘဲယာရင်းပင်လယ်မှာ နှင်းနဲ့ရေခဲတွေဟာ နှစ်ပေါင်း ၅၅၀ဝ အတွင်း အနိမ့်ဆုံးအခြေအနေ ဖြစ်နေပါတယ်။ ဒီသုတေသန တွေ့ရှိချက်တွေကို များမကြာခင်ကပဲ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

အာတိတ်ဒေသတခုလုံး ပင်လယ်ပြင်ထဲက ရေခဲတွေဟာ စက်တင်ဘာ ၁၅ မှာ အမြဲတမ်းလိုလို ဒုတိယအနိမ့်ဆုံးအဆင့် ရှိနေခဲ့ပါတယ်။ ပမာဏက တနှစ်နဲ့တနှစ် ကွာခြားပါတယ်။ ဒါပေမယ့် လားရာကတော့ ရပ်ဆိုင်းလို့မရ၊ ကာကွယ်တားဆီးလို့မရနိုင်လောက်အောင် အောက်ကို ကျဆင်းနေပါတယ်။ အခု စက်တင်ဘာ ၁၄ မှာတော့ နှစ်ပေါင်း ၁၄ နှစ်ထဲမှာ အနိမ့်ဆုံးပင်လယ်ပြင် ရေခဲထုအခြေအနေကို တွေ့မြင်ရခြင်းပါပဲ။

ပင်လယ်ပြင် ရေခဲထုက ပိုနည်းလာတဲ့ ဧရိယာကို ဖုံးအုပ်ထားရုံမျှ မဟုတ်ပါဘူး။ အရင်ထက်ပိုပြီးတော့လည်း ပါးလွှာလာပါတယ်။ သက်တမ်း အအိုမင်းဆုံး ပင်လယ်ရေခဲတွေက အရည်ပျော်မှုဒဏ်ကို ပိုပြီးခံနိုင်ရည်ရှိကြပါတယ်။ အခု အဲသလို သက်တမ်းရင့်နေတဲ့ ရေခဲတွေက ပင်လယ်ကို ဖုံးအုပ်ထားတဲ့ ရေခဲတွေရဲ့ တစ်ရာခိုင်နှုန်းထက်ကို နည်းနေပါပြီ။ သက်တမ်း တစ်နှစ်လောက်ပဲရှိမယ့် ရေခဲပြင်ကသာ လွှမ်းမိုးထားပါတယ်။ ဆိုလိုတာက ပင်လယ်ပြင်ကို ဖုံးထားတဲ့ရေခဲလွှာက ပိုပြီးလွယ်ကူစွာ အရည်ပျော်သွားနိုင်ပါတယ်။

သိပ္ပံပညာရှင်တွေက အခုအခါမှာ လာမယ့် ဆယ်စုနှစ်တခု၊ နှစ်ခုအတွင်း လောက်မှာပဲ နွေရာသီနှောင်းပိုင်းကာလတွေမှာ ရေခဲတွေ မရှိတော့ဘူး ဖြစ်သွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီသက်ရောက်မှုက ကပ်ဆိုက်သလို ဆိုးရွာစေပါလိမ့်မယ်။ အဆိုးဆုံးဖြစ်နိုင်ခြေကို ပြောရရင် (ဆယ်စုနှစ်များအတွင်းမှာပဲ ဖြစ်ပျက်နိုင်ပါတယ်) နေရောင်ရရှိတဲ့ လများမှာ ရေခဲထုအားလုံး ဆုံးရှုံးသွားမှာပါ။ ဒီအခါ ကမ္ဘာလုံးဆိုင်ရာ ရောင်ပြန်ကြွအပူထုတ်လွှတ်မှု (global radioactive heating) ဖြစ်စေပါမယ်။ အာကာသလေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု နောက်ထပ် တစ်ထရီလီယံတန်ကို ထပ်ပေါင်းပေးသလိုဖြစ်စေပါမယ်။

ဒါကို နှိုင်းယှဉ်ပြောရရင် စက်မှုတော်လှန်ရေးကာလကတည်းကစလို့ နှစ်ပေါင်း ၂၇၀ အတွင်းအာကာသလေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ် ၂.၄ထရီလီယံတန် ထုတ်လွှတ်ခဲ့ ပြီးပါပြီ။ အာတိတ်ဒေသအပူချိန်မြင့်တက်မှုကြောင့် အာကာသလေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ် ၃၀% လောက် ပေါင်းထည့်ခဲ့ပြီးပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၇၉ ကနေ ၂၀၁၆ ခုနှစ်များအတွင်း ရေခဲထုဆုံးရှုံးလာရလို့ပါ။ ကျန်နေသေးတဲ့ ရေခဲထုတွေ ဆုံးရှုံးလာတာနဲ့အမျှ ပိုပြီး ပူပြင်းလာမှုတွေက အမြန်ဖြစ်လာတော့မှာပါ။

