ပုဒ်မ ၃၇၅ (သို့မဟုတ်) အချစ်ကြောင့်ဖြစ်တဲ့စစ်

0
342

ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်ဖို့ဆိုရင် တရားဥပဒေဟာ အရေးကြီးဆုံးပါပဲ။ တရားဥပဒေကို မျှမျှတတဖြစ်အောင် ဖော်ဆောင်ရတာက တရားရုံးတွေပါ။ တရားရုံးလို့ဆိုလိုက်တာနဲ့ တရားသူကြီးတွေနဲ့အတူ ရှေ့နေတွေကို ပြေးမြင်တတ်ကြပါတယ်။ တရားသူကြီးတွေအရေးကြီးသလို ရှေ့နေတွေရဲ့ကဏ္ဍဟာလည်း မသေးပါဘူး။ တရားဥပဒေဟာ သူတို့တွေရဲ့လက်ထဲမှာလို့တောင် ဆိုချင်ပါတယ်။ ရွှေပြည်ကြီးမှာတော့ ရှေ့နေတွေဟာ မျက်နှာမရရှာပါဘူး။ ‘ငိုစား၊ ရယ်စား’ ရယ်လို့ လှောင်ပြောင်ခံရပါတယ်။ တကယ်တော့ တရားဥပဒေစိုးမိုးတဲ့ နိုင်ငံဖြစ်ချင်တယ်ဆိုရင် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဖြစ်ချင်တယ်ဆိုရင်တော့ ရှေ့နေဟာ မရှိမဖြစ် အရေးပါလှပါတယ်။

ရှေ့နေတစ်ယောက်ရဲ့အရေးပါပုံကို သိမြင်စေခဲ့တဲ့ အိန္ဒိယဇာတ်ကားတစ်ကား ရှိခဲ့ဖူးပါတယ်။ အဲဒါကတော့ မင်းသားကြီးအက်ရှေကူးမားရ်ရဲ့ Jolly ILB 2 ပါ။ ခုနောက်ထပ် အိန္ဒိယဇာတ်ကားတစ်ကား ဒီနှစ်မှာ ပေါ်လာခဲ့ပါတယ်။

(၁)

ဇာတ်ကားရဲ့နာမည်က Section 375 ပါ။ ပုဒ်မ ၃၇၅ ပေါ့။ အိန္ဒိယနိုင်ငံမှာ ပုဒ်မ- ၃၇၅ ဆိုတာ အမျိုးသမီးတစ်ဦးကို အလိုမတူဘဲ သားမယား ပြုကျင့်မှုအတွက် အမျိုးသားတစ်ဦးကို တရားစွဲတဲ့ ပုဒ်မဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ယခုနှစ် စက်တင်ဘာလက စတင်ရုံတင်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဟင်ဒီစကားပြော တရားရေးဇာတ်ကား အမျိုးအစားလို့ သတ်မှတ်ကြပါတယ်။

ဒီဇာတ်ကားမှာ အိန္ဒိယရဲ့နာမည်ကျော် သရုပ် ဆောင်တွေ တစ်ယောက်မှ မပါပါဘူး။ အဓိက မင်းသားကြီးဖြစ်တဲ့ Akshaye Khanna ကိုတော့ တစ်ချို့ဇာတ်ကားတွေမှာ မျက်မှန်းတန်းမိရုံ မြင်ဖူးပါတယ်။ နာမည်ကြီးမင်းသား၊ မင်းသမီးတွေ မပါပေမယ့် တကယ့်ကို အဆင့်အတန်းမြင့်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

ဒီဇာတ်ကားကို ‘နွံထဲကကြာ’ လို့တောင် ဆိုချင်ပါတယ်။ အိန္ဒိယရုပ်ရှင်လောကဆိုတာ တစ်နှစ်တစ်နှစ် ရုပ်ရှင်ဇာတ်ကားတွေ မနည်းမနော ထုတ်လုပ်နေတဲ့နေရာ ဖြစ်ပါတယ်။ ဒီထဲမှာ မင်းသားနာမည်ကိုအမှီပြုပြီး ငွေရှာတဲ့ပေါကားတွေဆိုတာကလည်း ဒုနဲ့ဒေးပါ။ ငိုလည်းက၊ ရယ်လည်းက၊ ပျော်လည်းက….အကခန်းပေါင်းများစွာနဲ့ ပေရှည်လှတဲ့ ပေါကားတွေဆိုတာ အများသားပါပဲ။ ဒီထဲမှာမှ ရှားရှားပါးပါး တန်းမြင့်တဲ့ဇာတ်ကားလေးတွေ တစ်ခါတစ်ခါ ထွက်လာတတ်ပါတယ်။ အငိုခန်း၊ အဆိုခန်း၊ အကခန်းတွေလည်းမပါ။ မင်းသားက လူဆိုး ၁၀ဝ လောက်ကို အသာလေးအနိုင်ယူတတ်တဲ့ အိုဗာဖိုက်တင် ခန်းတွေလည်းမပါဘဲ သဘာဝကျကျရိုက်ကူးထားတဲ့ ဇာတ်ကားလေးတွေ ရှိတတ်ပါတယ်။ ဒီဇာတ်ကားဟာ ဇာတ်အိမ်ကောင်းကောင်းနဲ့ ရှေ့နေတစ်ယောက်ရဲ့အရေးပါပုံကို ပြသနိုင်တဲ့ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

