ပူပူနွေးနွေး အိန္ဒိယဇာတ်ကားသစ်

0
91

ကျော်လတ် ရေးသည်။

မွေးကတည်းက မိန်းကလေးတစ်ယောက် လုပ်နိုင်တဲ့အရာကြီး အများကြီးရှိပါတယ်။ မိန်းကလေးဆိုတာ အလုပ်မျိုးစုံ လုပ်နိုင်တယ်။ စီစဉ်နိုင်တယ်။ စည်းရုံးနိုင်တယ်။ အိမ်ထောင်မှုကိစ္စ ထိန်းနိုင်တယ်။ သူမကိုယ်သူမ ကာကွယ်နိုင်တယ်။ ချစ်ခြင်းမေတ္တာ မျှဝေနိုင်တယ်။ မွေးဖွားချိန်မှာ မိန်းမတစ်ယောက် ခံစားရတဲ့နာကျင်မှုကို ဘယ်ယောကျာ်းမှ မကျော်ဖြတ်နိုင်ဘူး။ မိန်းမတွေက သူတို့နဲ့ အဆင့်တူယောကျာ်းတွေထက် စိတ်တည်ငြိမ်မှု ပိုရှိတယ်။ စီးပွားရေးလုပ်ငန်းတွေမှာမိန်းမတွေလုပ်နိုင်တဲ့ ဘဏ္ဍာရေးကိစ္စတွေကို ဘယ်ယောကျာ်းမှ မကျော်ဖြတ်နိုင်ဘူး။

ဒီစကားတွေက အခုညွှန်းမယ့် ရုပ်ရှင်ထဲက မင်းသမီးပြောတဲ့ ဒိုင်ယာလော့တွေ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ အမျိုးသမီးတွေဆိုတာ ယောကျာ်းသားတွေထက် သာတဲ့အရည်အချင်းတွေအများကြီးရှိပါတယ်။ သူတို့လည်းပဲ သူ့နေရာနဲ့သူ ထူးချွန်ကြတာချည်းပါပဲ။ အမျိုးသမီးမို့ တစ်ဆင့်နှိမ့် သဘောထားစရာမလိုပါဘူး။

ခုပြောမယ့် ရုပ်ရှင်ရဲ့နာမည်က Miss India ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့က ထွက်တဲ့ ပူပူနွေးနွေးဇာတ်ကားပါ။ အိန္ဒိယတောင်ပိုင်းက တလဂူးစကားပြော ဇာတ်ကားဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ရုံမတင်ဘဲ Netflix က ပြသခဲ့ပါတယ်။ ဇာတ်လမ်းအကြောင်းက အိန္ဒိယနိုင်ငံက လူလတ်တန်းစားမိသားစုဝင် အမျိုးသမီးငယ်လေးတစ်ဦးက အမေရိကားမှာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာတဲ့အကြောင်း ဖြစ်ပါတယ်။

(၁)

သူမနာမည်က မာနသာစမီအုခ်သာတဲ့။ အိန္ဒိယတောင်ပိုင် အန်ဒရာပရာဒေ့ပြည်နယ်ထဲက လန်ဘာဆင်ဂီဆိုတဲ့ရွာလေးမှာ မွေးတယ်။ လူလတ်တန်းစားမိသားစုမှာ မွေးဖွားတယ်။ အဖေကဘဏ်တစ်ခုမှာ အလုပ်လုပ်တယ်။ အစ်မတစ်ယောက်၊ စာတော်တဲ့ အစ်ကိုတစ်ယောက်ရှိတယ်။ မအေကတော့ အိန္ဒိယထုံးစံအတိုင်း မိသားစုကို အထောက်အပံ့ပေးရတဲ့ နေရာပေါ့။ အဘိုးက ရိုးရာဆေးဆရာတစ်ယောက်။ အဘိုးဖြစ်သူက သူ့ကို အင်မတန်ချစ်တယ်။ မြေးဖြစ်သူကို ဘုရင်မကြီးတစ်ပါးလို ကျော်ကြားတဲ့သူတစ်ယောက် ဖြစ်စေချင်တဲ့သူ။ တစ်နိုင်ငံလုံးက အားကျပြီး ဂုဏ်ပြုရတဲ့အမျိုးသမီးတစ်ယောက် ဖြစ်စေချင်တယ်တဲ့။