“ဒီအခြေအနေက ဆယ်စုနှစ်တခုအတွင်းလောက်မှာပဲ
နောက်ပြန်ပြင်ဆင်လို့မရတဲ့အခြေအနေမျိုး
ဖြစ်သွားမယ်လို့ ယုံကြည်နေရပါတယ်။
နောက်ဆုံးမှာ အခုရေခဲအရည်ပျော်မှုတွေက ပင်လယ်ရေမျက်မှာ
ပြင်အထက် ၇ မီတာလောက် ပိုမြင့်လာစေပါမယ်။”

ဒီလို အဆိုးဆုံးဖြစ်နိုင်ခြေတွေကြောင့် လာမယ့်၂၅ နှစ်မှာ ဥတုကပ်ဘေး (climate change) ဖြစ်တော့မှာပါ။ မဖြစ်နိုင်ဘူးလို့ ထင်ကြပါမယ်။ ပြီးခဲ့တဲ့လကပဲ မန်ဟက်တန်ကျွန်းရဲ့ နှစ်ဆလောက်ကြီးတဲ့ ရေခဲထုကြီးဟာ အာတိတ်ရေခဲတောင်ထု ကျန်ရှိနေသေးတဲ့ အကြီးဆုံးအဆွယ်ထဲက ပြိုကျသွားခဲ့ပါတယ်။ ဒီရေခဲထုက ဂရင်းလန်အရှေ့မြောက်ဒေသမှာ ရှိပြီးစံချိန်တင် နွေရာသီ ပူပြင်းမှုပြီးနောက် ဖြစ်ခဲ့တာပါ။

မြေပေါ်မှာလည်း ဂရင်းလန်းကျွန်းအပေါ် ရေခဲလွှာက ပျက်စီးနေပါပြီ။ အာတိတ်ပင်လယ်ထဲ ပူနွေးလာမှုက ပျမ်းမျှကမ္ဘာကြီး ပူနွေးလာမှုရဲ့ အလျင်အမြန်နှစ်ဆလောက်တက်လာတော့၊ ဂရင်းလန်ကျွန်းမှာ ရေခဲအရည်ပျော်မှုက လာမယ့်ဆယ်စုနှစ် နှစ်ခုလောက်မှာ သုံးဆနှုန်းလောက် မြန်နေပါလိမ့်မယ်။

ဒီအခြေအနေက ဆယ်စုနှစ်တခုအတွင်းလောက်မှာပဲ နောက်ပြန်ပြင်ဆင်လို့ မရတဲ့အခြေအနေမျိုး ဖြစ်သွားမယ်လို့ ယုံကြည်နေရပါတယ်။ နောက်ဆုံးမှာ အခုရေခဲအရည်ပျော်မှုတွေက ပင်လယ်ရေမျက်နှာပြင်အထက် ၇ မီတာလောက် ပိုမြင့်လာစေပါမယ်။ ပင်လယ်ကမ်းနားက မြို့ကြီးတွေ ရေမြုပ်ပါမယ်။ ဒီလိုမြင့်တက်လာမှုက နှစ်ရာနဲ့ချီပြီး မဖြစ်နိုင်ဘူးလို့ မျှော်မှန်းထားတဲ့ အမြင့်အနေအထားပါ။

အာတိတ်ဒေသ ပူနွေးလာမှုကို ပိုပြီးထပ်လောင်းဆိုးရွားစေတာက ကိုယ့်ဘာသာကိုယ် အားဖြည့်ကျားကန်ထားတဲ့ နက်ရှိုင်းမြေသားထုတွေ အေးခဲမှုအရည်ပျော်ကျနေတာပါပဲ။ (permafrost thawing) အဲသလို အေးခဲမြေသားထုတွေထဲ ပိတ်မိနေတဲ့ ကာဗွန်တွေ နှစ်ဆလောက်က အာကာသလေထုထဲကိုရောက်ကုန်ပြီး၊ ထပ်ပြီး ထုတ်လွှတ်မယ်ဆိုရင် ပိုလို့ဆိုးစေပါလိမ့်မယ်။

မြေသားထု အရည်ပျော်ခြင်း (Permafrost thawing) ကြောင့် ဖန်လုံအိမ်အာနိသင် ဖြစ်စေတဲ့ဓာတ်ငွေ့တွေ (ဥပမာ- နိုက်ထရပ်စ်အောက်ဆိုက်ဒ်၊ မီသိန်းစတဲ့) ထုတ်လွှတ်မှု ပိုဖြစ်စေပါမယ်။ ကမ္ဘာကြီးအပူချိန် မြင့်လာမှုနဲ့အမျှ အရှေ့ဆိုက်ဘေးရီးယန်းအာတိတ် ရေတိမ်ပင်လယ် ရေခဲကျောက်တောင် (East Siberian Arctic Shelf’s shallow seabed) က မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှု ပိုဖြစ်စေနိုင်ပါတယ်။

