ဖမ်းဆီးခံ ကျောင်းသားခေါင်းဆောင်နှစ်ဦး ပုဒ်မ ၅၀၅- က ဖြင့် တရားစွဲ

0
33

မုံရွာ၊ မတ် – ၂

မုံရွာမှ ကျောင်းသားခေါင်းဆောင် ကိုရှင်းသန့်၊ ကိုရွှေဝင်းအောင်တို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅- ကဖြင့် တရားစွဲဆိုထားကြောင်း မုံရွာခရိုင်ရှေ့နေများကွန်ယက်မှ သိရသည်။

၎င်းတို့နှစ်ဦးတည်းခိုရာအိမ်သို့ ဖေဖော်ဝါရီ ၂၅ ရက်ညတွင် ရဲနှင့်တပ်တို့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“အခုကျတော့ ရှေ့နေငှားရမ်းခုခံခွင့်ရသွားတဲ့အတွက် မဆိုးပါဘူး။ ပြီးတော့ အကျဥ်းထောင်မှာ ရှိနေတယ်ဆိုတာလည်း သိရတဲ့အတွက် မိသားစုဝင်တွေအနေနဲ့ လူတွေ့ခွင့်မရပေမယ့် ပစ္စည်းပို့လို့ရပါတယ်”ဟု မုံရွာခရိုင်ရှေ့နေများကွန်ယက်က ပြောသည်။

ပုဒ်မ ၅၀၅-က တွင် ကြောက်လန့် ထိတ်လန့်စေခြင်း၊ သတင်းအမှားဖြန့်ဝေခြင်း၊ အစိုးရ၀န်ထမ်းကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ခြိမ်းခြောက်ခြင်း၊ တိုက်ခိုက်ခြင်းတို့ပြုလုပ်ပါက တရားရုံးမှ ၀ရမ်းမပါပဲ ဖမ်းဆီးနိုင်ပြီး ‌ဒဏ်ငွေအပါအ၀င် ထောင်ဒဏ် သုံးနှစ်အထိချနိုင်သည်ဟု ဖော်ပြထားသည်။

၎င်းတို့ အပါအဝင် ယမန်နေ့က တရားစွဲဆိုထားသည့် ၃၂ ဦး အနက်မှ ၃၁ ဦး၏ ရှေ့နေ ကိုယ်စားလှယ်စာများကို ရယူခဲ့ပြီး ကျန်တစ်ဦးမှာ ကလေးသူငယ် ဖြစ်၍ မုံရွာမြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။