စမီအုခ်သာဟာ အဘိုးဆီက တိုင်းရင်းဆေးပညာမရဘဲ လက်ဖက်ရည်ဖျော်တတ်တဲ့ပညာ ရလိုက်တယ်။ အိန္ဒိယလူမျိုးတွေဟာ လက်ဖက်ရည် အင်မတန်ကြိုက်ကြတယ်။ လူကြီးလူငယ်မရွေး လူတန်းစားပေါင်းစုံ လက်ဖက်ရည်သောက်ကြတယ်။ နေ့တစ်နေ့ကို လက်ဖက်ရည်နဲ့ အစပြုတယ်။ လက်ဖက်ရည်မသောက်ရရင် နေ့တစ်နေ့ကို ပြည့်စုံတယ်လို့ မထင်ကြဘူး။ ရွှေပြည်ကြီးက လူတွေလည်း အိန္ဒိယကလူတွေရဲ့ ဓာတ်ကူးသွားတယ်လို့ ထင်မိပါရဲ့။

စမီအုခ်သာ အရွယ်ရောက်လာတော့ လှပပြီး ထက်မြက်တဲ့ အမျိုးသမီးလေးဖြစ်လာတယ်။ ကျောင်းပညာအနေနဲ့ MBA (စီးပွားခန့်ခွဲမှုဆိုင်ရာမဟာဘွဲ့) တက်တယ်။ သူ့အစ်ကိုကလည်း တော်တာပဲ။ အင်ဂျင်နီယာကျောင်းသားပေါ့။ အစ်မဖြစ်သူကတော့ အိမ်ကသဘောမကျတဲ့သူနဲ့ လက်ထပ်လိုက်လို့ ထွက်သွားရတယ်။ နောက်တော့ ဖခင်ဖြစ်သူက အလုပ်တွေလုပ်လွန်းရာက ဦးနှောက်ထိပြီး အတိတ်မေ့ရောဂါရတယ်။ အိမ်တာဝန်ကို အစ်ကိုဖြစ်သူက ထမ်းရတယ်။ အစ်ကိုကတော်တော့ ကျောင်းအပြီးမှာပဲ အမေရိကန်မှာ အလုပ်ရတယ်။ သူတို့မိသားစု အမေရိကန်လိုက်ဖို့ပြင်ရတယ်။ အဘိုးက မလိုက်ချင်ဘူး။ သူတို့မသွားခင်မှာဘဲ အဘိုးဖြစ်သူ ဆုံးပါးသွားပါတယ်။

အမေရိကန်ရောက်တော့လည်း စမီအုခ်သာဟာ MBA ဆက်တက်ပါတယ်။ ကျောင်းပြီးတဲ့အခါ အိမ်ကတိုက်တွန်းလို့ လခစားဝန်ထမ်း ဝင်လုပ်ရပါတယ်။ သူမသဘောအလိုဆိုရင်ကိုယ်ပိုင်စီးပွားရေးပဲ လုပ်ချင်တာပါ။ အိန္ဒိယထုံးစံက အမျိုးသမီးတွေဟာ ကိုယ်ပိုင်စီးပွားရေး မလုပ်ကြပါဘူး။ မိုင်ကုန် လခစားဝန်ထမ်းလောက်ပဲလုပ်ခွင့်ရပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ အရွယ်ရောက်လာတဲ့အခါ အိမ်ထောင်ပြုပြီး ခင်ပွန်းနဲ့သားသမီးတွေကို အလုပ်အကျွေးပြုရပါတယ်။ စမီအုခ်သာရဲ့အစ်ကိုနဲ့ မိခင်ကလည်း ဒီသဘောပဲ ရှိပါတယ်။ သူမရဲ့အိပ်မက်နဲ့ တစ်ခြားစီပေါ့။

