ဗိုင်းရပ်စ်ညီလာခံ

0
55

ညီညီဇေယျ ရေးသည်။

ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်များ ညီလာခံကို ဂန္ဓာလရာဇ်ပြည်၊ ဝူဟန်မြို့တော်ကြီးမှာ ကျင်းပလျက်ရှိသည်။ ကမ္ဘာတဝန်း ပျံ့နှံ့အခြေကျလျက်ရှိသော ကိုရိုနာဗိုင်းရပ်စ်များ အသီးသီးထံမှ ကိုယ်စားလှယ်များ တက်ရောက်ကာ မိမိတို့ သိမ်းပိုက်ထားသော ကိုယ့်ဒေသဆိုင်ရာ အခြေအနေများအား အချက်အလက်၊ ကိန်းဂဏန်းများနှင့်တကွ တင်ပြလျက်ရှိကြသည်။  မနေ့ကဆိုလျှင် ကမ္ဘာ့အနောက်ခြမ်း စစ်ဆင်ရေး မဟာဗျူဟာဌာနကြီး လက်အောက်ရှိ အမေရိက၊ ဥရောပနယ်မြေဒေသမှူးများ၏ ကိုယ်စားလှယ်တော် ဗိုင်းရပ်စ်တစ်ကောင်မှ သူ့နယ်မြေအကြောင်း ရှင်းလင်းတင်ပြသွားသည်မှာ ကျန်ဗိုင်းရပ်စ်များအဖို့ အားကျစရာ ဖြစ်လေသည်။

(၁)

“ကျွန်ုပ်တို့၏ စွမ်းစွမ်းတမံရဲရဲဝံ့ဝံ့၊ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်သိမ်းပိုက်မှုတွေကြောင့် ခုဆိုရင် အမေရိကမြောက်ပိုင်းမှာ ကူးစက်သူငါးသန်းကျော်နဲ့ သေဆုံးသူ တစ်သိန်းရှစ်သောင်းကျော်ရှိသွားပြီဖြစ်ပါကြောင်း၊ အမေရိကတောင်ပိုင်း ဘရာဇေးလ်မှာဆိုရင်လည်း ကူးစက်သူသုံးသန်းခွဲကျော်နဲ့ သေဆုံးသူ တစ်သိန်းကျော်နေပြီ ဖြစ်ပါကြောင်း…”

စသဖြင့် လွန်စွာကောင်းမွန်သော အမေရိကန် လေယူလေသိမ်းဖြင့် ရှင်းလင်းတင်ပြသွားသော ဥရောပ အမေရိကနယ်မြေဆိုင်ရာ ကိုယ်စားလှယ်ဗိုင်းရပ်စ်မှာ ထိုနေ့က စူပါဟီးရိုး ဖြစ်သွားလေသည်။ အဘယ့်ကြောင့်ဟူမူ တစ်ကမ္ဘာလုံး စာရင်းဇယားများအရ အမေရိကက အများဆုံးနှင့် ထိပ်ဆုံးကမဟုတ်လား။ ညာဘက်လက်ကလေး နှုတ်ခမ်းနှင့်ကပ်လျက် ပရိတ်သတ်ကြီးဘက်လှည့်ကာ စင်ပေါ်ကဆင်းသွားရင်း ဆီးယူအက်သတော့ပ် ဟူ၍ပင် နှုတ်ဆက်သွားလေသည်။ ကိုရိုနာဗိုင်းရပ်စ်အပေါင်းက သောင်းသောင်းဖြဖြ အားကျကြလျက်။

(၂)

ထိုစဉ် ခန်းမကြီး၏ ထောင့်တစ်နေရာတွင်တော့ စိတ်ပျက်လက်ပျက်ဖြင့် ညှိုးငယ်ဝမ်းနည်းစွာကုပ်ကုပ်လေး ရှိနေရှာသော ကိုရိုနာဗိုင်းရပ်စ်တစ်ကောင်ကို ကျန်တစ်ကောင်က အားပေးနှစ်သိမ့်လျက် ရှိနေသည်။

”စိတ်မပျက်ပါနဲ့ကွာ…စစ်ဆင်ရေးဆိုတာ ဒီလိုပါပဲ။ နယ်မြေတစ်ခုနဲ့တစ်ခု ဘယ်တူနိုင်ပါ့မလဲကွ”

“မင်းမသိပါဘူးကွာ… ငါ့နယ်မြေက ငါတို့ဗိုင်းရပ်စ်တွေကို ဂရုမစိုက်ဘူးကွ။ ရှိတယ်လို့ကိုမထင်ကြဘူး”

”ဟာ…အဲဒါ အခွင့်အရေးပဲကွ။ ဒါပွိုင့်အော့သဗျူးပဲ။ ဒါအန်းနမီးဝိကနက်က်စ်ပဲကွ။ ဒီလိုအခြေအနေမှာ ရအောင်ကူးစက်သိမ်းပိုက်”