(၂)

‘တရားဥပဒေဟာ တရားမျှတမှု မဟုတ်ဘူး။ တရားမျှတမှုဆိုတာ စံတစ်ခု…တရားဥပဒေ ဆိုတာ အဲဒီစံကို ရောက်စေမယ့် လက်နက်တစ်ခု’

‘တရားမျှတမှုက စိတ်ကူးသက်သက်ပဲ။ တရား ဥပဒေက အမှန်တရား’

မစ္စတာဆယ်လူဂါ(ရှေ့နေ)

မစ္စတာရိုဟန်ဟာ မွန်ဘိုင်းမြို့က နာမည်ကျော် လူငယ်ရုပ်ရှင်ဒါရိုက်တာတစ်ဦး ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူ့ရုပ်ရှင်အဖွဲ့ကလက်ထောက် အဝတ်အစားဒီဇိုင်နာအမျိုးသမီးကို အဓမ္မပြုကျင့်မှုအတွက် အဖမ်းခံရပါတယ်။ လက်ထောက်အဝတ်စားဒီဇိုင်နာအမျိုးသမီးရဲ့နာမည်က အန်ဂျလီ ဖြစ်ပါတယ်။ အန်ဂျလီအပေါ် အဓမ္မပြုကျင့်မှုအတွက် မစ္စတာရိုဟန်ကို တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။ နာမည်ကြီးဒါရိုက်တာတစ်ဦးဖြစ်တဲ့တွက် သတင်းမီဒီယာအားလုံးမှာ ဒီအမှုကို အုတ်အော်သောင်းနင်း ထုတ်လွှင့်ကြပါတယ်။ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေကလည်း ဒီအမှုကို အများအပြား ဝန်းရံကြပါတယ်။ မစ္စတာရိုဟန်အတွက်တော့ ‘ဘူးလေးရာ ဖရုံဆင့်’ တဲ့သဘောပါပဲ။

မစ္စတာရိုဟန်အတွက် အထက်ရုံးကို အယူခံ တက်စရာအခွင့်အရေးတစ်ခုတော့ ရှိနေပါသေးတယ်။ အယူခံအတွက် သူ့အမျိုးသမီးက နာမည်ကြီးရှေ့နေ မစ္စတာဆယ်လူဂါကို ငှားပါတယ်။ မစ္စတာဆယ်လူဂါဟာ ထက်မြက်တယ်။ ရဲရင့်တယ်။ ရှေ့နေအများစု မကိုင်တွယ်ရဲတဲ့ ဗီလိန်အမှုသည်တွေအတွက် ရှေ့နေလိုက်ပေးတတ်တယ်။ သူ့ကိုငှားဖို့ ငွေကြေးလည်း အများအပြားပေးရပါတယ်။

မစ္စတာဆယ်လူဂါဟာ ဒီအမှုအတွက် အသေအချာကို ပြင်ဆင်ပါတယ်။ အမှုတွဲတွေကို အသေအချာဖတ်ပါတယ်။ ထောင်ထဲက မစ္စတာရိုဟန်ကိုလည်း သွားတွေ့ပါတယ်။ အဖြစ်အပျက်အသေးစိတ် မေးပါတယ်။ ဒီလိုမေးရင်းနဲ့ ဒီအမှုရဲ့နောက် ကွယ်က အမှန်တရားကို သူသိသွားပါတယ်။ ဒီအမှုဟာ သာမန်အမှုမဟုတ်ဘူး။ အချစ်အတွက် မိန်းမ တစ်ယောက်ရဲ့ လက်စားချေမှု၊ ဆဒ္ဒန်ဆင်မင်းကို စူဠသုဘဒ္ဒါက လက်စားချေသလိုမျိုး အကွက်ကျကျစီမံထားတဲ့ အချစ်ကြီးသူမိန်းမတစ်ယောက်ရဲ့ ကလဲ့စားပဲ ဖြစ်ပါတယ်။

