ပြာဒါလာပြီ အိပ်အိပ်

0
172
Aerial view a woman using a retro typewriter

မိမိတို့ငယ်ကတည်းက ထိကရုန်းပင်များကိုတွေ့လျှင် အဆိုပါအတိုင်းပြောဆိုကာ တို့ထိဆော့ကစားကြသည်။ အဓိပ္ပာယ်ကိုတော့ မည်သည်ကိုဆိုလိုမှန်းမသိခဲ့ကြ။ နောက်ပိုင်းမှသာ ကိုလိုနီခေတ်က ရဲတပ်သား သို့မဟုတ် မြို့ပိုင်ရုံးမှ အငယ်တမ်းစာရေးကို ပြာဒါဟု ခေါ်ဆိုမှန်း သိခဲ့ကြသည်။ ထိုပြာဒါတို့သည် ပြည်သူကို လွန်စွာနှိပ်စက်ကလူ ပြုကြသည်။ မိမိတို့တွင်ရှိသော လုပ်ပိုင်ခွင့်အာဏာကို အသုံးချလျက် ပြည်သူကိုခြောက်လှန့်ကြသည် ထို့ကြောင့်ပင် ပြည်သူတို့ကလည်း ပြာဒါလာလျှင် ကြောက်စရာ ပုန်းစရာဟူသော သဘောဖြင့် အထက်ပါစကားရပ်ကို ဖန်တီးခဲ့ကြဟန် တူသည်။

ယနေ့ခေတ်တွင်လည်း ပြာဒါလာပြီ အိပ်အိပ်ဟူသော ဆိုရိုးစကားသည် အပြီးတိုင်ပျောက်ကွယ်သွားခြင်း မရှိသေးပါချေ။ ဥပဒေနှင့် လုပ်ပိုင်ခွင့်အာဏာရှိသူအချို့သည် မသိနားမလည်သည့် ပြည်သူများကို ခြောက်လှန့်အနိုင်ကျင့်နေဆဲဖြစ်ပါသေးသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကအစ၊ ရဲတပ်သားများအလယ်၊ တရားရုံးများအဆုံး ပြည်သူများ၏ အကျိုးစီးပွားကို ဆောင်ရွက်ရမည့်အစား ပြည်သူများကို နှိပ်စက်ကလူပြုနေသော ခြိမ်းခြောက်နေသောအာဏာပိုင်လူတန်းစားအချို့ ကျန်ရှိနေသေးသည်ကို တွေ့ရသည်။

မိမိတို့ စစ်ကိုင်းတိုင်းဒေသကြီးတွင်ပင် ရဲတပ်ဖွဲ့က လုပ်ပိုင်ခွင့်ကိုကျော်လွန်၍ ဖမ်းဆီးရိုက်နှက်မှုကြောင့် သေဆုံးသွားရမှုများ၊ မတရားမှုကို တိုင်ကြားရာတွင် ရဲတပ်ဖွဲ့က အမှုဖွင့်မပေးဘဲ ခြိမ်းခြောက်ပြောဆိုလွှတ်မှုများ၊ အသက်မပြည့်သေးသော ကလေးသူငယ်များကို ရဲတပ်ဖွဲ့က ဖမ်းဆီးရိုက်နှက်မှုများ၊ လာဘ်လာဘတောင်းမှုများ ဖြစ်ပွားခဲ့ကြောင်း စစ်တမ်းများအရတွေ့ရှိရသည်။ ထို့အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကလည်း အကျင့်ပျက်ခြစားခြင်း ရပ်ရွာနေပြည်သူများအား နှိပ်စက်ကလူပြုခြင်းများကို လုပ်ပိုင်ခွင့်အသုံးချဆောင်ရွက်မှုများလည်း တွေ့ရှိရပြန်သည်။ ထို့အတူ တရားရုံးများကလည်း တရားရုံး ဦးတိုက်လျှောက်ရမည့် အမှုများကို ခက်ခဲကြံ့ကြာအောင် ဆောင်ရွက်နေမှုများလည်း ရှိနေသည်။

အဆိုပါ အာဏာအလွဲအသုံးချမှုများ မဖြစ်ပွားစေရေးတွင် ဟိုဝန်ကြီးဌာနအောက်၊ သည်ဝန်ကြီးဌာနအောက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် အစရှိသည်ဖြင့် အစိုးရအဖွဲ့၏ ဆင်ခြေများ။ အစိုးရထောက်ခံအားပေးသူများ၏ ဆင်ခြေများကိုလည်း ကြားနေရသည်။ အဆိုပါဆင်ခြေများသည် မှန်သင့်သလောက် မှန်သည်ဟုဆိုသော်လည်း ဒေသတွင်း အစိုးရများအနေဖြင့်မူသက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ဆွေးနွေးအဖြေရှာမှုများ လုပ်မည်ဆိုလျှင် လုပ်ပိုင်ခွင့်ရှိကြောင်းလည်း သိရှိထားသင့်သည်။

သို့မဟုတ်ပါက ပြည်သူကရွေးချယ်သည့် ပြည်သူ့အစိုးရပင် ဖြစ်လင့်ကစား တရားဥပဒေစိုးမိုးမှု အားနည်းလျှင် ပြာဒါလာပြီအိပ်အိပ် ဟူသော ဆိုရိုးစကားအတိုင်းပင် လုပ်ပိုင်ခွင့် အာဏာရှိသူ လူတန်းစားများကို ကြောက်ရွံ့နေရပေဦးမည်ဖြစ်ကြောင်း သုံးသပ်ပြလိုက်ရပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here