ပြည်ခိုင်ဖြိုးယာဥ်တန်းရှေ့ NLDအလံ ဝှေ့ရမ်းခဲ့သော ရဲတပ်သားအား စစ်ဆေး

0
7019

ကိုအောင်ကြီး
မုံရွာ၊ အောက်တိုဘာ-၂၃

တန့်ဆည်မြို့ တန့်ဆည်-ကံထူးမသွားကားလမ်းတွင် ပြည်ခိုင်ဖြိုးကိ​ု ဝန်းရံသည့် ယာဥ်တန်းလှည့်လာစဉ် NLD ပါတီအလံ ဝှေ့ရမ်းခဲ့သော ရဲတပ်သားတစ်ဦးအား စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

ရဲတပ်သားသည် တပ်ဖွဲ့ယူနီဖောင်းနှင့်မဟုတ်ဘဲ စွပ်ကျယ်ချိုင်းပြတ်အဖြူနှင့် အနက်ရောင်ဘောင်းဘီကို ဝတ်လျက် သူငယ်ချင်းဖြစ်သူ ဆိုင်ကယ်နောက်တွင် လိုက်ပါကာ ပြည်ခိုင်ဖြိုးယာဥ်တန်းအား တွေ့ရှိခိုက် သူငယ်ချင်းဖြစ်သူ၏ အလံအားယူ၍ ဆိုင်ကယ်ပေါ်မှ ဝှေ့ရမ်းခဲ့ကြောင်း သတင်းရရှိသည်။

ယင်းဖြစ်စဥ်အား တန့်ဆည်မြို့မစခန်းမှူး ဒုရဲမှူးဇော်မျိုးဝင်းအား ဆက်သွယ်မေးမြန်းရာ “တပ်ဖွဲ့ဝင်တစ်ယောက် ဟုတ်ပါတယ်။ အထက်ကို တင်ပြထားပါတယ်”ဟု ဖြေကြားသည်။

၎င်းရဲတပ်သားအား ရဲအရာရှိများက သွားရောက်ခေါ်ဆောင်စဥ် အရက်နံ့ရခြင်းကြောင့် ရဲဆေးစာဖြင့် ဆေးရုံသို့ပို့ဆောင်၍ စစ်ဆေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့က တာဝန်ကျတဲ့အချိန် အထက်အရာရှိကိုဘာမှ သတင်းမပို့ဘဲ သွားလို့ပါ။ ပါတီတွေနဲ့ ဘာတွေနဲ့ မဆိုင်ပါဘူး။ သူက ကင်းတာဝန်ကျချိန် အရက်သောက်လို့၊ ရဲစည်းကမ်းနဲ့အရေးယူတာပေါ့”ဟု စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးဘဝင်းက မုံရွာဂေဇက်သို့ ပြောသည်။

အဆိုပါ ဖြစ်စဥ်မှာ အောက်တိုဘာ ၂၀ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။