ဖားပြုတ်နိုင်ငံရေးသမား

0
50

မင်းသေ့ ရေးသည်။

အထွေထွေရွေးကောက်ပွဲတွေ ပြီးတိုင်း၊ ကျနော် သတိထားကြည့်နေမိတဲ့ အရာတစ်ခုရှိတယ်။ အဲဒါကတော့၊ နိုင်ငံရေးအရ ကိုယ်ခံအားဖြစ်ပါတယ်။ နိုင်ငံရေးသက်လုံလို့ ပြောရင်လည်းရတယ်။ နိုင်ငံရေးသမားလို့ အမည်ခံထားတဲ့ လူတော်တော်များများထဲမှာ အင်မတန်နည်းပါးသောအရေအတွက်တစ်ခုသာ နိုင်ငံရေးကိုယ်ခံအား လုံလုံလောက်လောက်ရှိတာကို တွေ့ရပါတယ်။
နိုင်ငံရေးအရ ကိုယ်ခံအားကောင်းခြင်း မကောင်းခြင်းဆိုတာတွေကို တိုင်းတာတဲ့နေရာမှာ ဘယ်လောက်ထိ လုပ်ရပ်တွေဟာ အစဉ်တစိုက်ရှိသလဲဆိုတာက စကားပြောပါတယ်။

– နိုင်ငံရေးအရ အစဉ်တစိုက်ရှိခြင်း။
– နိုင်ငံရေးအရ တသတ်မတ်တည်း တည်ကြည်ခြင်း။
– နိုင်ငံရေးအရ ဇွဲနပဲ ပြင်းပြခြင်းနဲ့
– နိုင်ငံရေးအရ တစိုက်မတ်မတ် ရှိခြင်း။

အစဉ်တစိုက်ရှိခြင်း၊ တသတ်မတ်တည်းရှိခြင်း၊ ဇွဲနပဲပြင်းထန်ခြင်းနဲ့ တစိုက်မတ်မတ်ရှိခြင်းဆိုတဲ့ စကားလုံးတွေဟာ အနက်အဓိပ္ပာယ်အားဖြင့် ဆက်စပ်နေပါတယ်။

ရွေးကောက်ပွဲတွေ မတိုင်မီက ဟုန်းဟုန်းထခဲ့ပြီး၊ ရွေးကောက်ပွဲရလဒ်သေချာပြီးပါမှ ပျောက်သွားသူတွေ မြောက်မြားစွာရှိပါတယ်။ အာဏာနိုင်ငံရေးသမားဟာ ဒီလိုတွေချည်းပဲလားလို့ ပြောစရာရှိပါတယ်။ ရွေးကောက်ပွဲနိုင်ငံရေးအတွက်ပဲ ရှင်သန်တဲ့ နိုင်ငံရေးသမားတွေဟာ ဒီလိုပဲလားလို့ မေးစရာရှိပါတယ်။

နိုင်ငံရေးအရ အစဉ်တစိုက်ရှိခြင်းဆိုတာ ဘာလဲ။

အစဉ်တစိုက်ရှိခြင်းဆိုတာဟာ ပြတ်တောင်းပြတ်တောင်းကို ဆိုလိုတာ မဟုတ်ဘူး။ ကောက်ရိုးမီးကို ဆိုလိုတာ မဟုတ်ဘူး။ ရာသီချိန်မှ ထပေါ်တာကို ဆိုလိုတာ မဟုတ်ဘူး။ အစဉ်တစိုက်မတ်မတ်ရှိခြင်း ဖြစ်တယ်။ တသတ်မတ်တည်း ရှိတာ၊ တည်တည်ငြိမ်ငြိမ်နဲ့ အဆက်မပြတ်လုပ်ဆောင်နေတာ။ အတက်အကျ များပြားတာမဟုတ်ဘူး။ ဖြည်းဖြည်းနဲ့မှန်မှန်နဲ့ ပုံမှန်၊ မပြတ်အားထုတ်လုပ်ဆောင်နေတာကို ခေါ်တာ။

နိုင်ငံရေးစိတ်နေသဘောထား (political attitude) ကို နားလည်ဖို့အတွက် နိုင်ငံရေးသမားတွေရဲ့ behavior pattern တွေကို ဖတ်ရပါတယ်။ လေ့လာရပါတယ်။ နိုင်ငံရေးသမားတွေရဲ့ အပြုအမူတွေထဲမှာ နိုင်ငံရေး စိတ်နေသဘောထားကို ထင်ဟပ်နိုင်တဲ့ signal တွေ ပါပါတယ်။ ဒါတွေကို သတိထားကြည့်ရင် သိနိုင်ပါတယ်။

