ပြည်သူ့ဘဏ္ဍာစီးဆင်းနေသော စီမံကိန်းများနှင့် မရှိမဖြစ် သုတေသနအဖွဲ့

0
110
Aerial view a woman using a retro typewriter

မှတ်မှတ်ရရ ၂၀၁၆ သြဂုတ်လထုတ် မုံရွာဂေဇက်ဂျာနယ်တွင် NLD အစိုးရနှင့် သက်ဆိုင်ရာလွှတ်တော်အမတ်များအနေဖြင့် ကိုယ်ပိုင်သုတေသနအဖွဲ့တစ်ဖွဲ့စီရှိသင့်ကြောင်း အကြံပြုခဲ့ဖူးသည်။ အချို့အမတ်များသည် သုတေသနအဖွဲ့ဆန်ဆန် ပါတီတွင်းအဖွဲ့အစည်းများ ဖွဲ့စည်းကာ ဆောင်ရွက်မှုများရှိခဲ့သည်ကို တွေ့ရသည်။ ဗဟိုအစိုးရအနေဖြင့်လည်း သုတေသနအခြေခံသည့် နိုင်ငံတကာအကြံပေးပညာရှင်များကို အကြံပေးအဖွဲ့ ဖွဲ့စည်းခဲ့ကြောင်းတွေ့ရသည်။ သို့သော် တိုင်းဒေသကြီး အစိုးရအနေဖြင့်မူ သုတေသနအဖွဲ့ကို စနစ်တကျဖွဲ့စည်းခဲ့ခြင်းမရှိသည်မှာ ယနေ့တိုင်ဖြစ်သည်။ သုတေသနအဖွဲ့မှာ သီးခြားလွတ်လပ်သော ပညာရှင်များကို ထိုက်သင့်သည့်တာဝန်နှင့်ရပိုင်ခွင့်ပေးကာ ဖွဲ့စည်းရသောကြောင့် လွှတ်တော်ရေးရာကော်မတီများ၊ အခါအားလျော်စွာ ဝန်ကြီးဌာနများမှာ ခေါ်ယူသော အကြံပေးအဖွဲ့များနှင့်လည်း သဘောသဘာဝ မတူညီသည်ကို တွေ့ရသည်။

သုတေသနအဖွဲ့၏ လုပ်ငန်းဆောင်တာမှာ ဒေသတွင်း လိုအပ်နေသောအရာများ၊ ပြဿနာများကို နယ်ပယ်အလိုက် စနစ်တကျရှာဖွေခြင်း၊ စာရင်းပြုစုခြင်း၊ စစ်တမ်းကောက်ယူခြင်း၊ သုံးသပ်ချက်ချမှတ်ခြင်း အကြံပြုတင်ပြခြင်းစသော သုတေသနလုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်ကာ အထောက်အကူပြုနိုင်သော အဖွဲ့တစ်ရပ်ဖြစ်သည်။ ထိုသို့အထောက်အကူပြုရာတွင် အဆိုပါအသင်းသည် ဝင်ရောက် လုပ်ဆောင်ရန်မလိုဘဲ နည်းပညာပံ့ပိုးမှုသက်သက်သာ ပေးရသောအဖွဲ့ဖြစ်သည်။ ထိုအဖွဲ့မျိုး တိုင်းဒေသကြီးအစိုးရတွင် ဖွဲ့စည်းထားခြင်းမရှိကြောင်း တွေ့ရသည်။ ထိုအကျိုးဆက်မှာတော့ စီမံကိန်းအချို့ အကောင်အထည်ဖော်ရန် နှောင့်နှေးခြငး်၊ မှားယွင်းအကောင်အထည်ဖော်မှုများရှိခြင်း၊ မလိုအပ်ဘဲ ပြည်သူ့ဘဏ္ဍာစီးဆင်းမှုများ ကြန့်ကြာဆုံးရှုံးခြင်းတို့ကို သက်တမ်းငါးနှစ်အတွင်း တွေ့ကြုံခဲ့ရသည်။ သာဓကအားဖြင့် နာဂဒေသတစ်ကြောင်းထိုးလမ်းများ၊ အခြေခံအဆင့်မြင့်ကျောင်းများမှ ဆောက်လက်စ အဆောက်အဦးများ၊ ယခုနောက်ဆုံး မြို့ပြလုံခြုံရေးစောင့်ကြည့်ကင်မရာစီမံကိန်းများအထိ လိုအပ်ချက်များရှိခဲ့သည်။

အကယ်၍သာ သက်ဆိုင်ရာ သုတေသနအဖွဲ့အစည်း၏ နည်းစနစ်အထောက်အပံ့ကို ရရှိခဲ့ပါက စီမံကိန်းများ ကြန့်ကြာရခြင်းအကြောင်းအရင်းကို စနစ်တကျ ရှာဖွေနိုင်ပြီး ပြည်သူ့ဘဏ္ဍာများ အလေအလွင့် မဖြစ်ရလေအောင် ပိုမိုထိန်းသိမ်းနိုင်မည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်သည်။ သို့အတွက် လာမည့် ၂၀၂၁ ဘဏ္ဍာရေးနှစ်မှ အစပြု၍ ပြည်သူ့ဘဏ္ဍာစီးဆင်းမှု နှောင့်နှေးခြင်းမဖြစ်ရလေအောင် တိုင်းဒေသကြီးအစိုးရနှင့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အရည်အသွေးပြည့်ဝသော ပညာရှင်များပါဝင်သည့် သုတေသနအဖွဲ့အစည်း၊ နည်းစနစ်ဆိုင်ရာ အထောက်အကူပြု အဖွဲ့အစည်းများကို စနစ်တကျဖွဲ့စည်းထားသင့်ပြီဖြစ်ကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။

အယ်ဒီတာ