“ရှပ်သအပ်၊ တော်စမ်းပါကွာ…မင်းဟာအာရှဒေသမှာ တာဝန်ကျတာခြင်းအတူတူ အိန္ဒိယနေလာပြီး ဘိုလိုတွေ စွတ်မပြောစမ်းနဲ့”

”မင်းက ဘယ်ဒေသ တာဝန်ကျတာမို့တုန်း”

“အရှေ့တောင်အာရှဒေသကြီး၊ မြန်မာနိုင်ငံပဲကွ”

“ဟာ အဲဒီဒေသမှာတို့ဗိုင်းရပ်စ်တွေ အကျအဆုံးများတယ်ဆိုပဲ။ မင်းအတွေ့အကြုံ စွန့်စားခန်းလေး လုပ်ပါဦး”

“အေး..ငါ့တာဝန်က အဲဒီနိုင်ငံအလယ်ပိုင်းက မုံရွာဆိုတဲ့မြို့ကို သွားရောက်ကူးစက် သိမ်းပိုက်ဖို့ပဲ၊ ဟိုနိုင်ငံကြီး မြို့ကြီးတွေတောင် ငါတို့နိုင်နေတာ ဒီလိုနိုင်ငံက ဒီလိုမြို့လေးတော့ အေးအေးဆေးဆေးပဲလို့ ထင်မိခဲ့တာကိုးကွာ…ဒီလိုကွ”

(၃)

မြန်မာနိုင်ငံအလယ်ပိုင်းက မုံရွာမြို့ကို ရောက်တော့ တော်တော်များများက နှာခေါင်းစည်းတပ်မထားကြ၊ စားသောက်ဆိုင်၊ ကွမ်းယာဆိုင်များတွင်လည်း အစုလိုက်အပြုံလိုက် သွားလာတိုးဝှေ့နေကြသည်။ မီးပွိုင့်မှာ ရပ်နေကြလျှင်လည်း  ပူးပူးကပ်ကပ်၊ ဈေးများကလည်း စည်ကားလှသည်။ ဘယ်နေရာမှလည်း လက်မဆေးကြတော့။

“အိုး နှိပ်သဟ၊ အခြေအနေကတော့ အသာလေး ကူးစက်လိုက်ရုံပဲ”

သို့ဖြင့် စားသောက်ဆိုင်တစ်ဆိုင်က နှာခေါင်းစည်းတပ်မထားကြသော ဝိုင်းတစ်ဝိုင်းအနား ရောက်သွားသည်။ တစ်ယောက်ကို အသာလေးဝင်ရောက်ကူးစက်လိုက်ရုံပဲ မဟုတ်လား။

”ဒုန်း ဒါလူကြီးတွေ မန်းနေ့ချ်မန့် ညံ့တာကွ၊ ဘယ့်နှယ် မြစ်ရေဒီလောက် တရိပ်ရိပ်တက်နေတာ မသိကြဘူးလားကွ။ အရင်ရက်ကတည်းက ကြိုတင်ကြေညာပါလားကွ၊ ခုတော့ စက်လှေ၊ ကူးတို့တွေ ရုတ်တရက် ရပ်လိုက်တော့ ဒီဘက်ကမ်း အလုပ်လုပ်နေရတဲ့တို့က ဘယ်လိုပြန်ရမှာလည်းကွ၊ ဒုန်း…လက်ပစ်ကူးရမှာလားကွဟေ”စားသောက်ဆိုင်စားပွဲကိုထုလျက် ဒေါသတကြီးပြောဆိုငြင်းခုံနေကြသဖြင့် သူအသာလေး နောက်ပြန်ဆုတ်ခဲ့ရသည်။ နောက်တစ်နေရာ…

နှာခေါင်းစည်းတပ်မထားကြ၊ ပူးကပ်ရပ်ကြည့်နေကြသည်။ အိုကေ အသာလေး ဝင်ရောက်ကူးစက်လိုက်မည်။”

ဒါ သက်သက်မဲ့လုပ်တာ၊ ညစ်တာ၊ ဘယ့်နှယ်တော် ဒီလိုအချိန်ကာလကြီးမှ အင်းထဲ ရေသွင်းရသတဲ့၊ ကျုပ်တို့လိုလူတွေ နေနေတာ မသိကြဘူးလားဟင်၊ လူတွေတော့…လူတွေ၊ ကြွက်တွင်းထဲရေသွင်းသလို မောင်းထုတ်ရမယ့် ကြွက်တွေမဟုတ်ဘူး။ လူ့အခွင့်အရေး ဆုံးရှုံးရပါပြီတော့၊ အမေကယ်ပါ၊ အဘကယ်ပါ၊ ကုလသမ္မဂ အထွေထွေအတွင်းရေးမှူးချုပ်ကယ်ပါ၊ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ကယ်ပါ”