ရွေးကောက်ပွဲဟာ ရာသီပေါ်ဖြစ်ပါတယ်။ ရာသီချိန်မှာပဲ ပေါ်လာတဲ့ လူတွေ ရှိပါတယ်။ ပြီးရင်ပျောက်သွားပါတယ်။ သူတို့တွေက ဖားပြုတ်တွေနဲ့တူပါတယ်။ မိုးသံကြားရင် အော်ပါတယ်။ မိုးနံ့ရရင် အော်ပါတယ်။

– ရာသီပေါ် နိုင်ငံရေးသမားတွေနဲ့ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်လို့ မရပါဘူး။
– တစ်ပွဲထိုးနိုင်ငံရေးသမားတွေနဲ့ ပိုကောင်းတဲ့တိုင်းပြည်ကို တည်ဆောက်လို့ မရပါဘူး။
– ကောက်ရိုးမီးနိုင်ငံရေးသမားတွေနဲ့ ဒီမိုကရက်တစ်နိုင်ငံတော်ကို တည်ဆောက်လို့ မရပါဘူး။

တစိုက်မတ်မတ်ရှိခြင်းနဲ့ အစဉ်တစိုက် အားထုတ်ခြင်းရဲ့ နောက်ကွယ်မှာ နိုင်ငံရေးယုံကြည်ချက်ဆိုတာရှိတယ်။ နိုင်ငံရေး ခံယူချက်ဆိုတာ ရှိတယ်။ နိုင်ငံရေးကိုယ်ခံအားနဲ့ နိုင်ငံရေးသက်လုံကို ပြဌာန်းတဲ့နောက်ကွယ်ကအကြောင်းရင်းတွေ ဖြစ်ပါတယ်။

နိုင်ငံရေးကိုယ်ခံအားကို ပြဌာန်းတဲ့အရာတွေထဲမှာ အခြေခံအကျဆုံးအချက်ဟာ နိုင်ငံရေးယုံကြည်ချက်ဖြစ်တယ်။ နိုင်ငံရေး ခံယူချက် ဖြစ်တယ်။

နိုင်ငံရေးခံယူချက်

ကိုယ်ကျိုးစီးပွားပေါ် အခြေခံတဲ့ နိုင်ငံရေးခံယူချက်ဟာ ကိုယ်ကျိုးစီးပွား မရှိနိုင်တော့တဲ့အချိန်မှာ ယိုင်နဲ့ပါတယ်။ လူ့အဖွဲ့အစည်းကို အကျိုးပြုဖို့ ရွေးကောက်ပွဲနိုင်ငံရေးနည်း တစ်ခုတည်းနဲ့ပဲ အကျိုးပြုလို့ မရပါဘူး။ ဒါပေမဲ့ မြန်မာအများစုဟာ ဒီလိုပဲ တွေးပါတယ်။ ဒီနေ့ခေတ်မှာ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းကို အကျိုးပြုဖို့အတွက် နိုင်ငံရေးနည်းအားဖြင့် ကျေးဇူးပြု
ကြပါတယ်။ ဒီနေရာမှာ နိုင်ငံရေးကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်တွေးတော ခံယူကြဖို့ ဖြစ်ပါတယ်။ နိုင်ငံရေးအလုပ်ဟာ အာဏာနိုင်ငံရေးလမ်းကြောင်းပေါ်ကိုလျှောက်မှ အလုပ်လို့ ခေါ်တာမဟုတ်ဘူး။ ရွေးကောက်ပွဲနိုင်ငံရေးနည်းဟာ နိုင်ငံရေးအလုပ်တွေထဲက အလုပ်နည်းနာတစ်ခုသာဖြစ်ပြီး၊ ပိုကျယ်ပြန့်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ မြောက်မြားစွာ ရှိနေပါသေးတယ်။ ဒါပေမယ့် လူတော်တော်များများကတော့၊ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို ကိုင်ပြီးသုံးနိုင်တဲ့ ရွေးကောက်ပွဲနိုင်ငံရေးလမ်းကြောင်း တစ်ခုတည်းကိုသာ အပြည့်အဝ အာရုံကျနေတယ်။ ဒီ့ထက်ပိုပြီး ချဲ့တွေးနိုင်ဖို့ သူတို့ အတ္တနောမတ္တိနဲ့စိတ်အခံက ခွင့်မပြုဘူး။