သေချာတာကတော့ ခုလိုကြီးမားတဲ့၊ ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက်လာနေပြီဖြစ်တဲ့ အန္တရာယ်တွေအတွက် အရေးပေါ် တခုခုလုပ်ဆောင်ဖို့ လိုအပ်နေပြီဆိုတာပါပဲ။ ကာဗွန်ဒိုင်အောက်ဆိုဒ် CO2 ထုတ်လွှတ်မှုကို အလျင်အမြန် လျှော့ချပစ်ဖို့ လိုအပ်နေပါပြီ။ ဒါပေမဲ့ လုံလောက်မှာ မဟုတ်ပါဘူး။ အမှန်ဆိုရရင် ကာဗွန်ဒိုင်အောက်ဆိုဒ် အမြန်လျှော့ချနိုင်တယ်ဆိုရင်တောင်မှ သက္ကရာဇ် ၂၀၅၀ မှာ ကမ္ဘာကြီး ပူနွေးလာမှုကို ဝ.၁ – ဝ.၃ စင်တီဂရိတ်လောက်သာ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ အလားတူပဲ သက်တမ်းတိုတဲ့ ဥတုဘေး ညစ်ညမ်းစေတဲ့ ဓာတ်တွေကို လျှော့ချဖို့ မရှိမဖြစ် အရေးကြီးနေပါတယ်။ အဲဒီ ညစ်ညမ်းစေတဲ့ ဓာတ်တွေကတော့ မီသိန်း၊ ကာဗွန်မဲ (black carbon)၊ ဟိုက်ဒရိုဖရူလိုကာဗွန် hydrofluorocarbons (HFCs) နဲ့ ထရိုဖို စဖီးယားရသ် အိုဇုန်း (tropospheric ozone) တွေ ဖြစ်ပါတယ်။ ဒီလို လျှော့ချမှုကို ကာဗွန်ဒိုင်အောက်ဆိုဒ်လျှော့ချမှုနဲ့အတူ ဆောင်ရွက်နိုင်ရင်သက္ကရာဇ် ၂၀၅၀ မှာ ပူနွေးလာမှုကို ၆ ဆ လျှော့ချနိုင်မယ်ဖြစ်ပါတယ်။ တစုံလုံးအနေနဲ့ ဒီလိုအထူးညစ်ညမ်းစေတဲ့ ဓာတ်တွေကို ထုတ်လုပ်မှု အဆုံးသတ်နိုင်ရင်ကမ္ဘာကြီး ပူနွေးလာမှုနှုန်းကို တဝက်လျှော့ချနိုင်မှာဖြစ်ပါတယ်။ မှန်းထားတဲ့ အာတိတ်ဒေသ ပူနွေးလာမှုကို သုံးပုံနှစ်ပုံ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

အချို့တိုးတက်မှုတွေတော့ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၄ နှစ်လောက်က ရဝမ်ဒါနိုင်ငံ၊ ကီဂါလီမြို့တော်မှာ နိုင်ငံပေါင်း ၁၉၇ ခုက မွန်ထရီယယ် သဘောတူညီချက် (Montreal Protocol) ကို ပြင်ဆင်ဖြည့်စွက်မှု ပြုခဲ့ကြတာပါ။ HFCs ဓာတ်ငွေ့ထုတ်လွှတ်မှုကို အဆင့်လိုက် လျှော့ချဖို့ အလေးပေး ဆွေးနွေးခဲ့ကြပါတယ်။ (Montreal Protocol ကြောင့် ဓာတုပစ္စည်း ၁၀ဝ လောက်ကို ထုတ်လုပ်မှု ကာလအဆင့်လိုက် လျှော့ချဖို့ သဘောတူခဲ့ကြပြီး ဖြစ်ပါတယ်။ HFCs ဓာတ်ငွေ့ကတော့ အိုဇုန်းအလွှာကို ထိခိုက်စေပြီး၊ ကမ္ဘာကြီးပူနွေးမှုအတွက် အန္တရာယ်ဖြစ်စေလို့ အခုလိုတားမြစ်တာပါ)။