ရေတဝေါဝေါ စီးဝင်လျက်ရှိသော အင်းကန်ဘောင်ပေါ်ခြေထောက်ဆောင့်ကာ ဒေါနှင့်မောနှင့် ပြောဆိုနေသဖြင့် မဝင်သာဘဲ အသာလေးထွက်လာခဲ့ရပြန်သည်။ နောက်တစ်နေရာ…

ဟော လမ်းဘေးသစ်ပင်ကြီးကို ဝိုင်းကြည့်ကြလျက် လူစုလူဝေး လုပ်နေကြသည်။ နှာခေါင်းစည်းမပါကြ။ အိုကေပြီလေ။

”ဘယ်ခုတ်လို့ ဖြစ်မှာလဲဗျ၊ ဒီလိုသစ်ပင်ကြီးတစ်ပင်ဖြစ်လာဖို့ဆိုတာ နှစ်ပေါင်းများစွာစောင့်ခဲ့ရတာ”

“အိုဗျာ မြို့ပြဖွံ့ဖြိုးတိုးတက်ဖို့ တချို့ကိစ္စတွေနှမြောနေလို့ မရဘူး၊ သစ်ပင်ပြန်စိုက်မှာပေါ့ဗျ၊ လမ်းကျယ်သွားပြီး လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်တိုးတက်လာဖို့ အရေးကြီးတယ်”

“အို မခုတ်ရဘူးဗျာ”

“အို ခုတ်သင့်တယ်ဗျ။ ခုတ်ပစ်ရမယ်”

“ဟာ သစ်ပင်ထိရဲထိကြည့်ဗျာ”

“ထိတယ်ဗျာ”

“ချတယ်ဗျ”

ဖုန်း…ဘုတ် … အင့်…ခွပ်

”ဟာ…ချကုန်ကြပြီ၊ ဟဟမလုပ်ကြပါနဲ့”

ကိုရိုနာဗိုင်းရပ်စ်လည်း စိတ်ပျက်စွာ လှည့်ထွက် လာခဲ့ရရှာသည်။

ဟောတွေ့ပြီ၊ လူတစ်စု မြစ်ကမ်းပေါ်မှာ ခါးတွေထောက်လို့၊ မြစ်ပြင်ရေပြင်ကြီးကို ကြည့်လျက် လက်ညှိုးတွေတထိုးထိုးနှင့် လုပ်နေကြသည်။ ရေတွေက ဖွေးဖွေးလှုပ်လျက်။

အိုကေ၊ ဒီတခါတော့ အပိုင်ကူးစက်လိုက်တော့မည်။ မျက်မှန်နှင့် ခပ်ဝ၀လူတစ်ဦးက လက်တွေရမ်းပြီး စကားပြောနေလို့၊ လက်ပေါ်ကူးလိုက်သည်။ အိုကေပြီ။ သို့သော် မိနစ်ပိုင်းအတွင်း ထိုလူစုကဟိုတယ်တစ်ခု ရောက်သွားကြကာ ရေကူးကန်တွင် ရေဆင်းကူးကြလေရာ ကိုရိုနာဗိုင်းရပ်စ်မှာ ၎င်းတို့ဆပ်ပြာမတိုက်ခင် ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရရှာလေတော့သည်။

(၄)

“အို မင့်နယ်မြေက မလွယ်ပါလားကွာ”

“အေး အဲဒါကြောင့် မအောင်မြင်တဲ့ ကူးစက်မှုတွေနဲ့ ကိန်းဂဏန်းနည်းနည်းလေးတွေ တင်ပြရမှာရှက်လို့ ငါညီလာခံကနေ လစ်တော့မယ်ကွာ”

ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်များ ညီလာခံကြီး ကျင်းပလျက်ရှိသည်။

”ယခု တင်ပြအစီရင်ခံဖို့ အလှည့်ကျတာကတော့ အရှေ့တောင်အာရှဒေသကြီး၊ မြန်မာနိုင်ငံအလယ်ပိုင်းကိုယ်စားပြု ကိုရိုနာဗိုင်းရပ်စ်ကိုယ်စားလှယ်တော်ကြီး ဖြစ်ပါတယ်။ ကိုယ်စားလှယ်တော်ကြီးခင်ဗျား စင်ပေါ်ကို ကြွရောက်ဖို့ ဖိတ်ခေါ်အပ်ပါတယ်”

သို့သော် ထိုနေ့ကရောက်မလာခဲ့ပါ။ ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်များ ညီလာခံသို့ ကိန်းဂဏန်းအချက်အလက်များ တင်ပြရန်ရှိသော အရှေ့တောင်အာရှဒေသဆိုင်ရာ မြန်မာနိုင်ငံအလယ်ပိုင်း ကိုယ်စားလှယ်တော်ကြီး ရောက်မလာခဲ့ပါပေ။ ခင်ဗျားတို့အနီးတဝိုက်တွေ့ကြရင်လည်း အကြောင်းကြားလိုက်ကြပါလေ။

သတ်ဘေသတ်တာကန်သာယာ။

LEAVE A REPLY

Please enter your comment!
Please enter your name here