နိုင်ငံရေးခံယူချက်ဆိုတာ စေတနာအပေါ်မှာလည်း မူတည်နေပါတယ်။ အများအကျိုးလုပ်ဆောင်ရာမှာ ဘယ်လောက် စစ်မှန်တဲ့စေတနာရှိသလဲဆိုတာကို ကြည့်ရမယ်။ စေတနာ မစစ်မှန်တဲ့အခါမှာ နိုင်ငံရေးခံယူချက်ဟာ ဝေ၀ါးပါတယ်။ ထွေပြားပါတယ်။ ကိုယ်ကျိုးစီးပွားရနိုင်တဲ့ အခင်းအကျင်းမှာပဲ ပျော်တတ်ကြတယ်။ ဒါဟာနိုင်ငံရေးအရ ကိုယ်ခံအား မကောင်းခြင်းကို ပြတယ်။

တကယ့်နိုင်ငံရေးမှာ၊ နိုင်ငံရေးအရ ကိုယ်ခံအားဟာ သိပ်အရေးကြီးတယ်။ အောက်သက်မကျေတဲ့ နိုင်ငံရေးသမားတွေဟာ ဟိုပြေးလိုက်ဒီပြေးလိုက်နဲ့ ပြေးကပ်နေကြတာ များတယ်။ နိုင်ငံရေးခံယူချက် မကောင်းတဲ့ နိုင်ငံရေးသမားတွေဟာ နေရာရနိုးနိုး မျှော်နေတတ်ကြတယ်။နိုင်ငံရေးသဘောထားမကြီးတဲ့ နိုင်ငံရေးသမားတွေဟာ ရွေးကောက်ပွဲအရှုံးအပေါ် နှလုံးသွင်းမကောင်းတတ်ဘူး။ ရမ်းတတ်တယ်။ ဒါဟာ မရင့်ကျက်တဲ့ အပြုအမူ ဖြစ်ပါတယ်။ နိုင်ငံရေး
သူငယ်နာမစင်ဘူးလို့ ပြောနိုင်တယ်။ နိုင်ငံရေးမရင့်ကျက်မှုလို့ ပြောနိုင်တယ်။

အသက်ကြီးပေမယ့် တည်တည်ငြိမ်ငြိမ် နိုင်ငံရေးမလုပ်တတ်တဲ့ နိုင်ငံရေးသူငယ်ပြန်အဖိုးကြီးတွေကို တွေ့နေရပါတယ်။ ဒီလိုအပြုအမူမျိုးရှိတဲ့ လူတွေက လူ့အဖွဲ့အစည်းကို ပြုပြင်အုံးမယ်တဲ့။ လူ့အဖွဲ့အစည်းကို တည်ဆောက်အုံးမယ်တဲ့။ ဘယ်လိုလုပ် ယုံရမလဲ။ လူထုရဲ့ ယုံကြည်မှုဟာ အရေးကြီးတယ်မလား။

တကယ့်နိုင်ငံရေးသမားဆိုတာ ရွေးကောက်ပွဲကာလမှာတင် လူထုနဲ့ယုံကြည်မှု တည်ဆောက်ရမှာ မဟုတ်ဘူး။ အချိန်တိုင်း အချိန်တိုင်း ကိုယ်ကိုယ်တိုင်နဲ့ လူထုအကြားမှာ ယုံကြည်မှုတည်ဆောက်နေရမှာ။ တစ်ပွဲထိုး ပြီးစလွယ်တွေးပြီး ရွေးကောက်ပွဲဝင်ကြတာ သိပ်ရွံ့စရာကောင်းတယ်။

ရွေးကောက်ပွဲ ဝင်ကြည့်မယ်။
နိုင်လည်း အမြတ်ပဲ။

ရှုံးလည်းအရင်းပဲဆိုတဲ့လူတွေ အမြောက်အမြားတွေ့နေရပြီး၊ ရရာပါတီတွေကို ဝင်တိုးနေကြတာတွေ အများကြီးတွေ့နေရတယ်။

ဒီလိုလူတွေ ရွေးကောက်ပွဲမတိုင်မီက ဘာလုပ်သလဲ သိနေပါတယ်။ ဒီလိုလူတွေ ရွေးကောက်ပွဲ အပြီးမှာ ဘာလုပ်နေသလဲ သိနေပါတယ်။

ရာသီချိန်မှ ပေါ်လာတတ်တဲ့ ဖားပြုတ်နိုင်ငံရေးသမားတွေ ပါးလျပါစေ…