မစ္စတာဆယ်လူဂါက အချစ်ကြောင့်ဖြစ်တဲ့ စစ်ပွဲမှာ နန်းကျသွားတဲ့ ဘုရင်အတွက် ပြန်လည် နန်းတင်ပေးရမယ့် တပ်မှူးကြီးပေါ့။

(၃)

တရားရုံးထဲက တိုက်ပွဲက ပြင်းထန်ပါတယ်။ တစ်နိုင်ငံလုံး စိတ်ဝင်စားနေတဲ့ အမှုဖြစ်လို့ အယူခံကို တရားသူကြီး နှစ်ဦးတောင် ကိုင်တွယ်ပါတယ်။ အစိုးရရှေ့နေကလည်း အမျိုးသမီး။ ပြီးတော့ အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူ။ ငယ်ရွယ်တက်ကြွတဲ့သူ။ နာမည်က ဟီရဲ(လ်)ဂန္ဒီ။ ရည်မှန်းချက်ကြီးမားပြီး ထူးချွန်တဲ့မှတ်တမ်းကောင်းတွေ ရှိတယ်။ ရှေ့နေလောက ဘားကောင်စီပတ်ဝန်းကျင်မှာတော့ မဟာရာရှ်ထရာပြည်နယ်ရဲ့ အမျိုးသမီးရှေ့နေချုပ် ဖြစ်လာမယ့်သူလို့ နာမည်ကြီးပါတယ်။

အယူခံတရားခွင်မှာ ဟီရဲ(လ်)ဂန္ဒီဟာ လေညာကပါ။ ပုဒ်မ- ၃၇၅ က အမျိုးသမီးတွေအပေါ် ပေးထားတဲ့ တရားဥပဒေအခွင့်အရေး၊ တရားရုံး အပြင်က အမျိုးသမီးအခွင့်အရေးလှုပ်ရှားဆန္ဒပြမှုတွေ၊ မီဒီယာတွေရဲ့ ထုတ်လွှင့်မှုတွေ ဒါတွေ အားလုံးဟာ ဟီရဲ(လ်)ဂန္ဒီရဲ့ဘက်မှာ ရှိနေပါတယ်။ သူ့အတွက်တော့ ဒီအမှုမှာ သက်သောင့်သက်သာနဲ့ နိုင်ရဖို့ပဲ ရှိပါတယ်။

မစ္စတာဆယ်လူဂါအတွက်တော့ ဒီအမှုဟာ အရှုံးကနေ လိုက်ကစားရတဲ့ ဘောလုံးပွဲတစ်ပွဲလိုပါပဲ။ ဒါပေမယ့် သူဟာ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ အမှန်တရားကို သူ့ရဲ့ရှေ့နေပညာနဲ့ တစ်စချင်းတစ်စချင်း ဖော်ထုတ်ပြနိုင်ခဲ့ပါတယ်။ တရားလိုအမျိုးသမီးဖြစ်တဲ့ အန်ဂျလီဖုံးကွယ်ထားတဲ့ အချက်တွေကို တရားသူကြီးတွေသိအောင် ပြနိုင်ခဲ့ပါတယ်။

အန်ဂျလီဟာ အချစ်ကြောင့် ဖြစ်လာတဲ့ အမျက်ဒေါသအတွက် မစ္စတာရိုဟန်ကို တရားစွဲတာဖြစ်ကြောင်း၊ အမျိုးသမီးတွေအပေါ် အကာအကွယ်ပေးထားတဲ့ ဥပဒေကို အလွဲသုံးစားလုပ်ထားတယ်ဆိုတာကို ခိုင်ခိုင်လုံလုံ တင်ပြနိုင်ခဲ့ပါတယ်။

တရားသူကြီးနှစ်ယောက်အတွက်တော့ တော်တော်ကို ဝေခွဲဂခက်၊ ဆုံးဖြတ်ရခက်တဲ့ အယူခံပါပဲ။ ကိုင်း…အမှန်တရားကပဲ နိုင်မလား၊ တရားဥပဒေကပဲ နိုင်မလား။

ရှေ့နေပညာကို စိတ်ဝင်စားတဲ့ သူတွေအတွက် ရုပ်ရှင်ကားကောင်း ချစ်မြတ်နိုးသူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါကြောင်း…။

LEAVE A REPLY

Please enter your comment!
Please enter your name here