ဒီလုပ်ငန်းခွင်မှာ စမီအုခ်သာ ချစ်သူတစ်ယောက်ရပါတယ်။ ပါတီပွဲတစ်ခုမှာ တွေ့တာပါ။ ဖြစ်ချင်တော့ သူ့ချစ်သူဟာ သူအလုပ်မှာ သူ့ရဲ့မန်နေဂျာဖြစ်ပါတယ်။ ကုမ္ပဏီပိုင်ရှင်ရဲ့သားဖြစ်ပါတယ်။ အလုပ်ခွင်မှာ အစပိုင်းအခက်ကြုံပေမယ့် ကြိုးစားလို့ အောင်မြင်လာပါတယ်။ ဒါပေမယ့် စမီအုခ်သာမပျော်ဘူး။ သူမက ရည်မှန်းချက်ကြီးတဲ့သူ။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းပဲလုပ်ချင်တာ။ ကြာတော့ အလုပ်ကထွက်လိုက်တယ်။ ရည်းစားနဲ့လည်းပြတ်ပါတယ်။ အိမ်ကသဘောမတူလို့ အိမ်ပေါ်ကလည်း ဆင်းခဲ့ပါတယ်။

(၂)

အမေရိကားဟာ ကော်ဖီနယ်မြေ။ လက်ဖက်ရည်ဆိုတာ မသောက်ကြဘူး။ “ချိုင်”လို့ ခေါ်တဲ့ အိန္ဒိယရိုးရာလက်ဖက်ရည်ကို ကြားတောင်မကြားဖူးဘူး။ ဒီအခြေအနေမှာ စမီအုခ်သာဟာလက်ဖက်ရည်စီးပွားရေး စလုပ်ပါတယ်။ လမ်းဘေးမှာ ဆိုင်လေးစဖွင့်တယ်။ တစ်ယောက်စ နှစ်ယောက်စလောက်ပဲ သောက်ပါတယ်။ ဒီကြားထဲ လမ်းဘေးဖွင့်လို့ ရဲကလာသိမ်းသွားပါတယ်။ ဟိုတယ်တွေမှာ သူ့ဆိုင်တစ်နေရာလေးဖွင့်ခွင့်ရဖို့ သွားညှိတယ်။ မရပါဘူး။ ဟိုတယ်မန်နေဂျာ တစ်ယောက်ကညွှန်းလို့ အိန္ဒိယလူမျိုးကော်ဖီလုပ်ငန်းရှင် မစ္စတာကယ်လာရှ်နဲ့ သွားတွေ့ပါတယ်။ မစ္စတာကယ်လာရှ်ဟာ KSK ဆိုကော်ဖီလုပ်ငန်းဂရုကြီးကို ပိုင်ဆိုင်ထားတဲ့ သူဌေးကြီးဖြစ်ပါတယ်။ သူ့ဆောင်ပုဒ်က “Business is War” တဲ့။ စီးပွားရေးသည် စစ်ပွဲပေါ့။

အမျိုးသမီးလည်းဖြစ် လက်ဖက်ရည်လုပ်ငန်းလည်းဖြစ်တော့ မစ္စတာကယ်လာရှ်ကလည်း ချိုးချိုးနှိမ်နှိမ်နဲ့ငြင်းလိုက်ပါတယ်။ “အမေရိကန်ဟာကော်ဖီနယ်မြေ။ လက်ဖက်ရည်အတွက်နေရာမရှိဘူး”ဆိုပြီး ပြောပါတယ်။ ဒါပေမယ့် ဒေါ်လာတစ်ထောင်ချက်လက်မှတ်ရေးပေးလိုက်ပါတယ်။ စမီအုခ်သာလည်း ဒေါ်လာတစ်ထောင်ကို စိတ်မသက်မသာနဲ့ ယူလာခဲ့ရပါတယ်။