အဲဒါအပြင် အမေရိကန်ပြည်ထောင်စု ဆီးနိတ်လွှတ်တော်မှာ ပြီးခဲ့တဲ့လက သက္ကရာဇ် ၂၀၃၆ ခုနှစ်မှာ HFCs ထုတ်လုပ်မှုနဲ့ တင်သွင်းမှု ၈၅% လျှော့ချဖြတ်တောက်ရေး နှစ်ပါတီသဘောတူညီချက် ရနိုင်ခဲ့ပါတယ်။ အဲဒီအစိတ်အပိုင်းအနေနဲ့ ကယ်လီဖိုးနီးယားပြည်နယ်က ၁၉၆၀ ခုနှစ်များကစလို့ အမဲရောင်ကာဘွန်ထုတ်လွှတ်မှု (black carbon emissions) ကို ၉၀% အထိ လျှော့ချနိုင်ခဲ့ပါတယ်။ သက္ကရာဇ် ၂၀၃၀ မှာ ကျန်တဲ့အပိုင်းကို ဆက်ပြီးတဝက် လျှော့ချမယ်ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စု ရာသီဥတုမဟာမိတ်အဖွဲ့ (US Climate Alliance) ပြည်နယ် ၂၅ ခုက အုပ်ချုပ်ရေးမှူးများရဲ့ နှစ်ပါတီ မဟာမိတ်အုပ်စုက သက္ကရာဇ် ၂၀၃၀ မှာ မီသိန်းဓာတ်ထုတ်လွှတ်မှု ၄၀ ရာခိုင်နှုန်းကနေ ၅၀% အထိ လျှော့ချဖို့ ပစ်မှတ်ထားထားကြပါတယ်။

ဒီအချက်တွေကတော့ ချီးကျူးရမယ့် ပန်းတိုင်တွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအချက်တွေကို ပြည့်ဝဖို့ဆိုရင်တော့ ကမ္ဘာလုံးဆိုင်ရာ အပူချိန်မြင့်တက်လာမှုကို တားဆီးဖို့ ရည်မှန်းချက်ကြီးလွန်းတဲ့ကိစ္စတွေကို ခဏထားပါဦး၊ ရင်ဆိုင်နေရတဲ့ ရှေ့ကလေပြင်းတွေကို ဖြတ်ကျော်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒေါ်နယ်ထရမ့် အုပ်ချုပ်ရေး အစကတည်းကပဲ သူကထုတ်လွှတ်မှု လျှော့ချရေး ပစ်မှတ်ထားမှုတွေကို ဆန့်ကျင်နေခဲ့တာပါ။

လာမယ့်လ ရွေးကောက်ပွဲမှာ မစ္စတာထရမ့် ရှုံးခဲ့တယ်ဆိုရင်တောင်၊ အုပ်ချုပ်ရေးအဖွဲ့သစ်က CO2 ထုတ်လွှတ်မှုနဲ့ သက်တမ်းတိုတဲ့ ဥတုဘေးညစ်ညမ်းစေတဲ့ ဓာတ်တွေကို လျှော့ချနိုင်ဖို့ ပြင်းပြင်းထန်ထန်မကြိုးပမ်းကြဘူးဆိုရင် အာတိတ်ဒေသနဲ့ ကမ္ဘာကြီးတခုလုံးအတွက် အန္တရာယ်ကြီးနေပါဦးမယ်။ ကမ္ဘာပေါ်မှာရှိနေတဲ့ လူတွေအဖို့ သူတို့အိုးအိမ်တွေ၊ သက်မွေးဝမ်းကျောင်းမှုတွေက မီးလောင်မှုတွေ၊ ရေကြီးမှုတွေ၊ မုန်တိုင်းတွေနဲ့ အခြားသော ကပ်ဘေးဆိုးတွေနေ့စဉ်ကြုံတွေ့နေရတာကြောင့် ဆုံးရှုံးနေခဲ့ရပြီး ဖြစ်ပါတယ်။ ဒီထက်ဆိုးတဲ့ ကိစ္စတွေက မလာရသေးပါဘူး။

(မာရီယို မိုလီနာ (Mario Molina)) က အခု ဆာငး်ပါးကို ပြင်ဆင်ရေးသားဆဲမှာပဲ သေဆုံးခဲ့ပါတယ်။ သူက ၁၉၉၅ ခုနှစ် ဓာတုဗေဒဘာသာရပ်နဲ့ နိုဘဲဆုရရှိခဲ့သူ၊ ကယ်လီဖိုးနီးယားတက္ကသိုလ် (San Diego) နဲ့ မက္ကဆီကိုနိုင်ငံ National Autonomous University ပါမောက္ခတဦး ဖြစ်ပါတယ်။

Durwood Zaelke ကတော့ အုပ်ချုပ်မှုစနစ်နဲ့ ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုဆိုင်ရာ အင်စတီကျုရဲ့ဥက္ကဋ္ဌ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်(Santa Barbara) Program on Governance for Sustainable Development က တွဲဘက် ဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်)