ရလာတဲ့ဒေါ်လာတစ်ထောင်ကို စမီအုခ်သာဟာ အကျိုးရှိရှိ အသုံးချပါတယ်။ လက်ဖက်ရည်ပွဲတော်လေးလုပ်ပါတယ်။ အမေရိကားရောက် အိန္ဒိယလူမျိုးတွေအပါအဝင် တော်တော်များများကို ဖိတ်ပါတယ်။ ဒီပွဲဟာ သူ့ကိုအကျိုးရှိသွားစေပါတယ်။ အိန္ဒိယရိုးရာလက်ဖက်ရည်ကို သိသွားသလို သူ့ကိုငွေကြေးအရင်းအနှီးထုတ်ပေးမယ့်”ဗစ်ကရမ်”ဆိုတဲ့ အိန္ဒိယနွယ်ဖွား လူငယ်လုပ်ငန်းရှင်နဲ့လည်း ဆုံခွင့်ရပါတယ်။ နောက်ပိုင်းမှာ ဗစ်ကရမ်ဟာ စမီအုခ်သာကို လိုအပ်တဲ့ငွေကြေးတွေကို ယုံယုံကြည်ကြည်နဲ့ ထုတ်ပေးခဲ့ပါတယ်။

ဆိုင်ဖွင့်စရက်တွေမှာ မရောင်းရပေမယ့် တဖြည်းဖြည်းနဲ့ စမီအုခ်သာရဲ့ Miss India လက်ဖက်ရည်ဆိုင်လေးဟာ ရောင်းကောင်းလာပါတယ်။ ဆိုင်ခွဲတွေကိုလည်း အမေရိကန်အနှံ့ တိုးချဲ့ဖွင့်နိုင်လာပါတယ်။

စမီအုခ်သာရဲ့ တိုးတက်မှုဟာ တစ်ယောက်သောသူအတွက် မကျေနပ်စရာဖြစ်လာပါတယ်။ သူကတော့ KSK ကော်ဖီဂရုရဲ့ပိုင်ရှင်ကြီး မစ္စတာကယ်လာရှ် ဖြစ်ပါတယ်။ စီးပွားရေးဆိုတာစစ်ပွဲလို့ ခံယူထားတဲ့အတိုင်း မစ္စတာကယ်လာရှ်ဟာ စမီအုခ်သာကို အကွက်ကျကျ တိုက်ခိုက်ပါတော့တယ်။ စီးပွားရေးအရ ဘယ်လိုတွေများတိုက်ခိုက်လာသလဲ၊ စမီအုခ်သာကရော ဘယ်လိုကာကွယ်ပြီး ကျော်ဖြတ်နိုင်မလဲ။

(၃)

တောင်ပိုင်းကားဆိုတော့ ဒိုင်ကြောင်တွေတော့ တော်တော်လွှတ်တယ်ဗျာ။ စကားလုံးကြီးကြီးကျယ်ကျယ်တွေ ပြောတာကို ဆိုလိုတာပါ။ လောလောလတ်လတ်ထွက်လာတဲ့ ဇာတ်ကားမို့သာ ညွှန်းရတာ။ အကောင်းကြီးထဲကတော့မဟုတ်ဘူး။ အပျင်းပြေကြည့်ပျော်ရှုပျော်ဇာတ်ကားလို့သာသတ်မှတ်ပါရစေ။

ဇာတ်ရှိန်အတက်တွေနှေးတယ်။ ၂ နာရီ မကျော်ကျော်အောင် ဆွဲဆန့်ထားတယ်လို့ မြင်မိတယ်။ မင်းသမီးက ဗာဟုဗာလီ ၁ ထဲက မင်းသမီးပါ။